Main menu
HOT NEWS
adv
မိဘတွေက  မူးယစ်နွံနစ်  ကျွန်ဖြစ်မယ့်ကိန်းမြင်လို့ မောင်နှမတွေကို  စွန့်စားကယ်တင်ခဲ့တဲ့ မေတ္တာရှင်မလေး လှလှထွေး

မိဘတွေက မူးယစ်နွံနစ် ကျွန်ဖြစ်မယ့်ကိန်းမြင်လို့ မောင်နှမတွေကို စွန့်စားကယ်တင်ခဲ့တဲ့ မေတ္တာရှင်မလေး လှလှထွေး

''တောထဲဆိုပေမယ့်လဲ အချိန်တန်ရင် အဲဒီ နေရာတွေမှာ ဈေးတန်းလို ဖြစ်နေတယ်။ ပြထားတာကတော့ အရက်နဲ့ ဘီယာ ပေါ့။ ဒါပေမယ့် တကယ်ရောင်းတာက WY ၊ မြင်းဆေး၊ ဘိန်းဖြူနဲ့ အမဲတွေ ရောင်းတာ''ဟု ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတစ်နေရာတွင် သစ်လုပ်ငန်း သွားရောက် လုပ်ကိုင်ခဲ့ဖူးသည့်  ကိုကျော်မောင်(အမည်လွှဲ)က ယင်းတွေ့မြင်ခဲ့ရ သော ဝန်းကျင်၏အနေအထားကို ပြောပြသည်။

အဆိုပါဒေသတွင် မြေပြန့်ဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများမှ လုပ်သားများစွာ လာ ရောက်လုပ်ကိုင်သူများကြောင်းနှင့် အဓိကအား ဖြင့် ¤င်းရောက်ရှိခဲ့သည့်နေရာတွင် တပ်မတော်၊ KIA နှင့် တအာင်း(ပလောင်) လက်နက်ကိုင် အဖွဲ့များလည်းရှိကြောင်း သူ၏အတွေ့အကြုံကို ပြောဆိုသည်။  ၄င်းဒေသတွင်းနယ်မြေ၌ သစ်မှောင်ခိုလုပ် ငန်းများ အဓိကလုပ်ကိုင်လျက်ရှိသည့်အပြင် ရွှေလီမြစ်ကြောင်းကို အဓိကထား လုပ်ကိုင်ခဲ့ရ ကြောင်း ဆိုသည်။ ၄င်းဒေသအတွင်း တရားမဝင် သွားရောက်လုပ်ကိုင်သူများနှင့် ဒေသခံ များအတွက်မူ မူးယစ်ဆေးဝါးပြဿနာကလည်း ကြီးစိုးနေဆဲ ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်ရာတွင် ပင်ပန်းခက် ခဲမှုများနှင့်အတူ တစ်နေ့တာ အပန်းဖြေအနား ယူရန်အတွက်မူကား အခြားရွေးချယ်စရာမရှိ လောက်အောင် နည်းပါးခဲ့ခြင်းကြောင့်ဖြစ်သည်။ အဆိုပါနေရာသို့ ရောက်ရှိလာသူ အများစုသည် မူးယစ်နွံထဲသို့သာ ဦးတည်လျက် ရှိကြ သည်။

''အဖြူက ပိုဈေးကြီးတယ်။ မတတ်နိုင်ဘူး။ အမဲက ပြန်ချက်ပြီး ရှူရတယ်။ အများစုကတော့ ပိုက်ဆံမရှိတဲ့အခါမျိုးဆိုရင် မြင်းဆေး နဲ့ WY လောက်နဲ့ ပြီးတယ်။ ပိုက်ဆံလေး နည်းနည်း အဆင်ပြေလာပြီဆိုရင်တော့ အမဲလေး လုပ်ကြတာပေါ့။ ဒီလိုလုပ်တာကလဲ နောက်နေ့ အတွက် အလုပ်လုပ်နိုင်အောင်ပါ''ဟု ၄င်းဖြတ် သန်းခဲ့ရပုံကို ပြန်ပြောင်းပြောသည်။

တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခြင်း၊ တပ်မတော်မှ နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းစသည့် အခြေအနေများတွင်မူ မှောင်ခိုလုပ်ငန်းများမှာ ခေတ္တနားထားလေ့ရှိသကဲ့သို့ အဆိုပါ မူးယစ် ဆေးဝါးရောင်းချသည့် ဈေးဆိုင်ငယ်များသည် လည်း အလျှိုလျှို ပိတ်သိမ်းသွားကာ ကျေးရွာ များ၌ တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင် ကြတတ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှ မောင် နှမများအား ဆိုင်ကယ်ကယ်ရီစီး၍ မိဘဖြစ်သူ များထံမှ ထွက်ပြေးခေါ်ဆောင်ကာ ဆေးရုံသို့ ရောက်လာခဲ့သည်။

ဆက်သွယ်မေးမြန်း၍ ရရှိသည့်သတင်း အချက်အလက်များအရ ယင်းကလေးငယ်များ၏ အုပ်ထိန်းသူ မိဘဖြစ်သူများသည် မူးယစ် ဆေးသုံးစွဲကာ သားသမီးများ၏စားဝတ်နေရေး အတွက် ဆောင်ရွက်မပေးနိုင်ခဲ့ခြင်းကြောင့် ကလေးငယ်များသည် အာဟာရပြတ်လပ်မှု နှင့် တွေ့ကြုံခဲ့ရကြောင်း သိရသည်။

''ကလေးရဲ့မိဘတွေကလဲ ဘိန်းတွေစွဲနေပြီးတော့ ကလေးတွေကို ပြန်ပြီးမကြည့်နိုင်ခဲ့ဘူးလို့ သိရတယ်။ နောက်ဆုံးပြောပြချက်တွေအရဆိုရင် သူတို့တွေက ကလေးတွေကို တစ်သိန်းနဲ့ ရောင်းစားမယ်ဆိုပြီးတောင် လုပ်နေတဲ့အဆင့် ဖြစ်နေပြီလို့ ပြောတယ်''ဟု ၄င်းကလေးငယ်များအား ကူညီထောက်ပံ့ပေးမှုများ ပြုလုပ်နေသည့် မိုးမိတ်မြို့နယ်ရှိ မိုးမိတ်ကရုဏာသုခ လူမှုကူ ညီရေးအသင်းမှ အမှုဆောင်တစ်ဦးဖြစ်သည့် ကိုဝင်းထွဋ်ဌေးက ပြောသည်။

ထို့ကြောင့် အသက် ၁၂ နှစ်အရွယ်ဖြစ်သည့် မလှလှထွေးမှာ အာဟာရပြတ်လပ်နေ တဲ့ အသက်ငါးနှစ်အရွယ် မောင်ဖြစ်သူ မောင် အိုင်တေ၊ အသက်နှစ်နှစ်အရွယ်ရှိ ညီမငယ် နန်းခမ်းနှင့် ရက်၂ဝ သာ ရှိသေးသည့် ညီမ ငယ်တို့ကို ခေါ်ဆောင်ကာ အဒေါ်ဖြစ်သူတစ်ဦး နှင့် မိုးမိတ်ဆေးရုံသို့ ရောက်ရှိလာခဲ့သည်။

ဆေးရုံသို့ရောက်ရှိလာပြီး ဆေးဝါးကုသမှုများ ခံယူနေစဉ် မောင်ဖြစ်သူ အိုင်တေမှာ ကွယ်လွန်ခဲ့သည်။ မြင်တွေ့ရသည့် အခြေအနေများအရ ကလေးငယ်အိုင်တေ၏ ပုံရိပ်များသည် အစာအာဟာရ ပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ခံစားခဲ့ရပုံ ဖြစ်သည်။ ထို့နောက် ဒေသခံ လူမှုကူညီရေး အဖွဲ့အစည်းများ၏ အကူ အညီဖြင့် ကျန်ရှိသည့် ညီမငယ်နှစ်ဦးအတွက် ဆေးကုသမှုခံယူရန် မိုးမိတ်ဆေးရုံမှတစ်ဆင့် မိုးကုတ်ဆေးရုံသို့ ပြောင်းရွှေ့ခဲ့ရသည်။

''၂၈ ရက် ညမှာကျတော့ နှစ်နှစ်ကျော် သမီးလေးက အခြေအနေအရမ်းဆိုးရွားလာပြီး တော့ မိုးမိတ်ဆေးရုံကနေ မိုးကုတ်ဆေးရုံကြီး ကို ညတွင်းချင်း ပြောင်းရွှေ့လိုက်တယ်။ ၂၉ ရက်နေ့ မနက် ပတ်ဝန်းကျင်မှာပဲ ကလေးက ဆုံးသွားရှာတယ်''ဟု ကူညီပေးခဲ့သည့် မိုးမိတ် အနာဂတ်အလင်းရောင်ပရဟိတအသင်းမှ ဥက္ကဋ္ဌ ကိုရှိုင်းမင်းညိုက ဖြစ်စဉ်ကို ရှင်းပြပြန်သည်။

လက်ရှိအချိန်တွင်မူ အဆိုပါကလေးငယ် နှစ်ဦးအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် ပြည်သူများ၏ ကူညီထောက်ပံ့မှုများအပြင် လူမှု ဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဦးစီးဌာနမှနေ၍ ထိန်းသိမ်းစောင့် ရှောက်မှုများ ပြုလုပ်ပေးထားသည်။

''အဓိကတော့ မိဘတွေက သူတို့အတွက် ပဲကြည့်ကြပြီး သားသမီးတွေရဲ့ စားဝတ်နေရေး အတွက် ဘာမှမလုပ်ကြတော့တဲ့ အခြေအနေ ဖြစ်နေတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန် တော်တို့ လူကြီးတွေတောင် မခံနိုင်တဲ့ အခြေ အနေမျိုးမှာပေါ့ ကလေးတွေက အစာအာဟာရ က တစ်ရက်မဟုတ် နှစ်ရက်မဟုတ်တော့ ကြာ လာတော့ ပိန်ချုံးချိနဲ့ပြီးတော့ ဆိုးရွားလာတဲ့ အထိ ဖြစ်သွားတယ်လို့ထင်တယ်'' ကိုရှိုင်းမင်း ညိုက မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ ကလေးများ၏ နေရပ်ဖြစ်သော  ကျောက်လုံးကြီးကျေးရွာသည် ရှမ်းပြည်နယ်  မြောက်ပိုင်းအတွင်း၌ရှိသည့် မိုးမိတ်မြို့နှင့် ၂၈ မိုင်ကျော်ခန့် ဝေးကွာပြီး တောင်ပေါ်ဒေသ ကျေးရွာလည်းဖြစ်ကာ ပလောင်လူမျိုးများနေထိုင်မှု များပြားသည်။ လက်ဖက်စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိပြီး အချို့နေရာ များတွင်မူ မူးယစ်ဆေးဝါးလုပ်ငန်းများနှင့် ဆက် စပ်လျက်ရှိကြောင်း ဒေသခံအချို့ ပြောဆိုကြ သည်။

မြို့ပြနှင့် ဝေးကွာလျက်ရှိသည့် ဒေသများတွင် မူးယစ်ဆေးဝါးအန္တရာယ်က လှိုက်တွယ်ကြီးစိုးလျက် ရှိနေသည်ကို မီးမောင်းထိုး ပြလိုက်သကဲ့သို့ ဖြစ်ပေသည်။ နိုင်ငံတော်အ စိုးရအနေဖြင့်လည်း မူးယစ်ဆေးဝါးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသော်လည်း ဒေသနှင့် နယ်မြေ အခြေ အနေများအရ တစ်နိုင်ငံလုံးအတိုင်းအတာကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ မူးယစ် နွံထဲ ကျရောက်လျက်ရှိသည့် ပြည်သူများ၏ဘဝ များစွာကို အချိန်မီကယ်တင်ရမည့် အခြေအနေ တစ်ရပ်ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် ဆောင်ရွက်သင့်ပေသည်။  

Fact

***    မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိအခြေအနေသည် ၂ဝ၁၆ ခုနှစ် ဧပြီလမှ ၂ဝ၁၇ ခုနှစ် မတ်လအထိ ဘိန်းဖြူ၊ စိတ်ကြွ ရူးသွပ်ဆေးပြား၊ ဘိန်း၊ ဆေးခြောက်၊ ဘိန်းဆီခဲ၊ အဆင့်နိမ့်ဘိန်း၊ ICE၊ ဘိန်းညိုမှုန့်၊ ကိုကင်း အစရှိသည့် မူးယစ်ဆေးဝါး အမှု ပေါင်း ၉၂၈၆ မှု တရားခံ ၁၄၂၃၈ ဦး၊ ဖမ်းမိ။ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၄ဝ၃ ဒသမ ၄၅၈ ဘီလီယံ ရှိသည်။
***    ကမ္ဘာ့မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် UNODC ၏ ၂ဝ၁၅ ခုနှစ် အစီရင်ခံစာအရ ပထမနေရာမှာရှိနေသည့် အာဖဂန်နစ္စတန် သည် ကမ္ဘာ့ထုတ်လုပ်မှု၏ ၇၂ ဒသမ ဝ၅ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့ထုတ်လုပ်မှု၏ ၁၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိသည်။
***   ၂ဝ၁၆ ခုနှစ်အတွင်း UNAIDS ၏ ထုတ်ပြန်သည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် မူးယစ် ဆေး အကြောထဲ ထိုးသွင်းသူအရေအတွက်မှာ ၈၃ဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါအရေအတွက်သည် အမျိုးသား လူဦးရေ စုစုပေါင်း၏ သုည ဒသမ ၆၁ ရာခိုင်နှုန်းခန့် ရှိသည်။
***    ၂ဝ၁၇ ခုနှစ် မတ်လတွင် ၁၉၉၃ ခုနှစ် မူယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ထုတ်ပြန်လိုက်ပြီး မူးယစ်ဆေးသုံးစွဲသူများကို ထောင်ဒဏ်အစား ပထမအဆင့်အနေဖြင့် လူမှုရေးပြစ်ဒဏ်များ ပေးရန် ဥပဒေကြမ်းကော်မတီတွင် ဆွေးနွေးလျက်ရှိသည်။     

 

TALK

shaine min nyo

ကိုရှိုင်းမင်းညို ၊ ဥက္ကဋ္ဌ ၊ မိုးမိတ်အနာဂတ်အလင်းရောင်ပရဟိတအသင်း

ကျွန်တော်တို့သိရတာကတော့ ကလေးမလေးက အိမ်ကနေ ထွက်ပြေးလာကြတယ်။ သမီးအကြီးမလေးကနေ သူတို့မိဘတွေက သူတို့ကို ရောင်းစားမယ်လို့ ကြားလိုက်တယ်။ အဲဒါကြောင့် ဆိုင် ကယ် ကယ်ရီလေးငှားပြီးတော့ ထွက်ပြေးလာတာလို့ သိရတယ်။ အဲဒီမှာ သူ့အဒေါ်ကလည်း လိုက်လာတယ်လို့ ပြောတယ်။

 

win htut htay

ကိုဝင်းထွဋ်ဌေး ၊ အလုပ်အမှုဆောင် ၊ မိုးမိတ်ကရုဏာသုခလူမှုကူညီရေးအသင်း

သူ့ဆန္ဒကတော့ ရွာမပြန်ချင်ဘူးပြောတယ်။ ပြီးတော့ ပလောင် လူမျိုးတွေ ဗမာစကားလည်း မတတ်ကြဘူး။ ကလေးရဲ့မိဘတွေက ဘိန်းစွဲနေပြီးတော့ ကလေးတွေကို ပြန်မကြည့်နိုင်တာပါ။ ကလေး မလေး ပြန်ပြောပြတာတော့ သူတို့ကို တစ်သိန်းနဲ့ရောင်းဖို့အတွက် ပြောနေသံကြားလို့ သူတို့က ထွက်ပြေးလာတယ်လို့ ပြောတယ်။

 

YT 13 29 4C2

Last modified onFriday, 04 August 2017 12:59
Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191