Main menu
HOT NEWS
adv
အောက်သက်ကျေ ငယ်ဘဝ

အောက်သက်ကျေ ငယ်ဘဝ

-----------------------------------------------------------

အောင်စိုးထွန်း (တက္ကသိုလ်ရိပ်သာ)

-----------------------------------------------------------

WE MAKE   ကျွန်ုပ်တို့ လုပ်သည်။
CREATE     ကျွန်ုပ်တို့ ဖန်တီးသည်။
INNOVATE ကျွန်ုပ်တို့ ဆန်းသစ် တီထွင်သည်။

ဟူသောကြွေးကြော်သံဖြင့် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများဖြင့်လည်းပူးပေါင်းကာ ယနေ့အစိုးရမူဝါဒများနှင့်အညီ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီကြီးတစ်ခု၏ဥက္ကဋ္ဌ ကျွန်ုပ်ဦးလူ လေးသည် အကြီးအကဲတစ်ဦး၏လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ၊ စီမံခန့်ခွဲမှုအတတ်ပညာများနှင့် ခေတ်မီနည်းပညာများကိုကျင့်သုံး၍ အုပ်ချုပ်လုပ်ကိုင်လျက်ရှိသည်။


နေ့စဉ် နံနက် ၈ နာရီခွဲ ကိုယ့်အလုပ်စားပွဲရှိရာ ကိုယ်ပိုင်ခန့်ညားထည်ဝါစွာတည်ဆောက်ထားသော ငါးထပ်တာဝါကြီးရုံးခန်းသို့ လည်ကတုံးအင်္ကျီ၊ တိုက်ပုံ၊ ပုဆိုးကိုကျကျနနဝတ်လျက် တိုယိုတာကားသစ်ကြီး၏နောက်ခန်း၌ထိုင်စီးကာ ခေတ်နှင့်အညီတည်ဆောက်ထားသော နေအိမ်တိုက်သစ်ကြီးမှရောက်ရှိလာပြီး ဝန်ထမ်းများအားလုံးအချိန်မီရောက်ရှိခြင်းရှိ၊ မရှိ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများ၊ ငွေကြေးရရန်၊ ပေးရန်၊ ချက်လက်မှတ်၊ ငွေသားစသည်တို့ကို စီစဉ်ဆောင်ရွက်ပေးခြင်းမှစ၍ ကွန်တိန်နာများဝင်၊ ထွက်မှုအခြေအနေ၊ နှစ်ချုပ်စာရင်း များရေးဆွဲမှုများကို သက်ဆိုင်ရာအုပ်ချုပ်မှုဒါရိုက်တာ၊ ဒါရိုက်တာများ၊ ဂျင်နရယ်မန်နေဂျာ၊ စာရင်းကိုင်ချုပ်၊ စာရင်းကိုင်များနှင့် စီစဉ်မေးမြန်းခြင်း အကြံပေးညွှန်ကြား ခြင်းများကို ရုံးဖွင့်သည့်တနင်္လာနေ့မှ သောကြာနေ့ ညနေ ၅ နာရီရုံးပိတ်ချိန်ထိ နိစ္စဓူဝဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည်။ တစ်ရက် ဦးလူလေးသည် အိပ်၍မပျော်သောည တစ်ည၌ မည်သို့မျှမျှော်လင့်ထားခြင်းမရှိဘဲ ငယ်ဘဝကို ပြန်လည်မြင်ယောင်ခဲ့သည်။


စပါးကို တောင်သူလယ်သမားများက စိုက်ပျိုး၍ရရှိသည်။ အများပြည်သူများလိုရာအသုံးပြုနိုင်ရန်အတွက် စပါးကို ဆန်အဖြစ်ပြုပြင်ပြောင်းလဲရန်မှာ မြို့ပေါ်နေလူတန်းစားများအနေဖြင့် မည်သို့ဆန်ဖြစ်လာသည်ကိုသိရှိရန်မလိုသော်လည်း ကျေးတောရွာများတွင်မူ လက်ထောင်းဆုံ၊ မောင်းထောင်းဆုံနှင့် ကြိတ်ဆုံဟူ၍သုံးမျိုးတွင် တစ်ခုခု ဖြင့်ဆောင်ရွက်မှသာ ဆန်ကိုရရှိသည်။ သစ်သားကို စပါးထည့်ထောင်းရန်ထွင်းထုထားသောအပေါက်သို့ စပါးကိုထည့်ကာ လက်ထောင်းကျည်ပွေ့ဖြင့်လည်း ကောင်း၊ ခြေနင်းမောင်းတက်ဖြင့်လည်းကောင်းထောင်း၍ ဆန်ကိုရရှိသည်။ ကြိတ်ဆုံကား ဝါးဖြင့်ပုံစံပြု၍ ရွှံ့စေးကောင်းကောင်း ဖြင့်ပြုလုပ်ရပြီး အပေါ်ပိုင်း၊ အောက်ပိုင်းခွဲခြားထားကာ အမြင့်သုံးပေခန့်၊ အကျယ်မှာ တစ်ပေခွဲခန့်ရှိသည်။ စပါးများကို မည်သည့်ဆုံဖြင့်ကြိတ်သည်ဖြစ်စေ စပါးခွံ၊ စပါးလုံးများခွဲခြားရန် ဆန်ကော၊ ဆန်ခါသည် မရှိမဖြစ်လိုအပ်ပါသည်။ ဆန်ကော၊ ဆန်ခါများဖြင့်ချပြီးသော် ဆန်၊ ဖွဲ၊ စပါးလုံးများအဖြစ်ခွဲခြား၍ရရှိပါတော့သည်။ ဆန်ရရှိသောအခါ ထမင်း၊ ဆန်ပြုတ်၊ မုန့်အမျိုးမျိုးကို အလိုရှိရာသုံးစွဲနိုင်ပါသည်။ စပါးလုံးများအား ပြန်လည် ကြိတ်ခွဲ၍ စပါးခွံများကိုလည်း လိုရာအသုံးပြုနိုင်ပါသည်။


စပါးတစ်တင်းကြိတ်လျှင် ဆန်ခြောက်ပြည်ခန့်ရရှိသည်။ စပါးကြိတ်ခအဖြစ် စပါးပိုင်ရှင်မှ ယခင်ငွေတစ် မူး(ရှစ်ပြား)ကို လက်ခအဖြစ်ပေးရသည်။ ရွာရှိ ရွာသားများ၏ စပါးကြိတ်ခရရှိသောငွေများဖြင့် ဘဝအသက်ရှင် ရပ်တည်နေသော ဦးရွှေသာ၊ ဒေါ်မမွှေး၏ တူ/သား မောင်လူလေးတို့မိသားစုသည် တစ်ချိန်က မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် ကောကဒွတ်ကျေးရွာတွင် ရှိခဲ့သည်။ မောင်လူလေး ရှစ်နှစ်၊ ကိုးနှစ်အရွယ်မှစ၍ ဘကြီး၊ ကြီးကြီးတို့၏အထက်ပါလုပ်ငန်းတွင် ဝင်ရောက် ကူညီလုပ်ဆောင်ပေးရသည်။ မောင်လူလေး၌ဖြေရှင်းမရသောပြဿနာတစ်ခုရှိ နေသည်။ သူနှင့်အတူဆော့ကစားကြသော သူငယ်ချင်းများ၌ အမေဟုခေါ်သော အမေများရှိနေကြသည်။ မောင်လူလေးအနေဖြင့် အမေဟူ၍ တစ်ကြိမ်တစ်ခါမျှ မခေါ်ဘူးပေ။ အဖေဟူ၍တော့ရှိသည်။ စကားလည်း ပြောရသည်။ ဆက်လည်းဆက်ဆံရသည်။ တစ်နေ့သော အခါ တစ်အိမ်ကျော်နေ ဒေါ်ခွေးမမှပြောကြားချက်အရ မောင်လူလေးအတွက် အလွန်အရေးကြီးသောအထက် ပါပြဿနာကို ဖြေရှင်းသကဲ့သို့ဖြစ်သွားသည်။


မောင်လူလေးအဖေသည် ကောကဒွတ်ကျေးရွာ တိုက်နယ်သူကြီး(သေနတ်ကိုင်ခွင့်ရ) ဦးထွန်းစိန်၊ အမေ ဒေါ်မပုလေး သား/သမီးခုနစ်ယောက်အနက် မောင်လူလေးသည် အငယ်ဆုံးဖြစ်၏။ ရွာသူကြီးဖြစ်သည့်အလျောက် ခြံဝင်းကျယ်၊ အိမ်ကြီးအိမ်ကောင်းဖြင့်နေ ကြသည်။ မိခင်ဒေါ်မပုလေးမှာ မောင်လူလေးအားမွေးဖွားပြီး အခါလည်သားအရွယ်တွင် အမေသည် ပလိပ် ရောဂါဖြင့်ဆုံးပါးသွားတော့သည်။ ထို့ကြောင့် မောင်လူ လေးအား လက်လုပ်လက်စားဆင်းရဲနွမ်းပါးသော ဒေါ်မပုလေးအစ်မဖြစ်သူ ဒေါ်မမွှေးမှ မွေးစားထားခြင်း ဖြစ်သည်။ မောင်လူလေးသည် ဝါးသဲပွတ်ခင်း၊ ဝါးထရံကာ၊ တောင်ထန်းမိုး(မွန်ပြည်နယ်တွင် တောင်ထန်းမိုး ကြသည်)အိမ်၌ ကြီးကြီး၊ ဘကြီးတို့နှင့်အတူနေရခြင်း ဖြစ်သည်။ ဤလူ့ဘောင်၊ လူ့ဘဝကား တရားသဘောအရ အမြဲတမ်းပြောင်းလဲလျက်ရှိသည်။ မောင်လူလေးဘကြီး ဦးရွှေသာသည် ရောဂါတစ်ခုဝင်ကာ ရုတ်တရက်ဘဝ တစ်ပါးသို့ပြောင်းလဲသွားသည်။ ဤမိသားစု၌ကျန်ရှိသော ကြီးကြီးနှင့် မောင်လူလေးသည် မိမိတို့ဘဝရှင်သန်ရေးအတွက် ပို၍ရုန်းကန်လှုပ်ရှားရတော့သည်။ ဆန်ကြိတ် ခြင်းလုပ်ငန်းကို ဆက်လက်လက်ကိုင်လျက်ရှိသော်လည်း စားဝတ်နေရေးက သိပ်အဆင်မပြေလှ။ ထို့ကြောင့်ပင် ဆွေမျိုး၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများထံမှ ပံ့ပိုးမှုကို ရယူ၍ ဘဝကိုရပ်တည်ခဲ့ရသည်။


အကုသိုလ်ကံတရားသည် ကံနိမ့်သူများထံစဉ် ဆက်မပြတ်အကျိုးပေးတတ်ပါ၏။ ဘကြီးဆုံးပါးသွားပြီး နောက် မကြာမီမှာပင် တောအရပ်ဒေသ၌ ဆေးရုံမရှိ၊ ဆရာဝန်မရှိ၊ ငွေမရှိ ရေတိမ်ရောဂါစွဲကပ်နေသော ကြီး ကြီး၏မျက်လုံးတစ်ဖက်သည် ''ဖောင်း''ဟုအသံမြည်ခါ မျက်လုံးတစ်ဖက်ပေါက်ထွက်သွား၍ မျက်ရည်များကျကာ မျက်စိတစ်ဖက်ဟောက်ပက်ဖြင့် မျက်မမြင်ဘဝသို့ရောက်သွားပါသည်။ ကျန်မျက်စိတစ်ဖက်မှာလည်း ကောင်းစွာ မမြင်ရတော့ပါ။ မောင်လူလေးခင်မျာ ကလေးဘဝသာရှိသေး၍ မည်သည့်ရောဂါကြောင့် ဤကဲ့သို့ဖြစ်ရသည် ကိုမသိရှာပါ။ သားအမိနှစ်ယောက် ရှေ့ဆက်မည်သို့လျှောက် လှမ်းကြမည်ကိုမသိ၊ မကြာမီမှာပင် ကြီးကြီးမျက်လုံးတစ်ဖက်ပါ လုံးဝကွယ်သွားပါတော့သည်။ ထင်းကို အစကလေးတွေလုပ်ထား၊ ရော်ဘာစကို ကတ်ကြေးနဲ့ အတုံးကလေးတွေလုပ်၊ မီးခြစ်ခြစ်၊ မီးခွက်မှာထွန်း၊ ဆန်ကိုရေနှစ်ထပ် သုံးထပ်ဆေး၊ နို့ဆီဘူးတစ် ဘူးခန့်ထည့်ထားသော ဆန်ပေါ်သို့ရေလက်နှစ်လုံးခန့် ထည့်ထား၊ မီးမွှေးထားသောမီးဖိုပေါ်သို့ ထမင်းအိုးကို တင်၊ ရေဆူလာတဲ့အခါ အိုးအဖုံးကိုဖွင့်၊ ဆန်ကိုယောက် မနှင့်မွှေပေး၊ ထမင်းရည်အနည်းငယ်ပျစ်လာသောအခါ ထမင်းကိုယောက်မဖြင့်ကော်၍ ကြီးကြီး၏လက်ထဲသို့ ထည့်ပေးရသည်။ ကြီးကြီးမှလက်ဖြင့်ကိုင်ကြည့်ပြီးသောအခါ ထမင်းရည်ငှဲ့ရန်ပြောပါတော့သည်။ မောင်လူလေးသည် ကြီးကြီးပြောသည့်အတိုင်း တစ်သွေဝေမတိမ်းလိုက်နာ၍ ထမင်းအိုး၌ ဇလုံတစ်ခုခံ၍ငှဲ့ပါတော့သည်။(ဟိုခေတ်က မြေထမင်းအိုးပါ)


မောင်လူလေးသည် အသက်(၁၅)နှစ်ခန့်ရောက်ရှိလာပါပြီ။ မွန်ပြည်နယ်တစ်ခုလုံး သူပုန်များအုပ်ချုပ်ခဲ့၍ မောင်လူလေး ပထမတန်းအောင်ပြီးချိန်တွင် စာသင် ကျောင်းမရှိတော့၊ ကျောင်းဆက်လက်သင်ကြားနိုင်ခြင်းလည်းမရှိတော့ပါ။ မောင်လူလေးမှာ အလုပ်လက်မဲ့လူ လွတ်တစ်ယောက်ဖြစ်နေသည်။ တစ်နေ့သော် အစ်ကို(တစ်ဝမ်းကွဲ)ကိုစံခင်နှင့် ယောက်ဖ(တစ်ဝမ်းကွဲ)ကိုအုန်းမောင်တို့မှာရွာနှင့် အတော် အတန်ဝေးသောဒေသ၌ လယ်ယာလုပ်ငန်းဝင်ရန်ပြင် ဆင်နေကြသည်ကို မောင်လူလေးတွေ့ရှိသည်။ မောင် လူလေးစဉ်းစားသည်မှာ အရွယ်ရောက်ရှိပြီးဖြစ်သော ယောက်ျားလေးတစ်ယောက်အနေဖြင့် အလုပ်အကိုင်တစ်ခုကိုလုပ်ရမည်။ မောင်လူလေးအနေဖြင့် ယခုအချိန် အလုပ်အကိုင်ဟူ၍ မည်မည်ရရမရှိ။ ကိုယ့်ရွာ၌ လယ်ငှားလုပ်ရန်မှာလည်း အဖေကရှိသေးသည့်အတွက် ခွင့် ပြုမည်မဟုတ်ပါ။ မောင်လူလေးသည် အလေးအနက်စဉ်းစားပြီး အစ်ကိုဝမ်းကွဲသွားရောက်လုပ်ကိုင်မည့် အဝေးဒေသရှိ လယ်ယာလုပ်ငန်းသို့အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်ရန်ဆုံးဖြတ်ချက်ချပြီး ၎င်းတိုနှင့် အတူလိုက်ပါသွားတော့သည်။ ထိုသို့မထွက်ခွာမီ အိမ်နီးနားချင်းဆွေမျိုး၊ အစ်မသုံးယောက်အားတွေ့ဆုံ၍ ကြီးကြီးအား အချိန်မှန်ထမင်းကျွေးရန် အချိန်မှန်ရေချိုး၊ အဝတ်အစားများလှဲလှယ်ပေးရန် ကတိများတောင်းခဲ့၍ ရွာမှထွက်ခဲ့သည်။


နံနက် ၄ နာရီခန့် အစ်ကိုဝမ်းကွဲနှင့်အတူ ခြေကျင် ခရီးဖြင့်နှင်ခဲ့ရာ နံနက် ၁၁ နာရီခန့် လယ်တဲသို့ရောက်ရှိ ခဲ့ကြသည်။ တောင်ထန်းအဟောင်းမိုး၊ ထရံကာဝါးခင်း ပေါ်တွင် သုံးဦးသားအနည်းငယ်အနားယူပြီးနောက် ထမင်းစားရန်ပြင်ဆင်ကြသည်။ သံပန်းကန်များထဲတွင် လယ်သမားထမင်း၊ ဆားတစ်ပန်းကန်၊ ငရုတ်သီးခြောက် တစ်ပန်းကန်ကိုတွေ့ရသည်။ မောင်လူလေးသည် နောက်လာမည့်ဟင်းခွက်ကိုမျှော်ငေးစဉ်ပင် အစ်ကိုဖြစ်သူမှ ဟဲ့ မောင်လူလေးစားလေ၊ ဘာငေးနေတာလဲဟုပြောရာ မောင်လူလေးအနေဖြင့် နောက်ထပ်မည်သည့်စားစရာ မှလာတော့မည်မဟုတ်ကြောင်းသိရှိလိုက်၍ သြော် လယ် သမားဟူသည် ဤသို့ပါတကားဟုမှတ်ယူလိုက်ပြီး ဆား၊ ငရုတ်သီးခြောက်၊ မြေပန်းကန်တွင်းရှိထမင်းများကို လှိုက်လှိုက်လှဲလှဲစားလိုက်ပါတော့သည်။ မောင်လူလေးကို ကြည့်၍ ယောက်ဖလုပ်သူမှ စားသောက်စရာပစ္စည်းများ ဘယ်မှာရှာရမည်၊ ဘယ်မှာဝယ်ရမည်ကိုမသိသေး၍ ရှိသမျှဖြင့် စားသောက်ရခြင်းဖြစ်ကြောင်း ဖြေသိမ့် စကားပြောကြားကာ တစ်ရက်တာအတွက် အဆုံးသတ် လိုက်ပါတော့သည်။

 

အအိပ်၊ အနေ၊ အစား၊ အလုပ်ကျင့် သားရလာသော မောင်လူလေးသည် ထုံးစံအတိုင်း နံနက်စောစော အိပ်ရာမှထ၊ ထိုးလက်စလယ်ကွက်သို့ ကျွဲမကြီးကိုဆွဲကာ သွားရောက်ခဲ့ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ခဲ့သည်။ မောင်လူလေးသည် ဤကဲ့သို့လုပ် ဆောင်နေခြင်းကို ကျေနပ်နှစ်သိမ့်သကဲ့သို့ ခံစားမိနေသည်။ ထယ် ကြောင်း ၁ဝ ကြောင်း ခန့်ထိုးပြီး၍ နံနက် ၁ဝနာရီအချိန်ခန့်တွင် အဝေးမှ မောင်လူလေးနာမည်ခေါ်သံ တစ်သံကို ဝိုးတဝါးကြားရသည်။ အနီးအနားသို့ရောက်ရှိလေ အသံကျယ် လောင်စွာအော်ခေါ်၍လာနေသည်။ သြော် ဒေါ်မရှင်ပေကိုး။ ဒေါ်မရှင်သည် အနီးသို့ ရောက်ရှိလာသောအခါ မောင်လူလေး၏လက်ကိုအတင်းဆွဲ၍ အခုနင် ငါနဲ့တစ်ပါတည်းလိုက်ခဲ့။ နင်မပါဘဲပြန်လာရင် နင့် အဖေသတ်ပြစ်မည်ဟု တုန်တုန် ယင်ယင်ဖြင့် အတင်းဆွဲခေါ်နေပါ တော့သည်။ မောင်လူလေးသည် ထယ်ထိုးခြင်းကိုရပ်ထားရင်း ကျွန် တော်ချက်ချင်းလိုက်၍ မရကြောင်း အစ်ကိုနှင့် ယောက်ဖသဘောတူမှသာ ပြန်လိုက်နိုင်မည်ဖြစ်ကြောင်းပြောရာ အစ်ကိုနှင့် ယောက်ဖတို့မှလည်း ဘကြီးကို ငါတို့ကြောက်ရ ကြောင်း၊ အမြန်လိုက်သွားရန်ပြော၍ အင်္ကျီနှစ်ထည်၊ လုံချည်နှစ်ထည်၊ စောင်တစ်ထည်အထုပ်ကိုထမ်းလျက် ဒေါ်မရှင်နှင့်အိမ်ရှိရာ ရွာသို့ပြန်ခဲ့ရပါလေတော့သည်။

 

နေအိမ်သို့ပြန် ရောက်သောအခါ အသက်အရွယ်ကြီးရင့်ပြီဖြစ်သော ရွာသူကြီးဟောင်း အဖေက အဘယ်ကြောင့် ဝေးလံ သောဒေသ၌ လယ်သမားသွားလုပ် ပါသနည်းဟုမေး၍ မောင်လူလေး မှ အရွယ်ရောက်ပြီးဖြစ်သောယောက်ျားလေးတစ်ယောက်အနေဖြင့် သွားရောက်လုပ်ကိုင်ခြင်းဖြစ်ကြောင်း ပြောပြသောအခါ ငါ့သား အလုပ်လုပ်လိုပါက ရန်ကုန်မြို့သို့သွားရောက် ၍ အလုပ်သွားရှာလုပ်ကိုင်မည်ဖြစ် ကြောင်းပြောကြားပြီး သားအဖနှစ် ယောက် ရန်ကုန်မြို့သို့ မီးရထားဖြင့် သွားရန်ပြင်ဆင်ပါတော့သည်။ နောက် တစ်နေ့ မော်လမြိုင်-ရန်ကုန်မီးရထား ဖြင့်ထွက်ခွာခဲ့ရာ ညနေ ၆နာရီခန့် အဖေ့ညီမဖြစ်သူ၏သား ငွေစာရင်းအရာရှိအစိုးရအိမ်သို့ရောက်ရှိကြသည်။ ညပိုင်းအေး အေးဆေးဆေးစ ကားစမြည်ပြောကြ၍ တူဖြစ်သူအရာရှိမှ ရန်ကုန်လာရောက်ရခြင်းအ ကြောင်းကိုမေးမြန်းရာ အဖေမှ မောင်လူလေးအတွက် အလုပ်တစ်ခုရှာ ပေးရန်ပြောသောအခါ တူဖြစ်သူမှ ဘကြီးသား ဘယ်နှတန်းအောင်ပါ သလဲ၊ ကျောင်းထွက်လက်မှတ်ရောပါရဲ့လားဟုမေးပါသည်။ မောင်လူ လေးမှာ မူလတန်း တစ်တန်းသာ အောင်မြင်ခဲ့ကြောင်းသိရှိရသောအခါ တူဖြစ်သူ အရာရှိမှာ အလွန်စိတ်ပျက်စွာဖြင့် ဘကြီး၊ ဘကြီးသားက ဒီမှာ မင်းစေအလုပ်ပဲရနိုင်ပါသည်။ ကျွန်တော်အရာရှိဖြစ်ပြီး ညီ ဖြစ်သူက မင်းစေလုပ်ပါကမည်သို့မျှ အဆင်မပြေနိုင်ကြောင်း တူဖြစ်သူမှ ဝမ်းနည်းစွာရှင်းပြပါသည်။ နောက် နေ့ မောင်လူလေးတို့သားအဖလည်း ရန်ကုန်မြို့မှ ရွာသို့တပ်ခေါက်ပြန် လာကြပါတော့သည်။


မောင်လူလေးသည် အလွန်ပါးနပ်၍ အတွေးအခေါ်ရှိသူဖြစ်သည့်အလျောက် ရွာသို့ပြန်ရောက်သောအခါ အဖေပေး၍အမွေအဖြစ် ရထား သော နွားကလေးကို အမေ၏အစ်မတစ်ဦးဖြစ်သူ ကြီးဒေါ်ကုလားမထံသို့ ငွေကျပ် ၉ဝ ဖြင့်ရောင်း၍ ရရှိ သောငွေဖြင့် ရန်ကုန်မြို့သို့ထွက်လာခဲ့ပါသည်။  မောင်လူလေးသည် အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူ အရာရှိထံ သို့ ဒုတိယအကြိမ်မြောက်တစ်ဦးတည်း သွားရောက်ခဲ့သည်။ အစ်ကို ဖြစ်သူအရာရှိမှ အောင်လက်မှတ်ကိုကြည့်ပြီး စာရင်းစစ်ရုံး၌ အစ်ကို၏ ထောက်ခံချက်ဖြင့် လက်နှိပ်စက်စာရေးအဖြစ် ခန့်အပ်ခံရသည်။ မောင်လူလေးသည် လက်နှိပ်စက်စာရေးအဖြစ် ဝင်ရောက်ပြီး နောက်တစ်နှစ်တစ်ကြိမ်ပြုလုပ်ပေးသည့် ရာထူးအဆင့်ဆင့်တိုးတက် ပေးသည့် ရုံးတွင်းစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ရာ ရာထူးအဆင့် ဆင့်တိုးမြှင့်ခံရပြီးနောက် လ/ထညွှန် ကြားရေးမှူးရာထူးသို့ တိုးတက်ရရှိ ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၁ဝ တန်းစာမေးပွဲ၊ တက္ကသိုလ်စာမေးပွဲများ အဆင့်ဆင့်ဖြေဆိုအောင်မြင် ခဲ့၍ (B.A) ဘွဲ့ကိုလည်းရရှိခဲ့သည်။ မောင်လူလေးသည် လက်ရှိဝန်ထမ်း ဘဝအခြေအနေ၊ ရှေ့စီးပွားရေး အခြေအနေများကိုလေ့လာသုံးသပ်ပြီး ရုံးမှ လုပ်သက်ပင်စင်ယူကာ ကုမ္ပဏီတစ်ခုတည်ထောင်ပြီး အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သည်။ ယခုအခါ သား၊ အမေရိကန် နိုင်ငံမှဘွဲ့ရရှိခဲ့သော မြေးများအား စိုက်ခွန်စိုက်ဆောင်ရွက်ခဲ့ကြခြင်း ကြောင့်ကြီးပွားလာသော ယင်းကုမ္ပဏီ ကြီး၏ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းပါဗျား။ ။

 

အောင်စိုးထွန်း  (တက္ကသိုလ်ရိပ်သာ)

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191