Wednesday, 11 October 2017 12:22

ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တွင် ခွင့်ပြုချက်မယူဘဲ လုပ်ကိုင်နေသည့် လုပ်ငန်းများ အခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် လျှောက်ထားနိုင်သော်လည်း ဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည် မဟုတ်

Written by TTMT
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ခွင့်ပြုမိန့်နှင့်အတည်ပြုမိန့်ရယူခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အခွန်ကင်းလွတ်ခွင့်နှင့်သက်သာခွင့် လျှောက်ထားခွင့် ပြုမည်ဖြစ်ကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အောက်တိုဘာ ၁ဝ ရက်တွင် အမိန့် ကြေညာစာအမှတ်-၈၄/၂ဝ၁၇ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေပုဒ်မ ၁ဝဝ(ခ)တွင်ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်နှင့်အတည်ပြုမိန့်ကို ရယူခဲ့ခြင်းမရှိဘဲ စီးပွားရေးလုပ်ငန်းလုပ် ကိုင်ဆောင်ရွက်လျက်ရှိသော ရင်းနှီး မှုပ်နှံမှုလုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အတည်ပြုမိန့်လျှောက်ထားနိုင်မည် ဖြစ်ကြောင်းသိရသည်။ ယင်းလုပ်ငန်းများ အနေဖြင့် အတည်ပြုမိန့် လျှောက်ထားနိုင်မည် ဖြစ်သော်လည်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ဥပဒေပုဒ်မ ၇၅ ပါ ဝင်ငွေ ခွန်ကင်းလွတ်ခွင့်ကိုမူ လျှောက်ထားခွင့်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

 


''ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆီမှာ ခွင့်ပြုချက်အတည်ပြုချက်မယူဘဲနဲ့ ဥပမာ- ဟိုတယ်လုပ်ငန်း လုပ် နေတယ်။ အခွန်တွေလည်း ဆောင် နေတယ်။ ပြီးတော့မှ ဒီအခွန်ဆောင်ထားတာတွေယူလာပြီး MIC မှာ လာဝင်လို့ရတယ်။ MIC  ရဲ့အကာ အကွယ်အထောက်အပံ့တော့ရမယ်။ သို့သော် သူကရင်းနှီးမြှုပ်နှံမှု အသစ်မဟုတ်တဲ့အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်တော့ မပေးဘူး။ သူက ရင်းနှီးမြှုပ်နှံမှုပမာဏကို ထပ်တိုးချဲ့မယ်။ နိုင်ငံခြားက ကုန်ပစ္စည်းတင်သွင်းချင်တယ်ဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်တွေ ကိုပြုမယ်။ ခွင့်ပြုမယ်ဆိုတဲ့ နေရာမှာ လာလျှောက်သမျှ အကုန်ကိုခွင့် ပြုမှာမဟုတ်ပါဘူး။ စိစစ်ပြီးမှသာ ခွင့်ပြုမှာဖြစ်ပါတယ်''ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ခွင့်ပြုမိန့်နှင့် အတည်ပြု မိန့်ကိုရယူပြီးမှသာ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများအနက် နိုင်ငံ တော်မှ အားပေးမြှင့်တင်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုသာ ဝင် ငွေခွန်ကို နှစ်အကန့်အသတ်များဖြင့် ကင်းလွတ်ခွင့် ပြုနေခြင်းဖြစ်သည်။

 


ယခု ဘဏ္ဍာနှစ်စဖြစ်သော ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း နိုင်ငံခြားရင်းနှီး မြှပ်နှံမှုပမာဏမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၃ဝဝဝ မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၁၄/၂ဝ၁၇ အစည်းအဝေးကို အောက်တိုဘာ ၁ဝ ရက်တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးတွင် အဆိုပြုလွှာတင်ပြလာသည့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများတွင် အတည်ပြု မိန့် လေးခု ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ 

 

TTMT

#democracytoday

Read 1257 times
Login to post comments