Friday, 06 October 2017 11:09

ဒေါက်ဖိနပ်ကို ဘယ်လို စီးမလဲ

Written by နွေဦးအိမ်
Rate this item
(0 votes)

ဖိနပ်တွေရဲ့ သမိုင်းဟာ ရှည်လျားလှသလို ဆန်းကြယ်လှတယ်။ ၁၉ ရာစုအထိ တစ်ကမ္ဘာလုံးက ဖိနပ်တွေဟာ ပုံစံတူတွေလို့ ဆိုတယ်။ ဘယ်နဲ့ညာဖက်ဆိုပြီးကို စလုပ်ခဲ့တာက ဖီလစ်ဒဲလ်ဖီးယားမှာ စပြီးလုပ်ခဲ့တာ။ ဥရောပမှာဆိုရင် ၁၈ ရာစုအထိ ယောက်ျားနဲ့ မိန်းမ ဖိနပ်တွေဟာ သိပ်မကွဲလှဘူး။ ဒေါက်ဖိနပ်ဟာ ၁၆ နဲ့ ၁၇ ရာစုမှာ အနီရောင်ဒေါက်ပဲ ပေါ်ခဲ့ဖူးတယ်။ ဖိနပ်တွေထဲမှာ ဒေါက်ဖိနပ်ဟာ အမျိုး သမီးတွေအတွက် ဘဝတစ်ကွေ့မှာ ရင်ဆိုင်ကြုံတွေ့ရစမြဲပါ။ ဒေါက်ဖိနပ် ဟာ ဘေးထွက်ဆိုးကျိုးနဲ့အတူ တွဲကပ်ပါနေတဲ့ ဖိနပ်တစ်မျိုးမို့ ဒေါက် ဖိနပ်မစီးခင် သိသင့်သိထိုက်တာလေးတွေကို ပြောပြချင်ပါတယ်။

 


အမြဲတမ်းမစီးနဲ့


အမေရိကန်နိုင်ငံမှာ နှစ်စဉ် အမျိုးသမီးတွေဟာ ခြေထောက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသမှုပေါင်း မြောက်မြားစွာ ပြုလုပ်နေရပြီး ငွေကြေးအား ဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၅ မီလီယံခန့် သုံးစွဲနေရတာကို တွေ့ရပါတယ်။ ဒီလူနာတွေဟာ ဒေါက်ဖိနပ်ကို လပေါင်းများစွာစီးရာမှ ခြေထောက် နာကျင်မှုဖြစ်ပြီး ဆေးရုံကို ပြေးလာခဲ့တဲ့သူတွေချည်းပါပဲလို့ ဆိုတယ်။ အဲဒီအချိန်ကျရင် ခြေထောက်မှာ အရွတ်တွေ စုတ်ပြဲနေတာတွေကို တွေ့ ရတတ်တယ်လို့ ဆိုတယ်။ ခါးဆစ်ရိုးကျန်းမာရေးနဲ့ပတ်သက်ပြီး ဆရာဝန် တွေက သတိပေးထားတာလည်း ရှိပါသေးတယ်။ လူတွေရဲ့ခန္ဓာကိုယ်ဟာ သဘာဝအားဖြင့် ထိုင်တဲ့အခါ အင်္ဂလိပ်အက္ခရာ S ပုံစံ ရှိတယ်။ ဒေါက် ဖိနပ်စီးပြီး လမ်းလျှောက်တဲ့အခါမှာ ခါးဆစ်ရိုးကို ပိုပြီး အလေးချိန်ကျ ရောက်စေတဲ့အတွက် ဒေါက်စီးတာ အချိန်ကြာလာတာနဲ့အမျှ ခါးနာခါး ကိုက်တဲ့ ဝေဒနာတွေပါ ခံစားလာရမယ်လို့ သတိပေးထားပါတယ်။

 


အစီးတော်ပါစေ


ကိုယ့်အတွက် သက်သောင့်သက်သာ ဖြစ်စေမယ့် ဒေါက်ကိုပဲ ရွေးချယ်သင့်ပါတယ်။ ကိုယ်နဲ့ မတန်တဆဒေါက်ကို စီးရင် ကိုယ်ဟန်နေထားကို ပျက်ယွင်းစေပြီး ရောဂါဝေဒနာတွေ ဖြစ်လာတတ်ပါတယ်။ ဥပမာ- ကိုယ်ခန္ဓာအလေးချိန် များတဲ့သူတွေအနေနဲ့ ဒေါက်သေးသေးလေးတွေ စီးတာကို ရှောင်ကြဉ်သင့်ပြီး ပိန်တဲ့သူတွေအနေနဲ့ အတုံးကြီးကြီး Wedge  ဖိနပ်တွေကို ရှောင်သင့်ပါတယ်။

 


မပြေးနဲ့


ဒေါက်ဖိနပ်စီးပြီး မပြေးပါနဲ့။ ကားလမ်းကူးတာ၊ ကားပေါ်ပြေးတက် တာတွေကို ဒေါက်ဖိနပ်စီးပြီး မလုပ်မိပါစေနဲ့။ ဘာလို့လဲဆိုတော့ ဒေါက်ဖိနပ်နဲ့ ပြေးတဲ့အခါ ဒူးအရွတ်တွေစုတ်ပြီး ရေရှည် ထိခိုက်မှု ဖြစ်ပွားနိုင်လို့ပါ။

 


မမြင့်နဲ့


ဒေါက်ဖိနပ်ဟာ မြင့်လေလေ ခြေထောက်အတွက် ပိုပြီး စိုးရိမ်ရလေလေပါပဲ။ အမေရိကန် အရိုးအကြောဌာနက သတိပေးထားတာ ရှိတယ်။ ဒေါက်ဖိနပ်ဟာ တစ်လက်မ မြင့်လေလေ ခြေမနဲ့ ခြေထောက်အတွက် ထိခိုက်မှု များလေလေပဲတဲ့။ ဒေါက်အမြင့်ဟာ လေးလက်မဆိုရင် သင့် ခြေမဟာ ပိုပြီး နာကျင်ထိခိုက်စေဖို့ များလေလေပါပဲ။

 


လှတိုင်း မဝယ်နဲ့


စစ်တမ်းတစ်ခုအရ ဒေါက်ဖိနပ်ကို စီးနင်းလေ့ ရှိတဲ့ အမျိုးသမီးတွေမှာ မစီးဘဲ ပစ်ထားတဲ့ ဒေါက် ဖိနပ်တစ်ရံဟာ အမြဲတမ်း ရှိနေတတ်ပါတယ်။ ဘာကြောင့် ဒီလိုမစီးဘဲ ပစ်ထားသလဲဆို တော့ ဆိုင်တွေမှာ ခင်းကျင်းထားတုန်းက အမြင်လှသလောက် တကယ်တမ်း စီးဖို့ လုပ်တဲ့အခါကျ အမြင်က မလှသလို စီးရတာလည်း အဆင်မပြေလို့ပဲ ဖြစ် ပါတယ်။ ဒါကြောင့် ဒေါက်ဖိနပ် ဝယ်တဲ့အခါမှာ အမြင်ကိုကြည့်ပြီး တော့လည်း မဆုံးဖြတ်လိုက်ပါနဲ့။

 


ဘယ်လိုစီးမလဲ


ဒါဆိုရင် ဘယ်လိုဒေါက်ဖိနပ်မျိုးကို ရွေးချယ်စီးနင်းရမလဲ။ နည်းလမ်းတွေရှိပါ တယ်။ ဒေါက်ဖိနပ်ရဲ့အမြင့်ကို တစ်လက်မ ခွဲနဲ့အောက်သာ ထားပြီးစီးပါ။ ဒေါက်ချွန် တွေ မစီးပါနဲ့။ အောက်ခြေထူတဲ့ ဒေါက် ဖိနပ်တွေကိုစီးပါ။ အဲဒီလိုဖိနပ်တွေဟာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ပိုပြီးတော့ ညီအောင် ထိန်းပေးနိုင်ပါတယ်။

 

 

နွေဦးအိမ်

#theyangontimes

Read 2946 times
Login to post comments