Main menu
HOT NEWS
adv
မြတ်သော အကျင့်ကို ကျင့်၍ နေရာအနှံ့ ၌ နေပါ ဦးခိုင်ထူး

မြတ်သော အကျင့်ကို ကျင့်၍ နေရာအနှံ့ ၌ နေပါ ဦးခိုင်ထူး

ဒီဇိုင်းမျိုးဆွေသန်း

----------------------------

အဆိုတော်ကတော့ ကိုယ့်ငယ်ဘဝမှာ အကြိုက် ဆုံးပဲ။
အကြွေဆုံးဆိုလည်းသူပဲ။
သီချင်းတစ်ပုဒ်ပန်းတစ်ဆုပ်
နေရာဟောင်းလေးမှာ၊
ထွက်လို့မရောက်တဲ့လမ်း၊
ဝေးကွာခြင်းက တို့အတွင်းထဲမှာ
ကျောခိုင်းစကားကို မင်းပဲဆို၊
တွေဝေလမ်းခွဲမှာထားခဲ့မယ်လေ
ချစ်ခြင်းရဲ့အပြစ်ဒဏ်၊
မမေ့နိုင်သောပုံပြင်ဟောင်း၊
သေတောင်ခေါင်းမငုံ့နဲ့၊
အစိမ်းချွေ၊
သို့တစ်ရံတစ်ခါဆီ၊
စိမ်းမှစိမ်း၊
အိမ်ပြန်ချင်တဲ့အလွမ်း
အားလုံးဟာ ကိုယ့်အတွက်ရည်ညွှန်းလေသလား အောက်မေ့ရတယ်။


ခေတ်ပြိုင်တွေအားလုံးကို ကိုယ်စားပြုတယ်ဆိုတာ ခေတ်ကတောင်းဆိုလို့ပေါ်လာတဲ့ အဆိုတော်ပဲ။ မုံရွာကောလိပ်နေ့ရက်တွေ၊ မန္တလေးတက္ကသိုလ် ကျောင်းသားနေ့ရက်တွေမှာ ထူးအိမ်သင်မပေါ်ခင်အထိက စိုင်းထီးဆိုင်တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။ ခိုင်ထူးနဲ့ တူးတူးက ထိန်းကျောင်းခေါ်ဆောင်ခဲ့တာပဲ။ ရန်ကုန်ဒီဂီတလောကကို ကိုယ်ကျင်လည်တော့ ခေတ်ကပြောင်းနေပြီ။ ဒါပေမဲ့ ကိုယ့်အတွက်ကတော့ ကိုယ်ခေါ်မယ့်လမ်း လိုက်မယ်ပြောဖူးသူပဲ၊ ချစ်ခြင်းရဲ့အပြစ်ဒဏ်ပဲ၊ သစ္စာရှိဖို့ တို့လာတယ်ပဲ။ တစ်ရက်တော့ ဖူးမောက် တေးသံသွင်းက ဒီဇိုင်းတစ်ခုအပ်တယ်။ ခိုင်ထူးတဲ့ 'တွဲဖက်ချွေး'တဲ့၊ 'ဟာ . .ဒါ ကျွန်တော့်အကြွေဗျ'လို့ ပြောလိုက်သေးတယ်။ ကျွန်တော့် ဟီးရိုးဆိုတော့ ကျွန်တော့်ရိုးသားမှုက သူ့တေးစီးရီးကို ကွန်ပျူတာခေတ်မှာ ကျွန်တော်တတ်စွမ်းသမျှ ရိုးသားစွာနဲ့ ကျွန်တော့်လက်နဲ့ပဲရေးဆွဲပြီး ကျွန်တော့် လက်ရေး နဲ့ပဲရေးကာ ကျွန်တော့်လက်မှတ်ထိုးလိုက်ပါတယ်။ မျိုး ဆွေသန်း ၁၉၉၅ တဲ့။


ဒါကျွန်တော့်ဘက်က ဦးခိုင်ထူးအပေါ် ကျေးဇူး သိတတ်မှု၊ မေတ္တာစေတနာ လေးစားချစ်ခင်ရင်းနှီးကျွမ်း ဝင်မိသမျှ အနီးကပ်ဆုံး ချဉ်းကပ်မိသမျှဟာ 'တွဲဖက်ချွေး'ပဲ။ ဒါ့အပြင် ဒီအချိန်က ကိုယ်ကြိုက်မိတဲ့ ဧကစာချို ဆိုတဲ့ ကိုချိုကိုလည်း တွဲဖက်ချွေး သီချင်းစာအုပ်အတွက် ပုံလေးတွေအပ်ပြီး နှစ်သက်ဖွယ်ရာသီချင်းစာအုပ်လေး အဖြစ် ဖန်တီးပေးခဲ့ပါတယ်။ တစ်ရက်မှာ ဦးခိုင်ထူးက တင်ဇာမော်ကိုပွဲတစ်ပွဲမှာ လာပြီးချီးကျူးပါသတဲ့။ တင်ဇာမော်ကလည်း ဦးခိုင်ထူးနဲ့ စကားတွေပြောပြီးတဲ့နောက်မှာ 'ဦးခိုင်ထူးမှ ဦးခိုင်ထူးတဲ့ တစ်ယောက်ရှိတယ်၊ ကိုမျိုးဆွေသန်းပဲ'ဆိုတော့ သူကပဲ ဝမ်းတွေသာနေသေးသတဲ့၊ ဒါနဲ့ပဲ 'ငါကသူ့စီးရီးတစ်ခု ဒီဇိုင်းလုပ်ရတာ သေမလောက်ပျော်နေတာပြောပေးဦး' ဆိုတော့၊ ဘယ်စီးရီးလဲလို့ ဦးခိုင်ထူးကမေးခိုင်းပြန်တယ်။  ဖူးမောက်တေးသံသွင်းကအပ်တဲ့ တွဲဖက်ချွေး တေးစီးရီးလို့ပြောတော့ ဦးခိုင်ထူးက ''တင်ဇာရယ် ငါဒီဖြစ် ရပ်ကို သိပ်ကျေနပ်တယ်'တဲ့။ သူ့တွဲဖက်ချွေးစီးရီးကာဗာ ဒီဇိုင်းကိုလုပ်ပေးတဲ့ ဒီဇိုင်းဆရာကခေတ်ပေါ်ဒီဇိုင်းဆရာ၊ အဲဒီဒီဇိုင်းဆရာက သူ့တေးသီချင်းတွေနဲ့ ကြီးပြင်းလာတဲ့ သူဆိုတဲ့ ပျော်ရွှင်မှုလေးကိုပေးခွင့်ရလိုက်တဲ့အတွက် ကျွန်တော်ကျေနပ်မိတာလည်း အမှန်ပါပဲ။

 

entertainment

 

ဦးခိုင်ထူးကို လူချင်းတည့်တည့်တွေ့တော့ ဖူဆန် စားသောက်ဆိုင်မှာ အောင်အောင်က မိတ်ဆက်ပေးပြီး သီချင်းဆိုခိုင်းတော့ ကျွန်တော်ကအောင်အောင့်ကို အတင်းတားမြစ်တဲ့အခါ ဦးခိုင်ထူးကအောင်အောင်နဲ့ကသူနဲ့ညီအစ်ကိုလိုဖြစ်လို့ အားနာရန်မလိုပါကြောင်း ပြောတဲ့အခါ မဖြစ်မနေကျွန်တော်ပြောရတော့မှာ ဖြစ်တဲ့အတွက် 'နေရာဟောင်းလေးမှာ'ပေါ့။ 'သည်နွေကူးပြောင်းရင် အလွမ်းစိတ်ဖြေပြေမယ့် မင်းကိုယ်စားကိုဘယ်ရာသီမှာရုန်းထွက်လို့စေနိုင်မှာလည်း လေ နေနေနိုင်တဲ့ ဘဝသစ်မှာ အဆင်သင့်မဖြစ်နိုင်သေးရင် နေရာဟောင်းလေးမှာ ပြန်လည်ဆုံစည်းကြစို့ကွယ်'။ အခုသူနဲ့အတူ စိတ်ပါလက်ပါ နေရာဟောင်းလေး ကို သွားနေတဲ့သူက တွဲဖက်ချွေးဒီဇိုင်းလုပ်တဲ့ ဒီဇိုင်းဆရာ လေးလို့ ဦးခိုင်ထူးမသိပါဘူး၊ ကျွန်တော်ကလည်း မပြောတော့ပါဘူး၊ ခရမ်းကအထွက် ချောင်းတစ်ဖက်မှာ ငုတ်တုတ်ထိုင်နေတဲ့ တွဲဖက်ကျောင်းဆရာလေးက သီးသန့် နေရာတစ်ခုမှာ ထားခဲ့ပါပြီ။ ဖြတ်သန်းခဲ့သမျှ နေရာဟောင်းလေးတွေကို အသက် ဝင်စေခဲ့သူက ခေတ်ပြိုင်တွေအဖို့ချစ်ခဲ့တဲ့ မိန်းမတွေ လား၊ မုန်းခဲ့တဲ့မိန်းမတွေလားမဟုတ်ပါဘူး. . .သူပါ၊ ဦးခိုင်ထူးပါ၊ သူရဲ့ဆောင်းမှာလည်း ရောက်မလာခဲ့သူပါ။


မုံရွာကောလိပ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် ဘက်မှာ နှင်းလေးတွေ ဝေနေပြီလား၊ မိုးစက်ကလေးတွေ ကျလာပြီလား၊ ဥသြငှက်ကလေးတွေ အော်မြည်သံ ကြားစ ပြုပြီလား၊ ရင်ထဲမှာ ကျင်ခနဲပါပဲ။ အသည်းအိမ်ထဲစွဲစေ တဲ့အသံ၊ ဝေးနေလည်းကြားယောင်တယ်။ အမြဲတမ်းမိတ်ဆွေရယ်၊ ဆောင်းမှာလည်း ရောက်မ လာခဲ့သူ၊ မိုးမှာလည်းမတွေ့နိုင်တဲ့ ခရီးသွားမိတ်ဆွေရယ်။ ကျွန်တော်တို့တွေမှာ နေရာဟောင်းလေးတွေဆီကို ရောက်မလာနိုင်တော့မယ့်သူလေးတွေ တစ်ယောက်စီတော့ ရှိနေခဲ့ကြတယ်မဟုတ်လား ဒီတော့လည်းဆိုပေါ့၊ ညည်းပေါ့။  နေရာဟောင်းတွေဆီ ကိုယ်ရောက်တော့ကွယ် ထာဝစဉ်တွေး ငေးနေမိတယ်။ ဒါပေမယ့်လေကွယ် ပစ်သွားရက်သူ မငြူစူပါဖူး ကိုယ့်ချစ်ဦးရယ်။ အိုး ဒီရင်မှာ သူသာပဲ ထာဝစဉ်သာ။


အလွမ်းမှန်ဖို့၊ အလွမ်းသန်ဖို့ ညွှန်းကိန်းတွေတည့်တည်၊့ နေရာတွေတည့်တည့်၊ ဗဟိုချက်တွေကိုတည့်တည့် ရာပြည့်သော မိုးကျော်သော ခိုင်ထူးသောက ညွှန်ပြကူညီ ပူလောင်ပေးခဲ့ကြတယ်မဟုတ်လား။ အဲဒီအပူတွေနဲ့ ပျံတက် ခဲ့ကြတဲ့ ဒုံးပျံတွေက ကျွန်တော်တို့တစ်ခေတ်လုံးပါ။ ဒီနေ့ ဦးခိုင်ထူးကို ဂူသွင်းသင်္ဂြိုဟ်ပါမယ်တဲ့။ ဦးခိုင်ထူး ကနေထိုင်ခဲ့စဉ်မှာ နေထိုင်ရာပတ်ဝန်းကျင်ကို အလှဆင်ပေး ခဲ့ပြီး ကမ္ဘာလောကကြီးကို အကောင်းဘက်က စွက်ဖက် ပေးခဲ့သူပါ၊ လေးထောင့်မေးရိုးနဲ့ ဦးခိုင်ထူး သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ကို ဒီနံနက်ကြားယောင်ပါတယ်။ နံနက်မိုးလင်းလင်းချင်း ကားလမ်းဘက်ကကားသံတွေ အတိုင်းသား ကြားတဲ့အခိုက်မှာငါဟာနိုးတစ်ဝက် အိပ်တစ်ဝက် အသာအယာ အနားတိုးလှုပ်၍ ငါ့မိတ်ဆွေကိုနှုတ်ဆက်နေ့ရဲ့ ရောင်နီရောက်လို့လာပြီ ခွင့်ပြုသူငယ်ချင်း။ 'တစ်လှမ်းချင်းလှမ်းလို့ တရွေ့ရွေ့ထွက်ခဲ့ ရှေ့မှာ မျှော်လင့်ခြင်းတို့နင်းတွန်း၍ အသက်ဆက်ယုံကြည်ခြင်း မမြဲသောလက်နှင့်ချို့တဲ့ငါ့ဘဝရှိပါစေသူငယ်ချင်း ငါသည်မြတ်သောအကျင့်ကိုကျင့်၍ နေရာအနှံ့၌နေရာ၏။


'ရိုးသားခြင်း၌ ဆင်းရဲငါ့ဘဝရှိပါစေသူငယ်ချင်း ငါသည် မြတ်သောအကျင့်ကိုကျင့်၍ မြေမှာရပ်၍နေပါ၏'။ ခွင့်ပြုပါတယ် ဦးခိုင်ထူး၊ ကျွန်တော်တို့ခေတ်ပြိုင်များ အပေါ် ကြီးမားတဲ့ အနုပညာမှော်သြဇာနဲ့ လွှမ်းမိုးခဲ့သူ တစ်ဦးရဲ့ ဂုဏ်ကျေးဇူးကို သေချာစွာနားလည်လျက် ရှိခိုး နှုတ်ဆက်လိုက်ပါတယ်။ 

 

မြတ်သောအကျင့်ကိုကျင့်၍ နေရာအနှံ့မှာနေပါ ဦးခိုင်ထူး . . . ။ ။

 

ဒီဇိုင်းမျိုးဆွေသန်း

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191