Thursday, 12 October 2017 12:51

ရော်ဘာကုန်ချော ထုတ်လုပ် တင်ပို့နိုင်ရန် အစိုးရ အကူအညီ လိုအပ်

Written by PTL ( Pyay )
Rate this item
(0 votes)

ရန်ကုန်

 

ပြည်တွင်း၌ ရော်ဘာကုန်ချောထုတ် လုပ်နိုင်မည့်အနေအထားသို့ ရောက်ရှိရန်မှာ အစိုးရ၏ ကူညီပံ့ပိုးမှုရရှိမှသာ ဖြစ်နိုင်မည်ဟု မြန်မာနိုင်ငံရော်ဘာထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ မြန်မာနိုင်ငံမှထွက်ရှိသော ရော်ဘာများ၏ ရာခိုင်နှုန်း ၉ဝ ခန့်ကို ပြည်ပသို့ ကုန်ကြမ်းအဖြစ် တင်ပို့နေရဆဲဖြစ်ပြီး နည်းပညာပေါင်းစပ်၍ Value Added ထုတ်ကုန်အဆင့်အထိ ရောက်ရှိရန် လိုအပ်ချက်များစွာရှိနေခြင်းဖြစ်သည်။

 

 


''ကုန်ချောထုတ်ပြီးပို့ဖို့က အစိုးရအပေါ်မှာ မူတည်တယ်။ ရော်ဘာကုန်ချောထုတ်တဲ့ စက်ရုံဆိုတာ ငွေကြေးအမြောက်အမြားသုံးရတဲ့စက်ရုံတွေ၊ စက်ရုံတစ်ရုံ တည်ဆောက်ဖို့အတွက် ကန်ဒေါ်လာ သန်းပေါင်းများစွာကုန်ကျမှာပါ။ အဲဒါတွေအတွက်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လာဖို့လိုတယ်။ ကိုယ့်ပြည်တွင်း က ထုတ်ဖို့ဆိုရင်လဲ လုပ်ငန်းရှင်တွေအပေါ်မှာ လုံလောက်တဲ့ငွေကြေး ထုတ်ချေးပေးတဲ့ စနစ်တွေလိုတယ်''ဟု မြန်မာနိုင်ငံရော်ဘာ ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူးဦးခိုင်မြင့်က ပြောသည်။  ရော်ဘာကုန်ချော ထုတ်လုပ်နိုင်ရန်အတွက် ငွေကြေးအရင်းအနှီး အများအပြား လိုအပ်ရုံသာမက ရော်ဘာအရည်အသွေး မြှင့်တင်ပေးရန်နှင့် နည်းပညာ၊ အခြေခံအ ဆောက်အအုံ၊ လျှပ်စစ်ကဏ္ဍ စသည်ဖြင့် အလုံအလောက် ဖြည့်ဆည်းပေးနိုင်ရန် လိုအပ် ကြောင်း သိရသည်။  မွန်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏ ကျော်ကလည်း ရော်ဘာကဏ္ဍနှင့်ပတ်သက် ပြီး Value Added  ဖြစ်ရန်နှင့် ဈေးကွက်ပိုင်း တွင် ကမ္ဘာ့ဈေးကွက်ကို အခြေခံ၍ ဈေးနှုန်း ပြောင်းလဲနေခြင်းဖြစ်သောကြောင့် ဈေးကျချိန်တွင် တောင့်ခံပြီး ဝယ်ထားနိုင်သည့် နိုင်ငံတကာကုန်သည်များ ပြည်တွင်း၌ရှိလာပါက ရော်ဘာ အခန်းကဏ္ဍ မြင့်တက်လာနိုင်မည်ဟု ထောက်ပြ ပြောကြားထားသည်။

 


လက်ရှိသက်ဆိုင်ရာပြည်နယ်အစိုးရ၏ အကူအညီဖြင့် မွန်ပြည်နယ်အတွင်း မြို့နယ် ၁ဝ မြို့နယ်တွင် ရော်ဘာအရည်အသွေးမြင့် စက်ရုံတည်ဆောက်ရန် စီစဉ်မှုများလည်းရှိနေကြောင်း သိရသည်။  ထိုသို့ ရော်ဘာကုန်ကြမ်းများ အရည်အသွေး တဖြည်းဖြည်း မြင့်တက်လာပါက ပြည်ပလုပ်ငန်းရှင်များက ပြည်တွင်း၌ ကုန်ချော စက်ရုံများဖွင့်လှစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် လာနိုင်မည်ဖြစ်ကြောင်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရော်ဘာကုန် ချောစက်ရုံအဖြစ် စက်မှုဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ ရန်ကုန်တာယာစက်ရုံ နှစ်ရုံသာရှိသေး ကြောင်း၊ ယင်းစက်ရုံမှ ထွက်ရှိသောတာယာများမှာ ပြည်တွင်းသုံးအရည်အသွေးပိုင်းလည်း မှီကာ မလေးရှားနိုင်ငံသို့လည်း တင်ပို့ရောင်းချ နေရကြောင်း သိရသည်။

 

PTL ( Pyay )

#theyangontimes

Read 1063 times
Login to post comments