Thursday, 12 October 2017 12:45

သစ်သီးဝလံ လက်ကားဈေးသစ်ကြီးအား နိုဝင်ဘာလကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး ဆိုင်ခန်း ငှားရမ်းမှုများ စတင်ခေါ်ယူလျက်ရှိ

Written by မင်းဗညား
Rate this item
(0 votes)

ရန်ကုန်

 

တညင်းကုန်း သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် လက်ကားဈေးသစ်ကြီးအား နိုဝင်ဘာလအတွင်း ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း နှင့် ဆိုင်ခန်းငှားရမ်းမှုများကို အထူးလျှော့ ဈေးများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာအက်ဂရိုအိတ်(စ်)ချိန်းပတ်ဘလစ်လီမိတက်(MAEX) မှ CEO  ဖြစ်သူ ဦးအောင် ကြီးက ပြောသည်။ အဆိုပါဈေးတွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် ပန်းမန်များကို လက်ကားရောင်းချ နိုင်ရန်အတွက် စီစဉ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအချိန်တွင် သစ်သီးလက်ကား ဈေးရုံ၊ ဟင်းသီးဟင်းရွက်စားဖိုဆောင်သုံး၊ ဝလံပစ္စည်းလက်ကားဈေးရုံနှင့် တောင်သူလက် လီရောင်း(Ground Market)ဈေးရုံသုံးရုံရှိ ဆိုင်ခန်းပေါင်း ၅၆ဝဝ ကျော်အား တည်ဆောက် ပြီးစီးပြီဖြစ်ကြောင်းနှင့် ငှားရမ်းမှုများ စတင်လျက်ရှိကြောင်း သိရသည်။

 


''လပေးနဲ့ ငှားရမ်းရင်တော့ တစ်နှစ်စာ စာချုပ်ချုပ်ရမယ်ပေါ့။ အနည်းဆုံး တစ်နှစ်ပေါ့။ အခန်းတစ်ခန်းကို လေးသောင်းခွဲ၊ ဝန်ဆောင်ခ လေးသောင်း ၅ ပေx၁၁ ပေ အခန်းတစ်ခန်းကိုပါ။ ဝန်ဆောင်ခဆိုတာ သန့်ရှင်းရေး၊ မီးတို့၊ ရေတို့၊ ကားပါကင်တွေကို တာဝန်ယူသွားမယ်။ စပေါ်ငွေကို ဆိုင်ခန်းရဲ့ သုံးလစာ လောက်ကိုပဲ တင်ထားပြီးတော့ ပြန်ထုတ်လို့ရတဲ့အတွက်ကြောင့် ဆိုင်ခန်းခငွေတွေ ရင်း စရာမလိုဘူး။ လစဉ်ဆိုင်လခလေးပဲ ကုန်ကျမယ်''ဟု CEO ဦးအောင်ကြီးက ပြောသည်။  အဆိုပါဈေးသစ်ကြီး ဖွင့်လှစ်ပြီးချိန်တွင် ကုန်ပစ္စည်းများ သိုလှောင်နိုင်ရန်အတွက် အအေးခန်း(Cold Store) များ တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်ပပို့ကုန်များ အထိ တင်သွင်းနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 


ယခုလအတွင်း ဆိုင်ခန်းငှားရမ်းသူများ အနေဖြင့် ဈေးဖွင့်လှစ်သည်မှ ရှစ်လအထိဆိုင်ခန်းငှားရမ်းခ တစ်ဝက်နှုန်းဖြင့်လည်း ကောင်း၊ အောက်တိုဘာလကုန်နောက်ပိုင်း ကာလများအတွင်း ငှားရမ်းသူများအနေဖြင့် ဈေးဖွင့်သည့်အချိန်မှ ခြောက်လတာကာလအတွင်း ဆိုင်ခန်းငှားရမ်းခ၏ တစ်ဝက်နှုန်းများကို အထူးလျှော့ဈေးဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။  ''မပုပ်မသိုးဘဲ သိမ်းဆည်းလို့ရမယ့်စနစ်လဲ နောက်ပိုင်းမှာ ပါလာမှာပါ။ ဈေးဖွင့်ရင်လည်း လှောင်လို့ရအောင် အအေးဘောက် တွေ ဆောင်ရွက်ပေးသွားမှာပါ။ ဈေးသူဈေး သားတွေအတွက် အကျိုးရှိမှာပါ။ ပြည်ပပို့ကုန် အဖြစ်တောင်လုပ်ဖို့ ရည်ရွယ်လုပ်ဆောင် နိုင်မှာပါ''ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

 


အဆိုပါဈေးသစ်ကြီးသည် အင်းစိန် မြို့နယ် ရွှေပြည်သာတံတားနှင့် ပုလဲလမ်း ထောင့်တွင် တည်ရှိခြင်းဖြစ်သည်။ သစ်သီးဝလံ ဈေးရုံသုံးရုံနှင့် ဟင်းသီးဟင်းရွက်ကုန်မျိုးစုံ ရောင်းချသည့်နေရာများတွင် ရောင်းချခြင်းအတွက် စပေါ်ငွေပေးသွင်းကာ တစ်နှစ်စာချုပ် ချုပ်ဆိုနိုင်သော်လည်း တောင်သူလက်လီ ရောင်း(Ground Market) အား စပေါ်ငွေ ပေးသွင်းစရာမလိုအပ်ဘဲ နေ့နှင့်ည နှစ်ချိန် ရောင်းချနိုင်ရန်အတွက် စီစဉ်ထားကြောင်း သိရသည်။

 

မင်းဗညား

#theyangontimes

Read 371 times
Login to post comments