Main menu
HOT NEWS
adv
၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှ အကယ်ဒမီ ဆုရှင်များ၏ ပီတိစကားများ

၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှ အကယ်ဒမီ ဆုရှင်များ၏ ပီတိစကားများ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်သည့် ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားမှ အကယ်ဒမီဆုရှင်များ၏ ပီတိစကားများကို ဖော်ပြလိုက်ရပါသည်။

 

ဦးကြည်မင်းသိန်း
(အကောင်းဆုံးရုပ်ရှင်အသံဆု)

''ကျွန်တော် ဒီအသံဆုကို ဆွတ်ခူးရရှိတာကတော့ ကျွန်တော်တစ်ယောက်တည်း တော်လို့မဟုတ်ပါဘူး။ ဒါရိုက်တာ၊ ပါဝင်သရုပ်ဆောင်တဲ့ သရုပ်ဆောင်တွေ အပါအဝင် စက်မှုပညာရှင်တွေတော်လို့ ကောင်းမွန်လို့ရရှိတာပါ။ ပြီးတော့ ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံက အဖွဲ့တစ်ဖွဲ့ ပေါင်းပြီး ''From Bangok to Mandalay''ဆိုပြီး ရုပ်ရှင်ဇာတ်ကားရိုက်ကူး ရုံတင်ပြသခဲ့ပါတယ်။ ထိုင်းသရုပ်ဆောင်အပါအဝင် မြန်မာသရုပ်ဆောင် သုံးဦးနဲ့ တင်ဆက်ခဲ့တာပါ။ ဒီဇာတ်ကား နဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကသားတွေ အားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်လို့ ပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း အနုပညာလုပ်ငန်းကို ဆက်လက် ကြိုးစားလုပ်ကိုင်သွားမှာပါ။

 

ဂီတမှူး ဓိရာမိုရ်
(အကောင်းဆုံးရုပ်ရှင်တေးဂီတဆု)

''ပြီးခဲ့တဲ့ ၂ဝဝ၉ ခုနှစ်ကလည်း တေးဂီတဆုရရှိခဲ့လို့ ဆုတစ်ဆုနဲ့တင် ကြိုးစားရတာမကုန်သေးလို့ ဆက်ကြိုးစားတာပါ။ ဒီနှစ်မှာလည်း ရုပ်ရှင်တေးဂီတဆုထပ်မံ ဆွတ်ခူးရရှိခဲ့တဲ့အတွက် ကျွန်တော့်ရဲ့သက်ရှိထင်ရှားရှိနေတဲ့ အဖေနဲ့ အမေအတွက် ဆုတစ်ဆု၊ သားသမီးတွေအတွက် ဆုတစ်ဆုရလိုက်တယ်လို့ ခံစားမိပြီး အထူးဝမ်းသာရပါ တယ်။ ကျွန်တော့်ကို အားပေးစကားပြောတဲ့ အဘ ဗိုလ်ကလေးတင့်အောင်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီအကယ်ဒမီဆုကို လူသိရှင်ကြား၊ တိုင်းပြည်ပညာရှင်တွေရှေ့မှာ ထိုက်ထိုက်တန်တန်ရရှိတယ်လို့ ခံယူမိပါတယ်။ ကျွန်တော့် အနေနဲ့ အလုပ်ကို ဆက်ကြိုးစားသွားမှာဖြစ်ပြီး တာဝန်ရှိ ဂီတဆရာတွေ၊ ပရိုဂျူဆာတွေနဲ့ အနုပညာသမားအားလုံးကို အလွန်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။

 

ထွန်းထွန်း
(အကောင်းဆုံးရုပ်ရှင်အမျိုးသားဇာတ်ဆောင်ဆု )

အုတ်ကြားမြက်ပေါက်ဇာတ်ကားမှာ ဖိုးသကြား ဇာတ်ကောင်ကာရိုက်တာနေရာကနေ ရရှိတာဖြစ်ပါတယ်။ ကျွန်တော်အတိုင်းမသိ အလွန်ပျော်ပါတယ်။ လှိုက်လှိုက် လှဲလှဲ ရင်ထဲက အလွန်ကြည်နူးရပါတယ်။ ကျွန်တော် တစ်ယောက်တည်းကောင်းလို့ မဟုတ်ပါဘူး။ အားလုံးကောင်း လို့ပါ။ အဲဒီအတွက် အားလုံးကို ချီးမြှင့်တယ်လို့ ကျွန်တော် မှတ်ယူထားပါတယ်။ ကျွန်တော် အခုလိုမျိုး ဆုရဖို့အတွက် ကြိုးစားနေတာမဟုတ်ဘဲနဲ့ အခုလို ဆုရလိုက်တဲ့အတွက် ပိုပြီးတော့ ကျွန်တော်ကြိုးစားမယ်ဆိုတဲ့ လူကြီးဆန်တဲ့အတွေး ကျွန်တော်ရောက်သွားပါတယ်။ အလုပ်တွေကို အမှားနည်းသည်ထက်နည်းအောင် ကြိုးစားသွားပါမယ်။ ပရိသတ်ကြီးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

 

အကယ်ဒမီ သက်မွန်မြင့်
(အကောင်းဆုံးရုပ်ရှင်အမျိုးသမီးဇာတ်ဆောင်ဆု )

ချစ်လှစွာသော အမုန်းဆိုတဲ့ ဇာတ်ကားနဲ့ ရတာပါ။ သက်မွန် အလွန်ဝမ်းသာပါတယ်။ ပရိသတ်တွေကလည်း အလွန်ကို ရစေချင်တဲ့ ကားလေးပေါ့။ သူတို့ရဲ့ဆန္ဒနဲ့ ထပ်တူကျတဲ့အတွက် အများကြီးကို ဝမ်းသာရပါတယ်။ အမှတ်တရတွေကတော့ အများကြီးပါပဲ။ ဒီဇာတ်ကားလေး သရုပ်ဆောင်တဲ့အခါ အလွန်ခက်ခဲခဲ့တယ်။ ပင်ပန်းခဲ့တယ်။ ဘယ်တော့မှ မငြင်းခဲ့ဘူး။ ဒီအလုပ်မှာ ပျော်တာကိုး။ ဒါပေမဲ့ ဒီကားမှာ တအားပင်ပန်းလိုက်တာဆိုတာ ဖြစ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစချင်းရိုက်ကတည်းက ဆယ်ရက်လောက်ကို နေ့ညနေ့ည ရိုက်တော့ လူကနည်းနည်းအင်အားလျော့လာတာပေါ့။ လုပ်ရတဲ့ ဇာတ်ကောင်ကလည်း ခက်ခဲတယ်။ အတော်တော့ သတိထားရပါတယ်။ သက်မွန် ပရိသတ်ကြီးကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။

 

ညွန့်မြန်မာ ညီညီအောင်
(အကောင်းဆုံးဒါရိုက်တာဆု )

အုတ်ကြားမြတ်ပေါက် ဇာတ်ကားမှာ ဒါရိုက်တာဆု ရရှိခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားကတော့ ဘောလုံးအသင်းတစ်သင်းလိုပါပဲ။ ကျွန်တော် တစ်ယောက်တည်း ကောင်းလို့လည်း မပြီးပါဘူး။ အကုန်ကောင်းမှ ကိုယ့်တာဝန်ကိုယ် ကျေပွန်စွာနဲ့ ဖန်တီးခဲ့တဲ့အတွက်ကြောင့်မို့လို့ ရုံတင်တုန်းကလည်း ပရိသတ်အားပေးမှုရခဲ့ပါတယ်။ အခုလည်း ပရိသတ်က ပေးချင်တဲ့ဆုကို အကယ်ဒမီ ဘုတ်အဖွဲ့ကပေးတဲ့ဆုနဲ့ တစ်ထပ်တည်းကျသွားတယ်။ ကျေနပ်ပါတယ်။ ဝမ်းသာပါတယ်။ ကျွန်တော် အယ်ဒီတာသက် နှစ်ပေါင်း ၂ဝ ကျော်၊ ဒါရိုက်တာသက် နှစ်ပေါင်း၂ဝ စုစု ပေါင်း နှစ်ပေါင်း ၄ဝ ကျော်မှာ ပထမဆုံး အကယ်ဒမီရတာပါ။

 

အကယ်ဒမီလူမင်း
(အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု )

ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနဲ့မြိုင်ရာဇာတာတေ ဇာတ်ကားမှာ အမျိုးသားဇာတ်ပို့ဆုကို ရခဲ့တာပါ။ ကျွန်တော် မမျှော်လင့်ထားပါဘူး။ သတင်းကြီးပြီးလွဲတဲ့ နှစ်တွေများလာတဲ့အခါကျတော့ ဒီနှစ်လည်း အဲဒီလိုပဲဖြစ် လိမ့်မယ်လို့ စိတ်ထဲမှာ တစ်ထစ်ချယုံကြည်ထားတာပါ။ ပွဲအတွက်ကိုပဲ ခေါင်းထဲမှာပူနေတာပါ။ ရုတ်တရက်ဆိုတော့ နည်းနည်းတောင် ရှော့ရပ်သွားပါတယ်။ မမျှော်လင့်ထားလို့ပါ။ ကျွန်တော်တို့စခဲ့တုန်းက ဇာတ်ပို့တို့ ဒုတိယ မင်းသားနေရာ အသားသေပြီးသွားရင် ဘယ်တော့မှ ခေါင်းဆောင် မဖြစ်တော့ဘူးဆိုတဲ့ခေတ်မှာ ကျွန်တော်က ဇာတ်ပို့ဘဝနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ကြိုးစားပြီးမှ ဇာတ်ဆောင်ဘဝကိုတက်လှမ်းနိုင်ခဲ့တာဆိုတော့ ဒီနှစ် ဇာတ်ပို့ဘဝက ကျွန်တော့်ရဲ့ မူလဘဝပါပဲ။ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။

 

ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး

ဒီနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားက ရွှေတိဂုံဘုရားနောက်ခံထားပြီး ပြုလုပ်ထားတာဆိုတော့ အလွန်ကောင်းပါတယ်။ ဟိုအရင် နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မမသက်မွန်မြင့် ဆုရရှိခဲ့တုန်းက ပွဲလိုမျိုး ခံစားရပါတယ်။ ဒီနှစ် ဖွေး ရိုက်ကူးထားတဲ့ ဇာတ်ကား မပါပါဘူး။ ၂ဝ၁၆ ခုနှစ်အတွက် ဆုဆွတ်ခူးရရှိမယ့်သူတွေကို လာအားပေးတာပါ။ ဖွေးကို အားပေးကြတဲ့ပရိသတ်များကို အလွန်ကျေးဇူတင်သလို ပရိသတ်များရင်ထဲမှာလည်း ကိုယ်အကယ်ဒမီရစေချင်တဲ့ သူနဲ့ အကယ်ဒမီရသူတစ်ထပ်တည်းကျပါစေလို့ ဆုတောင်းပေးပါတယ်။

ရုပ်ရှင်သရုပ်ဆောင် လွင်မိုး

ဒီနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲက ပွဲတက်သူ ဦးရေ ၄ဝဝဝ နီးပါးရှိနေတယ်။ ပြီးတော့ ဒီလို ရင်ပြင်မှာ ကျင်းပတာ မြန်မာနိုင်ငံမှာ မရှိသေးပါဘူး။ ရွှေတိဂုံဘုရား နောက်ခံနဲ့ ကားအဝင်အထွက်လည်း လွယ်ကူတာဆိုတော့ ဒီလိုအကယ်ဒမီပေးပွဲကို ဒီနေရာမှာ နှစ်စဉ်ကျင်းပနိုင်ရင် ပိုကောင်းပါတယ်။ ရုပ်ရှင်ဇာတ်ကားကလည်း တစ်နိုင်ငံလုံး က ရုပ်ရှင်ရုံ ၄၄ ရုံမှာ ဇာတ်ကားတွေက မြောက်မြားစွာလည်ပတ်နေရတာဆိုတော့ ဇာတ်ကားအရေအတွက်နဲ့ ပြသတဲ့ရုံက ဂျန့်ဖြစ်နေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရုပ်ရှင်ရုံဆောက်လုပ်တဲ့ကိစ္စတွေကို လုပ်ဆောင်နေတာပါ။ ဒီနှစ် အကယ်ဒမီပေးပွဲဖြစ်သွားအောင် ပံ့ပိုးပေးကြတဲ့ စီးပွားရေးလုပ်ငန်းရှင်များအင်အား တောင့်တင်းပါတယ်။ ပြီးတော့ အကယ်ဒမီဆုဆွတ်ခူးရရှိတဲ့သူတွေကို ရွေးချယ်ထားတာကလည်း အကယ်ဒမီစံနှုန်းနဲ့ ညီညွတ်ပါတယ်။

 

စိုးဝင်း(MLA)

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616