Tuesday, 10 October 2017 14:15

ရန်ကုန် မြို့ပတ်ရထားနှင့် ရေကြောင်း သယ်ယူပို့ဆောင်ရေး စနစ်ကို အဆင့်မြှင့်တင် ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆို

Written by DT
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၉

 

ရန်ကုန် မြို့၏ အများပြည်သူသယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရာတွင် နောက်ထပ်ခြေလှမ်းသစ်များအဖြစ် မြို့ပတ်ရထားစနစ်အဆင့် မြှင့်တင်ခြင်းနှင့် ရေကြောင်းသယ် ယူပို့ဆောင်ရေး ကွန်ရက်စနစ်ဖော် ဆောင်ခြင်းတို့ ဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက Oxford Bus-iness Group(OBG) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်း သိရသည်။

 

 

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့်ပတ်သက်သော ငါးကြိမ် မြောက်အစီရင်ခံစာဖြစ်သည့် The Report: Myanmar 2018 အတွက် Oxford Business Group (OBG) ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ''ယာဉ်လမ်း ကြောပိတ်ဆို့မှုဟာ ရန်ကုန်မြို့အနှံ့အပြားမှာ အဓိကပြဿနာတစ်ရပ် ဖြစ်နေပြီး ကောင်းမွန်မှုမရှိတဲ့လမ်း တွေနဲ့ ပြီးပြည့်စုံတဲ့အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ် မရှိခြင်းတို့ကလည်း အခြေအနေတွေကို ပိုမိုဆိုးရွားစေပါတယ်။ တိုင်းဒေသကြီး အစိုးရက ယာဉ်လမ်းကြောစီမံခန့်ခွဲမှုဗဟိုချုပ်ကိုင်မှုစနစ်ကို စတင်လုပ် ဆောင်ခဲ့ပြီး ရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေ စတင်ဖြေရှင်းနိုင်ရန်အတွက် စွမ်းဆောင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့အတွက် ဖြေရှင်းချက်တွေ ရှာဖွေဖို့လုပ်ဆောင်နေပါတယ်။ ဒီလိုအခြေအနေမှာ အလုံးစုံပါဝင်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်ကွန်ရက်ကို ဆောင်ရွက်ခြင်းဟာ ရန်ကုန်မြို့နေပြည်သူလူထုအတွက် ဈေးနှုန်းသက်သာပြီး ပြီးပြည့်စုံ သောဝန်ဆောင်မှု ပေးအပ်နိုင်ဖို့အတွက် အဓိကအခန်းကအဖြစ်ပါ ဝင်နိုင်မှာဖြစ်ပါတယ်''ဟု ပြောသည်။

 


Oxford Business Group (OBG) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံစဉ် လူဦးရေတိုးတက်လာမှုများ ကြောင့် ပိုမိုဆိုးရွားလာနေသော ရန်ကုန်မြို့၏ အခြေခံအဆောက်အအုံကဏ္ဍ လိုအပ်ချက်မြင့်မားမှု များအားလည်း အဓိကအချက်တစ်ချက်အဖြစ် ထည့်သွင်းဆွေးနွေးခဲ့သည်။ ဦးဖြိုးမင်းသိန်းက ''ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ရန်ကုန်မြို့ဟာတိုးတက်ကျယ်ပြန့်လာပေမယ့် အခြေခံအဆောက်အအုံတွေကတော့ လိုအပ်သလောက်တိုးတက်လာခြင်းမရှိခဲ့ပါဘူး။ ဒီအတွက်ကြောင့် အခုအချိန်မှာ ရန်ကုန်မြို့ရဲ့ စီမံခန့်ခွဲ မှုနဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေအပေါ် ဖိအားတွေကျရောက် နေတာဖြစ်ပါတယ်''ဟုပြောသည်။ Oxford Business Group (OBG) သည် အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အာရှနှင့်အမေရိကတိုက်များမှ နိုင်ငံပေါင်း ၃ဝကျော်တွင် နိုင်ငံတကာသုတေသနနှင့် အတိုင်ပင်ခံလုပ်ငန်းများ လုပ်ကိုင်လျက်ရှိ ပြီး မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေနှင့်ပတ်သက်သော ငါးကြိမ် မြောက်အစီရင်ခံစာဖြစ်သည့် The Report: Myanmar 2018 တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အသေးစိတ်အမေးအဖြေကဏ္ဍ ထည့်သွင်းဖော်ပြမည်ဖြစ်ကြောင်း သိရသည်။ 

 

 

DT

#democracytoday

Read 572 times
Login to post comments