ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကျူးဘားနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသော အမေရိကန်သံတမန်များ နာမကျန်းဖြစ်မှုအတွက် ကျူးဘားနိုင်ငံတွင် တာဝန်ရှိကြောင်း ယုံကြည်လျက်ရှိသည်။ သို့ရာတွင် သမ္မတထရန့်၏ စွပ်စွဲမှုတွင် အသေးစိတ်အချက်အလက် သို့မဟုတ် သက်သေအထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဟုဆိုသည်။

 

မော်စကို

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယားနိုင်ငံအနေနှင့် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုပြု ရေးအတွက် အရေးယူတားဆီးမှုများကို သတ်မှတ်ပြဋ္ဌာန်းမည့် အမိန့်ဒီဂရီတွင် လက်မှတ် ရေးထိုးခဲ့ကြောင်းသိရသည်။

 

ဖနွမ်းပင်၊ အောက်တိုဘာ ၁၇

 

ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Kem Sokha ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမှလွှတ်ပေးရန်၊ ပါလီမန်လွှတ်တော်၌ ရွေး ကောက်ပွဲဥပဒေပြင်ဆင်ပေးရန် ကမ္ဘာဒီးယားအစိုးရကို အောက်တိုဘာ ၁၇ ရက်တွင် အမေရိကန်အစိုးရက ထပ်မံတောင်းဆိုခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၏အာဏာကို ဝန်ကြီးချုပ် Hun Sen က ထိန်းချုပ်ထားသည်မှာ ၃၂ နှစ်ရှိပြီဖြစ်ပြီး ၂ဝ၁၈ ခုနှစ်ရွေးကောက်ပွဲ ဆက်လက်အာဏာရရန် အတိုက်အခံများကိုနှိပ်ကွပ်၍ အတိုက်အခံ CNRP  ခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့်စွပ်စွဲ၍ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အမေရိကန်အနေဖြင့် Kem Sokha ကို လွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ၂ဝ၁၈ ခုနှစ် ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Heather Nauert က ပြောသည်။

 

မိုင်ယာမီ၊ အောက်တိုဘာ ၁၇ 

 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်စကော့သည် လူဖြူလူမျိုး ကြီးဝါဒီ ရစ်ချတ်စပန်ဆာ၏ ဟော ပြောပွဲမတိုင်မီတွင် အရေးပေါ်အ ခြေအနေကြေညာလိုက်ကြောင်း အောက်တိုဘာ ၁၇ ရက် AFP သတင်းက ဆိုသည်။ စပန်ဆာသည် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သော သြဂုတ်လစီတန်းလမ်းလျှောက်ပွဲတွင် ပါဝင်ခဲ့သူဖြစ်သည်။

 

အဘူဂျာ၊ အောက်တိုဘာ ၁၇

 

နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Plateau  ပြည်နယ်တွင် လူမျိုးစုနှစ်စုအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂ဝ ကျော် သေဆုံးခဲ့သဖြင့် စစ်တပ်နှင့် ရဲအင်အားအသုံးပြု၍ အကြမ်းဖက်ပဋိပက္ခကို အဆုံးသတ်ရန် သမ္မတ Muhammadu Buhari က အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက တောင်းဆိုလိုက်သည်။

 

မွန်ထရီယယ်လ်၊ အောက်တိုဘာ ၁၆

 

ကနေဒါစကိုင်းဂျက်လေကြောင်းလိုင်းမှ ခရီးသည်တင်ဂျက် လေယာဉ်တစ်စင်းသည် ကွိဘက်နိုင်ငံတကာလေဆိပ်သို့ ပျံသန်းလာစဉ် မောင်းသူမဲ့လွှတ်တင်ထားသော ဒရုန်းယာဉ်တစ်စင်းဖြင့် အောက်တိုဘာ ၁၂ ရက်က တိုက်မိခဲ့ရသည်။ သို့သော် လေယာဉ်သည် အနည်းငယ်သာပျက်စီးကာ ခရီးသည်တင်ဂျက်လေယာဉ်သည် လေဆိပ်သို့ ဘေးရန်ကင်းရှင်းစွာဆင်းသက်လာနိုင်ခဲ့သည်ဟု သယ်ယူပို့ဆောင်ရေး ဝန်ကြီးမာ့ခ်ဂါနောက အောက်တိုဘာ ၁၆ ရက်တွင် ကြေညာချက်ထုတ် ပြန်ပြောဆိုလိုက်သည်။

 

ဆိုးလ်၊ အောက်တိုဘာ ၁၆

 

မြောက်ကိုရီးယားဝါဒဖြန့်ချိ ရေးစာရွက်စာတမ်းများကို တောင်ကိုရီးယားသမ္မတအိမ်တော်ဝင်း၌ တွေ့ရှိခဲ့ရကြောင်း သက်ဆိုင်ရာက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားလိုက်သည်။ တွေ့ရှိရ သော စာရွက်များတွင် မြောက်ကိုရီးယားကို ချီးကျူးထားသည်ဟုဆိုသည်။ မြောက်ကိုရီးယားက အိမ် တော်ဝင်းကိုတိုက်ခိုက်ရန် ကွန်မန်ဒိုတပ်သားများကိုလည်း စေလွှတ်ဖူးခဲ့သည်။

 

ဒဗ္ဗလင်၊ အောက်တိုဘာ ၁၆

 

အတ္တလန္တိတ်သမုဒ္ဒရာအရှေ့ ပိုင်းဒေသတွင် ဖြစ်ရိုးဖြစ်စဉ်မဟုတ် သော Ophelia ဟာရီကိန်းမုန် တိုင်းတိုက်ခတ်နေမှုကြောင့် အိုင်ယာလန်နိုင်ငံတွင် စာသင်ကျောင်းများ၊ ကောလိပ်များအားလုံးပိတ်ထားရန် အောက်တိုဘာ ၁၆ ရက်က ညွှန်ကြားလိုက်ပြီဖြစ်သည်။ အိုင်ယာလန်အစိုးရအရေး ပေါ်အစည်းအဝေးမှ ယင်းသို့ဆုံး ဖြတ်လိုက်ခြင်းဖြစ်သည်။ အိုင်ယာလန်မိုးလေဝသဌာနသည် ဖြစ်ရိုး ဖြစ်စဉ်မဟုတ်သော ဟာရီကိန်းမုန်တိုင်းအား ''အနီရောင်အဆင့်'' သတိပေးချက်ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။ သို့သော် Ophelia  ဟာရီကိန်းမုန်တိုင်းသည် အိုင်ယာလန်၏အေးမြသော ပင်လယ်ပြင်မှဖြတ်သန်းတိုက်ခတ် လာသောကြောင့် အိုင်ယာလန် ကျွန်းအနောက်ဘက်ကမ်းခြေများတွင် အင်အားလျော့နည်းသွားနိုင် သော်လည်းဖျက်ဆီးနိုင်စွမ်းကြီးမားနေမည်ဖြစ်သည်။ မိုးကြီးကာ ရေလွှမ်းမိုးနိုင်သည်ဟု အိုင်ယာလန်မိုးလေဝသဌာနက သတိပေးချက်တွင်ဖော်ပြထားသည်။ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းတွင် ဂရင်းနစ်စံတော်ချိန် ၁၄ဝဝ နာရီ မှ ၂၁ဝဝ နာရီအတွင်း တစ်နာရီကီလိုမီတာ ၁၃ဝ (မိုင် ၈ဝ) နှုန်း တိုက်ခတ်မည်ဖြစ်သည်။

 

Page 2 of 10