Thursday, 12 October 2017 11:10

ကာတာလိုနီးယား လွတ်လပ်ရေး ကြေညာချက် အတည်ပြု လက်မှတ်ရေးထိုးသော်လည်း အကောင်အထည်ဖော်ရန် ဆိုင်းငံ့

Written by
Rate this item
(0 votes)

ဘာစီလိုနာ


ကတ်တလန်ပြည်နယ် အကြီးအကဲ ကားလ်လက်စ်ပွီဒီမွန်နှင့် အခြားသော ဒေသ ခေါင်းဆောင်တို့က ကာတာလိုနီးယားဒေသ လွတ်လပ်ရေးကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သို့ရာတွင် ကာတာလိုနီးယား ဒေသ ခွဲထွက်ရေး အကောင်အထည်ဖော်မှုကိုမူ စပိန်အစိုးရနှင့် ဆွေးနွေးပြောဆိုခွင့်ရသည်အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

 


လွတ်လပ်ရေးကြေညာချက်မှတ်တမ်းတွင် ကာတာလိုနီးယားပြည်နယ်ကို လွတ်လပ် ၍ အချုပ်အခြာအာဏာပိုင်ဒေသအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ မက်ဒရစ်မြို့ရှိ စပိန်နိုင်ငံ ဗဟိုအစိုးရကမူ ကတ်တလန်သားတို့၏ ဆောင်ရွက်မှုကို ချက်ချင်းလိုပင် ပယ်ချခဲ့သည်။ အောက်တိုဘာ ၁ ရက်က ကျင်းပသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ကတ်တလန်သားတို့က ကတ်တလန် လွတ်လပ်ရေးအတွက် ထောက်ခံ ကြောင်း မဲပေးခဲ့ကြသည်။ သို့ရာတွင် အဆိုပါ လုပ်ဆောင်မှုသည် စပိန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်ခြင်းမရှိဟု စပိန် အစိုးရက ထုတ်ဖော်ကြေညာခဲ့သည်။

 


ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင်ရာခိုင်နှုန်း ၉ဝ က လွတ်လပ်ရေးကို ထောက်ခံမဲ ပေးကြသည်ဟု ကတ်တလန်အရာရှိတို့က ပြောကြားခဲ့သော်လည်း လွတ်လပ်ရေးကို ဆန့်ကျင်သည့် မဲဆန္ဒရှင်တို့က မဲအရေအတွက်ကို သပိတ်မှောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။  ကာတာလိုနီးယားလွတ်လပ်ရေးကြေ ညာချက်တွင် အားလုံးသောနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအား ကတ်တလန် ဒေသအားလွတ်လပ်၍ အချုပ်အခြာ အာဏာပိုင် သမ္မတနိုင်ငံအဖြစ် အသိအမှတ်ပြု ကြပါရန် တောင်းဆိုကြောင်း ရေးသားထားသည်ဟု သိရသည်။ 

 

Ref: BBC

 

Read 341 times
Login to post comments