Thursday, 09 November 2017 12:06

စွန့်ပစ်ပလတ်စတစ်မှ ဒီဇယ်ဆီထုတ်ယူမည့်စက်ရုံ နိုဝင်ဘာလကုန်တွင် စတင်လည်ပတ်မည်

Written by စိုးမြစိုး ( မုံရွာ )
Rate this item
(0 votes)

ဘုတလင်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့တွင် စွန့်ပစ်ပလတ်စတစ်မှ ဒီဇယ် ဆီထုတ်ယူမည့်စက်ရုံကို နိုဝင်ဘာလကုန် လောက်တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရသည်။


စွန့်ပစ်အမှိုက်အချို့မှ ဒီဇယ်ဆီထုတ်ယူ နိုင်ရန်အတွက် ၂ဝ၁၄ ခုနှစ်လောက်ကတည်း က စတင်တီထွင်စမ်းသပ်ခဲ့ကာ တစ်နေ့လျှင် ငါးဂါလန်ထွက်ရှိသည့် စက်အသေးစားကို စမ်းသပ်အောင်မြင်ပြီးဖြစ်ကြောင်းနှင့် ယခု ထုတ်ယူမည့်စက်ရုံမှာ တစ်ရက်ကို လောင်စာ ဆီ တစ်ပီပါထွက်ရှိမည့် စက်ရုံအငယ်စားဖြစ် ကြောင်း ယင်းဓာတုအင်ဂျင်နီယာလုပ်ငန်းဦးဆောင်လုပ်ကိုင်သည့် ဦးသန့်ဇင်ထွန်းက ပြောသည်။

''ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက် က သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးပေါ့။ သဘာဝပတ်ဝန်းကျင်လဲ သန့်ရှင်းမယ်၊ ဒီပလတ် စတစ်အမှိုက်ကနေလဲ လောင်စာဆီ ထုတ်လုပ် နိုင်မယ်။ နောက် ကျွန်တော့်စက်ရုံကထွက်မယ့် လောင်စာဆီက အရည်အသွေးမီပြီး ဈေးနှုန်း ကိုလဲ လက်ရှိလောင်စာဆီတွေထက် ၂၅ ရာခိုင် နှုန်း ချိုသာမယ်ပေါ့။ ဒီရည်ရွယ်ချက်တွေနဲ့ စမ်းသပ်တီထွင်ခဲ့တာပါ''ဟု ၄င်းက ပြောသည်။

၎င်းစမ်းသပ်တီထွင်မှုမှ ထွက်ရှိလာသည့် လောင်စာဆီကို ပြီးခဲ့သည့်နှစ်တွင် လယ်ထွန် စက်အငယ်စားများဖြင့် စမ်းသပ်မောင်းနှင် ခဲ့ပြီးဖြစ်ကြောင်းနှင့် အခြားလောင်စာဆီများ နည်းတူ မောင်းနှင်၍ရကြောင်းကိုလည်း ယင်းဒေသမှ တောင်သူတစ်ဦးက အတည်ပြု ပြောကြားသည်။
''ကျွန်တော်တို့ စမ်းသပ်မမောင်းခင် အရင် ထည့်ခဲ့တဲ့ဆီတွေကို အရင်ဖောက်ချပြီးမှ ထွန် စက်ငါးစီးနဲ့ ကျွန်တော်ကိုယ်တိုင် စမ်းသပ် မောင်းနှင်ပြီးပါပြီ။ ပရီမီယံဒီဇယ်နဲ့ ဒီကထွက် တဲ့ဒီဇယ်နဲ့ ဆီစားနှုန်းတူပြီး ကုန်ကျစရိတ်ကျ တော့ ဒီဆီက ပိုသက်သာတယ်''ဟု ဘုတလင် မြို့နယ် သာအေးကုန်းရွာမှ တောင်သူ ဦးစိုး မင်းက ပြောသည်။

နိုဝင်ဘာလကုန်ပိုင်းတွင် စတင်လည် ပတ်မည့်စက်ရုံမှ တစ်လလျှင် လောင်စာဆီ ပီပါ ၃ဝ ထုတ်လုပ်သွားနိုင်မည်ဖြစ်ပြီး စွန့်ပစ် ပလတ်စတစ် ပိဿာချိန် တစ်သောင်းလျှင် တစ်ပီပါနှုန်း ထွက်ရှိကြောင်း သိရသည်။ အဆိုပါ စက်ရုံမှ အသုံးပြုမည့်ကုန်ကြမ်းများမှာ စွန့်ပစ် ပလတ်စတစ်အပြင် စွန့်ပစ်ကော်အမျိုးမျိုး၊ ကားတာယာအဟောင်းများ၊ အင်ဂျင်ဝိုင်အ ဟောင်းများနှင့် အသုံးပြု၍မရသည့် စားသုံး ဆီအဟောင်းများကိုလည်း ကုန်ကြမ်းအဖြစ် အသုံးပြုထုတ်လုပ်၍ရကြောင်း သိရသည်။

Read 337 times
Login to post comments