Main menu
HOT NEWS
adv
သမီးဖြစ်သူကိုဓားထောက် သိန်း ၅ဝ တောင်း၊ အဖေဖြစ်သူကို ကားမောင်း၍ လိုက်ပို့ခိုင်းကာ တရားခံလွတ်မြောက်သွားသည့် ရုပ်ရှင်ဆန်ဆန် အနုကြမ်းစီးဓားပြတိုက်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား

သမီးဖြစ်သူကိုဓားထောက် သိန်း ၅ဝ တောင်း၊ အဖေဖြစ်သူကို ကားမောင်း၍ လိုက်ပို့ခိုင်းကာ တရားခံလွတ်မြောက်သွားသည့် ရုပ်ရှင်ဆန်ဆန် အနုကြမ်းစီးဓားပြတိုက်မှု ကြည့်မြင်တိုင်တွင် ဖြစ်ပွား

ရန်ကုန်၊ ဧပြီ ၂၆

ရန်ကုန်မြို့ကြည့် မြင်တိုင်မြို့နယ် ကရင်အမျိုးသားရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် နံနက်ပိုင်းအချိန်၌ အိမ်ရှင်အရွယ်မရောက်သေးသည့် သမီးဖြစ်သူအားဓားထောက်၍ ငွေကျပ်သိန်း ၅ဝ ကိုတောင်းယူကာ  သမီးဖြစ်သူ ကို ဓားစာခံအဖြစ်ခေါ် ဆောင်လျက် ဖခင်ဖြစ်သူအား ကား မောင်းလိုက်ပို့ခိုင်းသည့် ရုပ်ရှင်ဆန်ဆန်ဓားပြတိုက်၊ ပြန်ပေးဆွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ လွတ်မြောက်သွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဧပြီ ၂၆ ရက်က ဖြစ်ပွားခဲ့သည်။


ကရင်အမျိုးသားရပ်ကွက် ဦးလူနီလမ်းအတွင်းရှိ အိမ်အမှတ်(၂၂)တွင်ဧပြီ ၂၆ ရက် နံနက် ၉ နာရီ ခွဲက ရေကူးကန်မှပြန်လည်ရောက်ရှိလာသည့် မိသားစုဝင်ငါးဦးအနက် သမီးအလတ်ဖြစ်သူက အိမ်ပေါ်ထပ် သို့တက်၍ သနပ်ခါးလိမ်းနေစဉ် အခန်းတွင်းသို့ ရောက်ရှိနေသူက ဖမ်းဆီးချုပ်နှောင်၍ ဓားဖြင့်ထောက်ပြီး ကျပ်သိန်း ၅ဝ ပေးရန် တောင်းဆို သောကြောင့် အိမ်ရှင်အမျိုးသမီးက ပိုက်ဆံထုတ်ပေးခဲ့သော်လည်း ခြံဝ တွင် ရပ်ကွက်နေပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိဝိုင်းရံထား သောကြောင့် ပိုက်ဆံရရှိပြီးသည့်တိုင် အောင် ကလေးငယ်အားဓားထောက်ပြီး ၎င်းခြံပြင်သို့ ထွက်ခွင့်ရရှိစေရေးအတွက် အကျပ်ကိုင်ခဲ့သဖြင့် ဓား စာခံကလေးငယ်၏ဖခင်က အိမ်ခြံရှေ့ဝရှိ ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ တားဆီးမှုကိုလက်မခံဘဲ အတင်းကား မောင်းထွက်သွား၍ ၎င်းလိုက်ပို့ရန် စေခိုင်းသည့်နေရာသို့ လိုက်ပို့နေစဉ် ဟံသာဝတီဘူတာရုံအနီး ကားပိတ် နေသည့်အချိန်တွင် ကားပေါ်မှဆင်းကာ ထွက်ပြေးသွားခဲ့ကြောင်း ကြည့် မြင်တိုင်မြို့နယ် ရဲမှူးဦးစိုးသင်က ဖြစ်စဉ်ကိုရှင်းလင်းပြောသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အိမ်ရှင်မိသားစုကမူ လတ်တလော ဖြစ်ပျက်ထားသည့်ဖြစ်စဉ်ကြောင့် စိတ်သောကရောက်ရှိနေသဖြင့် မီဒီယာများအား ဖြေကြားလိုခြင်းမရှိသေး ကြောင်း ရဲမှူးစိုးသင်က မီဒီယာများအား ရှင်းပြသည်။ ''အိမ်ရှင်ရဲ့သဘောထားကိုမေးကြည့်လိုက်တော့ တွေ့ဖို့မေးဖို့ဖြေဖို့ရှိသလားဆိုတော့ မဟုတ်ဘူး။ လော လောဆယ် စိတ်သောကရောက်နေလို့ပါတဲ့နော်'' ဟု ရဲမှူးစိုးသင်က ပြောသည်။ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲမှူးစိုးသင်က ''ငွေခြောက်လှန့်တောင်းရမ်းမှုဖြစ်ပါတယ်။ အနေအထားက အိမ်ရှင်ဖြစ်တဲ့ ဒေါက်တာရွှေပြည်နဲ့ မိသားစုငါးယောက်က မနက် ၆ နာရီလောက်က အမျိုးသားရေကူး ကန်ကိုရေသွားကူး တယ်။ ၉ နာရီခွဲ လောက်မှာပြန်ရောက်တယ်။ အိမ်မှာတော့ သူ့ရဲ့ညီမဝမ်းကွဲနဲ့ အိမ်အကူတစ်ယောက်ကျန်ခဲ့တယ်။ အဲဒီအချိန်မှာ သူရဲ့သမီးအလတ်က (အသက် ၁၃ နှစ်အရွယ်) သီရိရွှေပြည်ဆိုတဲ့ မိန်းကလေး ကအပေါ်ကို သနပ်ခါးတက်လိမ်းဖို့ အခန်းကိုသွားတယ်။ အဲဒီအချိန်မှာ ပြစ်မှုကျူးလွန်တဲ့သူ ကရောက်လာပြီး သူ့ကိုချုပ်နှောင်တဲ့ အခါမှာ ရေချိုးခန်းထဲကိုထွက်ပြေးတယ်။ ရေချိုးခန်းထဲကနေ သူ့ကိုချုပ် နှောင်လို့ ရတဲ့အခါမှာ တံခါးကိုလော့ခ်ချလိုက်တယ်။ အဲဒီလိုဖြစ်တော့ အောက်ထပ်က အမေကနေ အသံ တွေကြားတယ်ဆိုပြီးတော့ တက်လာတယ်။

 

j

 

တံခါးလော့ခ်ချထားတာတွေ့တဲ့အတွက်ကြောင့် အိမ်မှာရှိတဲ့သော့နဲ့ပြန်ဖွင့်တယ်။ အဲဒီအခါမှာ ကလေးကို လက်တစ်ဖက်ကချုပ်ပြီးတော့ ဓားနဲ့ရွယ်ထားတယ်။ ကလေးရဲ့မိခင်ကလည်း မလုပ်ဖို့တောင်းပန် တယ်။ ပြစ်မှု ကျူးလွန်တဲ့သူက ငွေကျပ်သိန်း ၅ဝ တောင်းတယ်။ အမေလုပ်တဲ့သူ က ကလေးရဲ့အသက်အန္တရယ်ကိုစိုး ရိမ်လို့ အောက်ထပ်က ငွေကျပ် ၄၉ သိန်းကို အိတ်နဲ့ထည့်ပြီးတော့ပေး လိုက်တယ်။ ပေးပြီးတဲ့နောက်မှာ ပြစ် မှုကျူးလွန်တဲ့သူက ဝရန်တာဘက်ကို ထွက်တယ်။ အောက်ကိုဆင်းလို့မရ တဲ့အခါကျတော့ ပြန်ပြီးတော့ပြောတယ်။ သူ့ကို အပြင်ထွက်လို့ရအောင် လုပ်ပေးဖို့ပြောတယ်။ အဲဒီအခါမှာ ကလေးရဲ့အဖေလည်း တက်လာ တယ် ပေါ့။ ကားနဲ့ရှေ့ခန်းမှာ ကလေးနဲ့ ပြစ်မှုကျူးလွန်တဲ့သူနဲ့ထိုင်တယ်။ သူ့အဖေက ကားမောင်းပြီးတော့ အ ပြင်ထွက်ဖို့ ကားကိုထုတ်တဲ့အချိန်မှာ ဘေးပတ်ဝန်းကျင်ကလူတွေကလည်း ဝိုင်းအုံနေတယ်။ ရဲစခန်းတာ ဝန်မှူးကို ဖုန်းဆက်တဲ့အတွက်ကြောင့် စခန်းက နယ်ထိန်းခေါင်းဆောင်နဲ့ ရဲတပ်ဖွဲ့ဝင်လေးဦး ရောက်သွားတယ်။ ကားကိုမောင်းတဲ့အခါ တံခါးတွေကို ဆွဲတယ်။ တားဆီးတဲ့အချိန်မှာ က လေးရဲ့အဖေကလည်း သူ့သမီး အသက်စိုးရိမ်တဲ့အတွက်ကြောင့် မလုပ်ဖို့ ရဲတပ်ဖွဲ့ဝင်တွေကိုပြောပြီးတော့ ဇွတ်အတင်းမောင်းထွက်သွားတယ်။ အိမ်ကနေပြီး ဗားကရာ၊ ဗားကရာကနေ ကမ်းနားလမ်းအတိုင်း၊ ကမ်း နားလမ်း ကနေပြီးတော့မှတစ်ခါ ဒီအထက်ကြည့်မြင်တိုင်လမ်းပြန်တက်ပြီး တော့ သူ့ကို လှိုင်သာယာကိုမောင်း ခိုင်းတယ်။ လှိုင်သာယာကိုမောင်းခိုင်း တဲ့အချိန်မှာ ပဲဟံသာဝတီဘူတာ အ ရိုးကုဆေးရုံနားရောက်တဲ့အခါ ဒီမှာ ပဲဆင်းမယ်ဆိုပြီးတော့ ချပေးလိုက် တယ်။ အဲဒီအသုံးပြုတဲ့ဓားကိုလည်း ကားပေါ်မှာချန်ခဲ့တယ်။ ဓားကတော့ အဲဒီအိမ်က မီးဖိုချောင်အသုံးပြုတဲ့ အရိုးအဝါရောင်တပ်ထားတဲ့ ဓားဖြစ် နေတယ်'' ဟု ရှင်းပြသည်။

 


''သူက ရှေ့ကနေပြီးတော့ အရှိန်နဲ့မောင်းထွက်သွားတဲ့အခါ နောက်ကလည်း လူတွေကဝိုင်းအုံနေတယ်။ အဲဒီဝိုင်းအုံနေတဲ့ကြားထဲကနေပြီး တော့ နောက်ကလိုက်တဲ့အဖွဲ့ကလိုက်ပေမယ့် ကားနံပါတ်တို့ ဘာတို့ ကွာသွားတဲ့အချိန်မှာ မျက်ခြည်ပြတ်သွားတယ်။ အနေအထားက အန္တ ရာယ်လည်းများတယ်။ ကားတွေက လည်း ကျပ်တဲ့အတွက်ကြောင့် မျက် ခြည်ပြတ်သွားတယ်။ ဒါပေမဲ့ အဲဒီ ကသတင်းရတဲ့အတွက်ကြောင့် ချက် ချင်းပဲ ဝိုင်ယာလက်ကားတွေနဲ့ပိတ်ဆို့ နိုင်အောင် တိုင်းဆက်သွယ်ရေးစက်ကို ကျွန်တော်ကိုယ်တိုင်အကြောင်းကြားတယ်။ ချက်ချင်းပေးတယ်။ ဒါ ပေမဲ့ ဆောင်ရွက်ပြီးခုနစ်မိနစ်လောက်အကြာမှာ ကားမှာရှိတဲ့ ကလေးရဲ့အ ဖေနဲ့ ပြန်ဆက်သွယ်ရတယ်။ ကြည့် မြင်တိုင်ဘူတာမှာ ချပေးလိုက်တယ် ဆိုလို့ ကျွန်တော်တို့က ကြည့်မြင်တိုင် ဘူတာသွားတယ်။ မှားပြီးပြောတဲ့နေ ရာကိုရောက်သွားတယ်။ ရောက် သွားတဲ့အချိန်မှာ တစ်ခါမဟုတ်တော့ဘူး။ ဟံသာဝတီဘူတာဆိုလို့ ဟံသာ ဝတီဘက်ကို ဆက်လိုက်တယ်'' ဟု ရဲမှူးစိုးသင်က ပြောသည်။ ရဲမှူးစိုးသင်က ''အဲဒီမှာ သူ့ဆီ က အချက်အလက်တွေပုံစံတွေ၊ က တုံးဆံပင်နဲ့၊ အသက် ၂ဝ ခန့် ပိန်ပိန်ပါးပါးစသဖြင့် အချက်အလက်တွေ ရတဲ့အတွက်ကြောင့် ကျန်တဲ့ရဲစခန်း အသီးသီး၊ မြို့နယ်အသီးသီးကိုချပြ ပြီးတော့ ဖမ်းဆီးရရှိရေးကို ဆောင်ရွက်နေပါတယ်။ သူလှိုင်သာယာလို့ ပြောပေမယ့် လှိုင်သာ ယာက ဟုတ်ချင်မှဟုတ်မယ်။ သူ့အပြောပဲရှိတာကိုး။ ဒါနဲ့ပတ်သက်လို့ ရဲစခန်းကရော၊ ခရိုင်ကရော၊ တိုင်းကအဖွဲ့တွေပါ မြို့နယ်အသီးသီးနဲ့ ပေါင်းစပ်ပြီးတော့ တရားခံကို အမြန်ဆုံးဖမ်းဆီးရရှိရေးကို ဆောင်ရွက် လျက်ရှိပါတယ်'' ဟု ပြောသည်။


ယင်းဖြစ်ရပ်အား (ပ) ၂၃၅/ ၂ဝ၁၆၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၃၉၂ ဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားပြီး၊ ဓားစာခံဖြစ်ခဲ့သူ ကလေးငယ်၏ ထွက်ဆို ပြောကြားချက်များဖြင့် ခဲပန်းချီရေးဆွဲ ထားပြီးနောက်၊ ယင်းပန်းချီကို မြို့နယ်ရဲစခန်းများသို့ အသိပေးပေး ပို့သွားမည်ဖြစ်ကြောင်း ပြောသည်။  ယင်းဖြစ်စဉ်ဖြစ်ပွားချိန်၌လည်း ရပ်ကွက်နေပြည်သူများနှင့် သက် ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ဝိုင်းထားသည့် ကြားမှ ကလေးငယ်ကို ဓားစာခံလုပ် ကာ လွတ်မြောက်သွားခြင်းကြောင့် ဒေသခံများကလည်း  ခံပြင်းလျက်ရှိ သည်။ ကျူးလွန်သူသည် ခိုးမှုပြုလုပ် ရန် ရည်ရွယ်ခဲ့သော်လည်း အခြေ အနေကြောင့် ယခုကဲ့သို့ အနုကြမ်း စီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ် နိုင်ကြောင်း ကြည့်မြင်တိုင်မြို့နယ်စခန်းမှူးက သုံးသပ်ပြောကြားသည်။ ယင်းဖြစ်စဉ်ကို မျက်မြင်ကိုယ် တွေ့မြင်တွေ့ခဲ့သည့် အဆိုပါအိမ်၏ အရှေ့မျက်စောင်းထိုးတိုက်မှ အသက် ၆ဝ ကျော်အရွယ်ရှိ ဒေါ်သန်း မြရွှေက ''စသိတဲ့အချိန်ကတော့ ၉ နာရီကျော်ကျော်လို့ထင်တာပဲ။ ရုန်း ရုန်း၊ ရုန်းရုန်းတွေ့တာနဲ့ အန်တီက အပေါ်ကနေတက်ကြည့်လိုက်တာ ဘေးအိမ်ကတစ်ယောက်က မတ် တတ်ရပ်နေတယ်။ စာစောင်တွေပို့တဲ့ ကောင်လေးက အဲဒီနားကနေ ဖုန်း လေးတစ်ချက်ချက်နဲ့ကိုင်နေတော့ အောက်ကိုဆင်းကြည့်လိုက်တယ်။ အဲဒီအထဲမှာရှိတယ်။ ဓားနဲ့ထောက် ထားတယ်ဆိုတော့ ခေါ်ပါဟဲ့၊ ဘေး နားကလူတွေကိုဆိုတော့ လာကြတာ လေးငါးဆယ်ယောက်၊ တိုက်အပေါ်ကလည်း ဆင်းလာကြတာပေါ့။ လူ တွေဝိုင်းထားတာပေါ့။ ဟိုဘက်က ဆင်းပြေးမှာစိုးလို့ဆိုပြီး။ ဘယ်လောက်မှမကြာပါဘူး။ ၁ဝ မိနစ်လောက်ကျ တော့ သူ့အဖေရယ်၊ လုပ်တဲ့ကောင် လေးရယ်၊ သူကတော့ ဓားတန်းလန်း နဲ့ပေါ့။ ကောင်လေးက ငယ်ငယ်လေးပါ။  သိပ်လည်းမကြီးပါဘူး။ သေးသေး လေးပါ။ တစ်ချက်ရိုက်ကလေးပဲရှိ ပါတယ်။ ငါတောင်ဝင်ရိုက်ဦးမလို့ စိတ်ထဲကလေ။ လူတွေကအများကြီးပဲ။ တစ်ရပ်ကွက်လုံးဝိုင်းတာ။ ရဲကား ကလည်း ရောက်လာတယ်။ ရဲကား ရောက်လာတော့ သူ အဲဒီကောင် လေးနဲ့ သဘောတူပြီးသား၊ စကား ပြော ပြီးသားဆိုပြီး ကောင်မလေးကို ဖက်လျက်နဲ့ထွက်လာတာ။ သူတို့ကား ပေါ်အတက် ရဲကလည်းအရောက် ပေါ့။ ရဲကားကိုလည်း အတင်းမလာပါနဲ့။ လူတွေကိုလည်းမလာပါနဲ့၊ မလာပါနဲ့ အတင်းအော်တယ်။ သူ့ အဖေ က နောက်ပြီး သူ့အဖေကိုယ်တိုင် ကားမောင်းထွက်သွားတယ်။ ဓားနဲ့ထောက်ထားတာမဟုတ်ပါဘူး။ ဓားရော၊ လည်ပင်းရော သိုင်းဖက် ထားတာပါ။ အဲဒါကို ဘေးနားက နေ တစ်ချက်လောက်ရိုက်လိုက်ရင် ပြီးပြီ။ အဲဒါကို အဖေက မလာပါနဲ့၊ မလာပါနဲ့ပြောတယ်'' ဟု ဖြစ်စဉ်ကို ရှင်းပြသည်။

 

o


ဒေါ်သန်းမြရွှေက ဆက်လက်၍ ''အိမ်ရှင်တွေက မြို့ခံမဟုတ်ဘူး။ ထားဝယ်ကလား၊ မြိတ်ကလား မသိဘူး။ ပြောင်းလာကြတာ။ တစ် နှစ်၊ နှစ်နှစ်လောက်ပဲရှိသေးတယ်။ ကောင်လေးကငယ်ငယ်လေးပဲ။ ပုဆိုးနဲ့၊ ဖိနပ်ကျန်ခဲ့တယ်လို့တော့ ကြားတယ်။ ဒီရပ်ကွက်မှာ အဲဒီလိုတစ်ခါ မှမဖြစ်ခဲ့ဖူးဘူး။ ဒီရပ်ကွက်ထဲမှာ အဲဒီလိုမျိုး မရှိပါဘူး'' ဟု ပြောသည်။ အခင်းဖြစ်ပွားသည့်နေအိမ်၏ မျက်နှာချင်းဆိုင်တိုက်တွင် နေထိုင် သည့် ဦးသက်အောင်ကလည်း ၎င်း နေထိုင်သည့် နှစ်ပေါင်း ၆ဝ ကျော် သက်တမ်းအတွင်း ယခုကဲသို့ အနုကြမ်းစီးဓားပြတိုက်မှုမရှိဘဲ ယခုတစ်ကြိမ်သည့် ပထမဦးဆုံးကြုံတွေ့ဖူး ခြင်းဖြစ်ကြောင်းနှင့် ကျူးလွန်သူသည် စနစ်တကျ ပြင်ဆင်ထားသူတစ်ဦး ဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။ ဦးသက်အောင်က ''လူတွေ၊ ရဲ တွေရှိတဲ့ကြားထဲကနေ ဒီလိုဖြစ်သွားတာက ကျွန်တော့်အထင်ပြောရရင် တော့ သေသေ ချာချာအကွက်ချ ထားတာပေါ့နော်။ ကြိုတင်ပြင်ဆင်မှုရှိပါလိမ့်မယ်။ ကျွန်တော့်အမြင်ပေါ့၊ ဘာလို့လဲဆိုရင် ဟိုးအဝေးကြီးက လူတစ်ယောက်က ချက်ချင်းကြီး ဒီလို ဝင်လုပ်ဖို့ဆိုတာမလွယ်ဘူး။ သူလေ့ လာထားတဲ့သဘောတော့ရှိတယ်။ ရန်ငြိုးက သူတို့မှာဘာမှမရှိပါဘူး။ သူတို့ပြောင်းလာတာ မကြာသေးဘူး။ ကျွန်တော်တို့က မျက်နှာချင်းဆိုင်ဆို တော့ လူတိုင်းတော့စိုးရိမ်တယ်ပေါ့။ တစ်သက်လုံးမှာ ဒါမျိုးဟာမဖြစ်ဖူး သေးဘူး။ ဒါအေးအေးချမ်းချမ်း နယ် မြေ။ ဒါက ပထမဦးဆုံးအကြိမ်ပေါ့။ ဒီရပ်ကွက်ကတော့လူညီပါတယ်'' ဟု ဆိုသည်။


ကြည့်မြင်တိုင်မြို့မရဲစခန်းမှ ဒုရဲမှူးဦးခင်မောင်ဆွေက ကျူးလွန်သူသည် ခိုးယူရန်သာရည်ရွယ်ထားမည် ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့မှုမှာ မလွဲမရှောင်သာပြုလုပ်ခဲ့ခြင်းသာ ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ''သူ ပိုက်ဆံရလို့ ပြန်ဆင်းမယ်အလုပ်မှာ ရပ်ကွက်နေပြည်သူတွေနဲ့ ရဲတွေကြောင့် သူသွားဖို့အခွင့်မသာဘူး။ အဲဒါကြောင့်အိမ်ရှင်ရဲ့သမီးလေးကို ဓားနဲ့ထောက်ပြီးတော့ ကားနဲ့ပို့ခိုင်းတယ်။ အဲဒီအချိန်မှာ ရပ် ကွက် နေပြည် သူနဲ့ ရဲတပ်ဖွဲ့ဝင်တွေကတားတယ်။ တားပေမယ့် အိမ်ရှင်ဒေါက်တာက သူ့ရဲ့သမီးလေးအသက်စိုးရိမ်တဲ့အတွက် လက်မခံဘဲဆက်သွားတယ်။ လှိုင်သာယာကိုပို့ခိုင်းတယ်။ သို့သော် ဟံသာဝတီဘူတာနား အနီးရောက် တဲ့အချိန်မှာ မီးပွိုင့်မိနေတဲ့အတွက် အဲဒီကနေဆင်းပြီးတော့ ထွက်ပြေးသွားတယ်။ အဖေကလည်း သမီး ဇောနဲ့ ငွေကြေးကအဓိကမဟုတ်ဘူးဆိုပြီး တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်နေပြည် သူတွေရဲ့ပြောစကားကို မနာ ခံ တော့ဘဲ ကားမောင်းထွက်သွားတယ်။ သူကတော့ ခိုးဖို့ရည်ရွယ်တာပဲဖြစ်မှာပါ။ သို့သော် အခြေအနေအရ မလွှဲသာလို့ လုပ်လိုက်တယ်ထင်တယ်။ ဓားကတော့ ဒီမှာရှိတယ်။ အဲဒီခြေရာလက်ရာကို စီအိုင်ဒီက စစ်ဆေးနေပါတယ်။ အမှုကတော့ လုယက်မှု မြောက်တယ်။ ၃၉၂ သို့မဟုတ် ၃၉၄ ပေါ့။ ကလေးမှာဒဏ်ရာရတယ်ဆိုရင် ၃၉၄ ပေါ့။ ထောက်ရုံပဲဆိုတော့ ဆရာဝန်ကလည်း ဒီကလေးကို ဒဏ်ရာ အကြီးမကျယ် မရတဲ့အတွက် ပြချင် စိတ်မရှိဘူး။ ဒါသူတို့ရဲ့ စိတ်ချမ်းသာ မှုကို ကျွန်တော်တို့က ဦးစားပေးလုပ် ပေးရတာပေါ့'' ဟု ပြောကြားခဲ့သည်။

TS

#Democracy Today

Rate this item
(3 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191