Tuesday, 14 November 2017 10:43

ဆွံ့အသူများ ဆုတောင်းပြည့်သည့် စစ်ကိုင်းမြို့ အဘယစေတီတော် ကြာသင်္ကန်း ကပ်လှူ လှည့်လည်ပွဲ ကျင်းပ

Written by လှိုင်ထွေးအောင်
Rate this item
(0 votes)
စစ်ကိုင်း နိုဝင်ဘာ ၁၃
 
 
ဆွံ့အသူများ လာရောက်ဆုတောင်းပါက ရောဂါပျောက်ကင်းသည်ဟု သမိုင်းရှိခဲ့သည့် စစ်ကိုင်းမြို့  ကန္နားတော်ရပ် အဘယစေတီတော်ကြီး လုံးတော်ပေါ်တွင် ကပ်လှူမည့် ကြာသင်္ကန်းကပ်လှူပွဲကို တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်(နိုဝင်ဘာ ၁၁ ရက်)က ဘုရားကြီး အနီးဝန်းကျင်ရပ်ကွက်များမှ လှည့်လည်ပွဲဖြင့် ကျင်းပကြောင်း သိရသည်။
 
 
အဘယစေတီတော်ကို မြန်မာသက္ကရာဇ် ၈၅၃ ခုနှစ်တွင် အင်းဝဘုရင် ဒုတိယမင်းခေါင်က ကန္နားတော်ရပ်၌ ရတနာမဏိဘွဲ့အမည်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။ ဘုရားဒါယကာ ဒုတိယမင်းခေါင်မှာ ဘိုးတော် နရပတိမင်းအားပြစ်မှားမိသဖြင့် ရုတ်တရက် ဆွံ့အရောဂါ ရရှိခဲ့ရာ အပြစ်များကျေစေရန် အဘယစေတီတော်အား အဓိဋ္ဌာန်ပြု ဆုတောင်းရာရောဂါမှ လွတ်မြောက်ခဲ့သည်။ ရောဂါချက်ချင်းပျောက်ကင်းသဖြင့် စေတီတော်ကို ရတနာမဏိဟူသော ဘွဲ့တော်အပြင် အဘယစေတီ(ဘေးကင်းစေတီ)ဟု အမည်တစ်ခု တိုးပူဇော်ခဲ့သည်။ အဘယစေတီပွဲကို တန်ဆောင်မုန်းလဆန်း ၇ ရက်က ၁၅ ရက်အထိ ရပ်ကွက် ဓမ္မစကြံ င်္အဖွဲ့များ ရွတ်ဖတ်ပူဇော်ပွဲဖြင့် စတင်သည်။
 
လပြည်နေ့တွင် သံဃာအပါး ၂၀၀ အား တဲကြီးတိုက်နယ် ၇ ရွာမှ ဆွမ်းလောင်းလှူသည်။ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်တွင် ရပ်ကွက်အလိုက် ကြာသင်္ကန်းကိုင် လှည့်လည်ပူဇော်ပွဲ ပြုလုပ်၍ ဘုရားကြီး လုံးတော်ပေါ်တွင် ဆက်ကပ်လှူဒါန်းကြသည်။ ယခုနှစ်လှည့်လည်ရာတွင် ဂုံညှင်းထောင်၊ ညောင်ကုန်းအရှေ့၊ တာတိုင်၊ ညောင်ကုန်းရွာလယ်၊ ညောင်ကုန်းခြံကြီးနှင့် ကန္နားတော်ရပ်ကွက်များမှ အဖွဲ့အလိုက် လှည့်လည်ရာတွင် ဘုရားအလှူငွေ ပဒေသာပင်အဖွဲ့ ဦးဆောင်၍ ကြာသင်္ကန်းကိုင် အမျိုးသမီးငယ်များအဖွဲ့ အဆိုအကအဖွဲ့များပါဝင်သည်။ ကြာသင်္ကန်းကိုင် လှည့်လည်ရာတွင် ရှေးက ဒိုးပတ်အဖွဲ့များမှ ဝါးစိမ်းဝါးဖြင့်ပြုလုပ်သည့် ဝါးလက်ခုပ်တီးသူများစွာဖြင့်လှည့်လည်သဖြင့် ဝါးလက်ခုပ်ပွဲအဖြစ် ထင်ရှားခဲ့သည်။ အဘယစေတီ ကြာသင်္ကန်းကပ် လှူပူဇော်ပွဲကို ၂ ရက်ကျင်းပရာ လပြည့်ကျော် ၈ ရက်နှင့် ၉ ရက်(နိုဝင်ဘာ ၁၁ ရက် ၁၂ ရက်)ညများတွင် ထက်အာကာအောင် မန္တလေးဇာတ်အဖွဲ့မှ ကပြဖျော်ဖြေကြောင်း သိရသည်။
 
 
လှိုင်ထွေးအောင်
#theyangontimes
 
 
 
Read 129 times
Login to post comments