Thursday, 05 October 2017 10:55

ယုဇန ဥယျာဉ်မြို့တော်ရှိ လမ်းအချို့တွင် ရေပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူများ အခက်တွေ့နေဟု ဆို

Written by မင်းဗညား
Rate this item
(0 votes)

ရန်ကုန်

 

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနဥယျာဉ် မြို့တော်ရှိ လမ်းအချို့တွင် ရေပြတ်တောက်မှုများနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ နေရာတွင် နေထိုင်သူများ အခက်အခဲဖြစ် နေရကြောင်း ပြောဆိုကြသည်။  ယုဇနဥယျာဉ်မြို့တော်တွင် A, B, C  စသည့်ဘလောက်များ ခွဲခြားထားပြီး လျှပ်စစ်မီးနှင့် ရေရရှိသည့်အခြေအနေပေါ် မူတည်ကာ နှစ်ရက်ခြားခန့်စီ အလှည့်ကျ ရေပေးဝေသည့်စနစ်ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သို့သော် ယခု ၁ဝ ရက်ခန့်အတွင်း ပင်မရေပို့ဆောင်ရာ ညောင်နှစ်ပင်ဌာနမှ ရေ မရရှိခြင်းကြောင့် ရေပြတ်လပ်မှုနှင့် တွေ့ကြုံ နေရကြောင်း ၎င်းတို့၏ပြောဆိုချက်များအရ သိရသည်။

 


''ပျက်တဲ့အကြောင်းရင်း စုံစမ်းကြည့် တော့ ညောင်နှစ်ပင်ကစက်က ပျက်တယ်။ မီးပျက်တယ် ပြောတယ်။ စက်တင်ဘာလထဲ မှာလဲ ခဏခဏပျက်တယ်။ ၁၃ ရက်လောက် ရှိနေပြီ။ နောက် ဘယ်လောက်ကြာဦးမလဲ မသိဘူး''ဟု A ဘလောက်တွင် နေထိုင်သူ တစ်ဦးဖြစ်သည့် ဦးသိုးထိန်းက ပြောသည်။ နှစ်ရက်ကြာ အလှည့်ကျပေးဝေသည့် နေ့တွင်လည်း မီးပျက်ခြင်း၊ စက်ချို့ယွင်းခြင်း၊ ရေလုံလောက်စွာမရှိခြင်း စသည်တို့ကြောင့် အဆိုပါဘလောက်အတွင်းရှိ အမြင့်ပိုင်းလမ်း အချို့မှာမူ ရေအခက်အခဲနှင့် ကြုံတွေ့နေရ ကြောင်း ပြောသည်။  ''အချိန်တော့ သတ်သတ်မှတ်မှတ် မရှိ တော့ဘူး။ တစ်ခါတလေလဲ နေ့ခင်းဘက်ကြီး ဖြစ်နေတယ်။ တစ်ခါတလေလဲ ညဘက်ကြီး ပေးတာရှိတယ်။ နေ့ခင်းဘက်က ပြဿနာ မရှိဘူး။ ညဘက်အိပ်ချိန်မှ ပေးမယ်ဆိုရင် မသိလိုက်ရင် ရေမရတော့ဘူး။ ရေမရှိလို့ ရေ ကို ၅ ရက်၊ ၆ ရက် မချိုးရတဲ့လူတွေတောင်ရှိတယ်''ဟု A ဘလောက်တွင် နေထိုင်သူ ကိုလေးဝင်းထွဋ်ကျူက ပြောသည်။

 


ထိုကဲ့သို့ ရေပြတ်လပ်နေမှုကြောင့် ပြင်ပမှရေများကို အထပ်မြင့်အရောက် ကျပ် ၂ဝဝဝ မှ ၂၅ဝဝ အထိပေးကာ ဝယ်ယူသုံးစွဲနေမှုများ ရှိခြင်းကြောင့် ပြည်သူများအနေဖြင့် အခက် အခဲဖြစ်ပေါ်နေသည်ဟုလည်း ဆိုကြသည်။ ''သက်ဆိုင်ရာကိုတော့ ကျွန်တော်တို့ လက်လှမ်းမီတာတော့ ရေရုံးပေါ့။ သွားပြော တော့လဲ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလိုဖြစ်နေတယ်။ ကျွန်တော်တို့ စိုးရိမ်တာက မိုးတွင်းကြီးတောင် ရေနည်းနေရင် ဖေဖော်ဝါရီလနဲ့ မတ်လဆိုရင် ပိုဆိုးနိုင်မလားပေါ့''ဟု ပြည်သူတစ်ဦးက မှတ်ချက်ပြုပြောသည်။  ''ဒေါက်တာဖြူဖြူခိုင်က ရေကိစ္စတွေကို ကိုင်တယ်။ သူလဲ ဆောင်ရွက်နေပါတယ်။ တစ်ပတ်လောက် ဆာဗေးဆင်းကြည့်နေပါတယ်။ ရေကော်မတီဖွဲ့တာတွေ ဘာတွေ ဆောင်ရွက်နေပါတယ်။ တစ်ပတ်လောက်တော့ အချိန် ယူပြီး စစ်တမ်းသေချာကောက်နေပါတယ်။ ရေကန်ထဲမှာ ရေမရှိလို့လား၊ ရှိရက်နဲ့ ရေ မရောက်နိုင်တာလားဆိုတာကို ဒေါက်တာ ဖြူဖြူခိုင်တို့ကလဲ ဆောင်ရွက်နေပါတယ်''ဟု ဦးဇင်မင်းထွေးက ပြောသည်။

 

မင်းဗညား

#theyangontimes

Read 1223 times
Login to post comments