Main menu
HOT NEWS
adv
ရော်ဘာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး  ဦးခိုင်မြင့်နှင့်  တွေ့ဆုံခြင်း

ရော်ဘာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့သူများအနေဖြင့် နိုင်ငံတကာသို့ တင်ပို့ရာတွင် အခြားနိုင်ငံများထက် ဈေးနှုန်းနည်းပါးနေလျက်ရှိသည်။ ထို့ကြောင့် ရော်ဘာအရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံတကာနှင့် ဈေးနှုန်းတန်းတူရရှိရေးအတွက် မည်ကဲ့သို့လုပ်ဆောင်နေကြောင်းကို ရော်ဘာ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

လက်ရှိအချိန်အထိ ပြည်ပကို ရော်ဘာတင်ပို့မှုအနေအထားလေး ပြောပြပေးပါဦး။
ရော်ဘာတင်ပို့မှုကတော့ နှစ်တိုင်းလိုလို လျော့ကျတာမျိုး၊ မြင့်တက်သွားတာမျိုးမရှိဘဲ ပုံမှန်ပဲသွားနေတာပါ။ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ရော်ဘာတွေရဲ့ ရာခိုင်နှုန်း ၉ဝ လောက်က နိုင်ငံခြားကို Export ပို့နေတာပါပဲ။ ပြည်တွင်းသုံးကတော့ အလွန်ဆုံးရှိမှ ရှစ် ရာခိုင်နှုန်းလောက်ပဲရှိတယ်။

တင်ပို့ရောင်းချတဲ့နေရာမှာ ရရှိတဲ့ဈေးနှုန်းအနေအထားက အနိမ့် အမြင့်ရှိနေတော့ လုပ်ငန်းရှင်တွေ အကျိုးအမြတ်ရရှိမှုကရော ဘယ် အခြေအနေရှိပါသလဲ။
ရော်ဘာမှာ ဈေးကွက်နဲ့ပတ်သက်ပြီးတော့ ပြည်တွင်းဈေး ဆိုတာမရှိဘူး။ နိုင်ငံတကာဈေးပေါ်မှာပဲ မှီခိုတယ်။ နိုင်ငံတကာ မှာ ဈေးတက်ရင် ရော်ဘာဈေး တက်မယ်။ နိုင်ငံတကာဈေးကျရင် ရော်ဘာဈေး ကျတာပါပဲ။ ဈေးနှုန်းကတော့ အနိမ့်အမြင့် အတက် အကျက နေ့စဉ်ကိုရှိတယ်။ နေ့စဉ်ကို အတက်အကျဖြစ်နေတာဟာ လွန်ခဲ့တဲ့ငါးနှစ်လောက်ကစပြီးတော့ ဖြစ်နေတာပါ။ တစ်ကမ္ဘာလုံးမှာ ကျနေတာ လေးနှစ်ခွဲ၊ ငါးနှစ်လောက်ကတည်းကပါ။ တစ်ပေါင်ကို ၆ဝဝ ပတ်ဝန်းကျင်လောက်နဲ့ သွားနေတာ လေးနှစ်ခွဲလောက် ရှိသွားပြီ။ ဒီနှစ်ရာသီအစ ဇွန်၊ ဇူလိုင်လလောက် မှာ ရော်ဘာဈေး ပြန်တက်လာတာ။ လက်ရှိအနေအထားအရဆိုရင် ပြီးခဲ့တဲ့လေးနှစ်ခွဲ လောက်က ကျတဲ့ဈေးထက်ကို ထက်ဝက်လောက် ပြန်တက်လာ တာပေါ့။ ရော်ဘာဈေး အတက်အကျဆိုတာကလည်း တစ်ကမ္ဘာ လုံးရဲ့အခြေအနေတွေပေါ် မူတည်နေတယ်ပေါ့။ ဥပမာပြောရရင် တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး၊ ဂျပန် နိုင်ငံရဲ့ စီးပွားရေး၊ အီးယူရဲ့ စီးပွားရေး အဲဒါတွေအပြင်ကို ရေနံ ဈေးပေါ်မှာလည်း မူတည်တယ်။ ရေနံဈေးအတက်အကျအပေါ်မှာ ရော်ဘာဈေးလည်း အတက်အကျရှိတယ်။ ရော်ဘာဈေးနှုန်းကတော့ တစ်ကမ္ဘာလုံးရဲ့ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီးမှ အတက် အကျရှိတာပေါ့။ ရော်ဘာကတော့ ထွက်သလောက်ကို နိုင်ငံခြားကို တင်ပို့ရတယ်၊ ထွက်သလောက်ကို ရောင်းရတာပေါ့။ ရော်ဘာမှာ မရောင်းရဘူးဆိုတာ မရှိပါဘူး။


ရော်ဘာက အမျိုးသားပို့ကုန်မဟာဗျူဟာထဲမှာလည်း ပါဝင်နေတော့ တင်ပို့မှုမှာ တိုးတက်မှုအခြေအနေရောရှိလား။
ရော်ဘာတင်ပို့မှုတွေ တိုးတက်သလား၊ မတိုးတက်ဘူးလား ဆိုတာ အမျိုးသားပို့ကုန်မဟာဗျူဟာ NESS နဲ့တော့ သိပ်ပြီးမပတ် သက်ဘူး။ ရော်ဘာက စိုက်ဧကတွေပေါ်မှာ မူတည်ပြီး ထွက်နှုန်း ဆိုတာရှိတယ်။ လက်ရှိမြန်မာနိုင်ငံမှာ စိုက်ထားတဲ့ စိုက်ဧကက တစ်သန်းခြောက်သိန်းကျော် စိုက်ထားပြီးပြီ။ အဲဒီမှာမှ ရော်ဘာ အစေးထုတ်တဲ့ဧကက ခုနစ်သိန်းနီးပါးရှိတယ်။ ကျန်တဲ့ဧကတစ်သန်း လောက်ကလည်း ထိန်းသိမ်းဧကတွေ ဖြစ်နေသေးတယ်။ ထုတ်လုပ် တဲ့ဧက ခုနစ်သိန်းကျော်လောက်ကထွက်တဲ့ တန်ချိန်ဆိုရင် ၂၂ဝဝဝဝ ကျော် လျာထားတယ်။ ပြည်တွင်းအထွက်ပေါ့။ ရော်ဘာအထွက် နှုန်း တိုးတက်လာတာကလည်း NESS နဲ့ သိပ်မပတ်သက်ပါဘူး။  ဒါပေမဲ့ Quality ပိုင်းနဲ့ ပြောရင်တော့ NESS ရဲ့ Process ထဲမှာ ပါတာပေါ့။ ထွက်ရှိတဲ့ဟာသည် အဓိကက NESS မဟာဗျူဟာနဲ့ သွားမယ့်ဟာတွေမှာ ရော်ဘာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အများကြီးလုပ်ရမှာ။ အဲဒီမှာပါတဲ့ တစ်စိတ်တစ်ပိုင်းဖြစ်သော ရော်ဘာ Law ရေးဆွဲတာတို့၊ ရော်ဘာလုပ်ငန်းအတွက် Quality Control တို့ အဲဒီအပိုင်းတွေကို ဦးတည်သွားနေတာပေါ့။ တကယ်ပြောရမယ် ဆိုရင် နိုင်ငံတကာပေါက်ဈေး၊ ကမ္ဘာ့ပေါက်ဈေးဆိုတာရှိတယ်။ နိုင်ငံ တကာပေါက်ဈေးနဲ့ ကျွန်တော်တို့နိုင်ငံက ရောင်းလို့ရတဲ့ဈေးနဲ့က အများကြီးကွာဟနေတယ်။


တင်ပို့ရာမှာ အခြားနိုင်ငံတွေနဲ့ ဈေးနှုန်းရရှိမှု ကွာခြားနေတယ်လို့ သိရတယ်။ ဒါတွေအတွက် ဘယ်လိုဆောင်ရွက်မှုတွေရှိနေပါလဲ။
ရော်ဘာ တစ်တန်ကို ဒေါ်လာ ၃၅ဝ ကနေ ၄ဝဝ လောက် ကွာနေတာ။ နိုင်ငံတကာပေါက်ဈေးထက် နည်းတယ်ပေါ့။ နည်းရ တဲ့အကြောင်းရင်းကလည်း နိုင်ငံတကာက သတ်မှတ်တဲ့ စံချိန်စံညွှန်း ကို မမီဘူးပေါ့။ မမီတော့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ဈေးနှုန်း အတိုင်း မရဘူး။ နိုင်ငံတကာပေါက်ဈေးနဲ့ အညီရဖို့ကို Quality Control ကို အဓိကထားပြီးလုပ်ရမယ်။ ကျယ်ကျယ်ပြန့်ပြန့်ကို အင်နဲ့ အားနဲ့လုပ်မှရမယ်။ လက်ရှိကတော့ လက်လှမ်းမီသလောက်တော့ တော်တော်လိုက်လုပ်နေပါတယ်။ ဂျပန်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန ရဲ့အထောက်အပံ့နဲ့ Quality Control အတွက် သင်တန်းတွေပေး တယ်။ သုံးနှစ်ကျော်လောက် ရှိနေပြီပေါ့။ ကျွန်တော်တို့ နိုင်ငံခြားကို Export ပို့လို့ရှိရင် Quality Certification System ဆိုတာ ဒီမှာ မရှိဘူးပေါ့။ အဲဒီ Quality Certification System ရှိဖို့အတွက် ဆိုရင် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းတစ်ခုလိုတယ်။ အဲဒီအတွက် ဂျပန်နဲ့ ပူးပေါင်းပြီး ဓာတ်ခွဲခန်းတစ်ခုလုပ်နေတာ အခုဆိုရင် သုံးနှစ် လောက်ရှိပါပြီ။ အဲဒီ Certificate ထုတ်ပေးဖို့က ကိုယ့်နိုင်ငံမှာ ကိုယ့် ဘာသာ ဓာတ်ခွဲခန်းထောင်ပြီးတော့ ကိုယ့်ဘာသာထုတ်ပေးလို့မရ ဘူး။ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ရမှရမယ်။ အဲဒါမှ ထုတ်လို့ ရမယ်။ အဲဒီတော့ International Rubber Association ဆိုတာကို ဝင်ရတယ်။ အဲဒီ Rubber Association ကနေ ဒီဓာတ်ခွဲခန်းက နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ညီ/မညီပေါ့။ RSO ရှိ/မရှိပေါ့။ အဲဒါ တွေကို စစ်ဆေးတာပေါ့။ ပြီးတော့ စနစ်တကျ နိုင်ငံတကာစံချိန် စံညွှန်းနဲ့ညီတဲ့ ဓာတ်ခွဲခန်းတစ်ခုဖြစ်ပြီဆိုမှ သူတို့က နိုင်ငံတကာကို Certificate ထုတ်ပေးနိုင်တဲ့အဆင့်ကို သတ်မှတ်ပြီးတော့ လက်မှတ် ရတာပေါ့။ အဲဒီလက်မှတ်ရမှလည်း Certificate ထုတ်ပေးလို့ရ တာပေါ့။ အဲဒီလိုမျိုး ထုတ်ပေးနိုင်ပြီဆိုရင်လည်း ဘယ်နိုင်ငံ ဘယ် နေရာမှာဖြစ်ဖြစ် သုံးလို့ရတာပေါ့။

ရော်ဘာအရည်အသွေး ကောင်းမွန်လာအောင် ဒီ့ထက်ပိုပြီး ဘယ်လို တွေလုပ်ဆောင်သင့်ပါသလဲ။
ရော်ဘာအရည်အသွေး ကောင်းလာအောင်လုပ်တဲ့ကိစ္စမှာ နည်းပညာ သိပ်မြင့်မြင့်မားမား ဘာမှမရှိဘူး။ အဓိကက ကျွန်တော် တို့နိုင်ငံမှာထုတ်တာ မှိုင်းခံပြားပေါ့။ မှိုင်းခံပြားထုတ်တဲ့အခါမှာ ရော်ဘာအပင်ကရလာတဲ့အရည်ကို ဖုန်၊ သဲ၊ ခဲ အမှိုက်သရိုက် ကင်းအောင် လုပ်ရမှာပေါ့။ အဆင့်ဆင့်စစ်ရမယ်၊ သန့်ရှင်းအောင် လုပ်ရမယ်။ ပြီးတော့ ခဲတဲ့အခါမှာလည်း Formic-acid သုံးပြီး ခဲရမယ်။ အပြားဖြစ်အောင် ကြိတ်တဲ့အခါမှာလည်း သုံးမီလီမီတာထက်ကို ပိုပြီးမထူအောင် ကြိတ်ဖို့လိုတယ်။ အဲဒီအဆင့်ဆင့်မှာ ဂရုတစိုက် လုပ်ရမယ်။ မှိုင်းရုံတွေမရှိတဲ့အခါကျတော့ နေလှန်းတာပေါ့။ နေလှန်း တဲ့အခါမှာလည်း ဖုန်၊ သဲ၊ ခဲ မပါအောင် ဂရုတစိုက် နေလှန်းရမှာပေါ့။ အဲဒီကနေ မှိုင်းတင်လိုက်တဲ့အခါမှာ ထွက်ရှိလာတဲ့အပြားက ရော်ဘာ ပြားဖြစ်လာမှာပေါ့။ အဓိကကတော့ သန့်ရှင်းသပ်ရပ်မှုနဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပြီးထုတ်ဖို့ လိုအပ်တာပေါ့။

ရော်ဘာအသင်းအနေနဲ့ စိုက်ပျိုးတဲ့လုပ်ငန်းရှင်တွေကို ဘယ်လို ပံ့ပိုးမှုတွေ၊ ဘယ်လိုကူညီမှုတွေ လုပ်ပေးနေပါသလဲ။
အသင်းအနေနဲ့ ရော်ဘာစိုက်ပျိုးရေးလုပ်နေတဲ့သူတွေကို ပံ့ပိုးပေးထားတာတွေ အများကြီးပဲ။ ဒါတွေကလည်း အသင်းဗဟို အလုပ်အမှုဆောင်တွေရဲ့ ပိုက်ဆံတွေနဲ့ လုပ်ပေးတာ။ အသင်းရဲ့ ရန်ပုံငွေနဲ့ လုပ်နေတာမဟုတ်ပါဘူး။ နိုင်ငံတကာအဆင့် ရော်ဘာ Workshop  တွေ လုပ်ပေးတာ ခဏခဏပါပဲ။ ရှေ့လလောက်မှာ လည်း နိုင်ငံတကာအဆင့် ရော်ဘာ Workshop တစ်ခု လုပ်ပေး မယ်။ နောက်ပြီးတော့ နိုင်ငံခြားကို လေ့လာရေးခရီးစဉ်တွေ၊ ပညာ တော်သင်တွေ လွှတ်တယ်။ နိုင်ငံခြားက ပညာရှင်တွေကိုခေါ်ပြီး တော့ ဒီမှာ သင်တန်းတွေပေးတယ်။ လုပ်ပေးတာတွေ အများကြီး ပါပဲ။

ပြည်တွင်းမှာရော ကုန်ချောထုတ်လုပ်နိုင်တဲ့အလားအလာ ရှိပါ သလား။
ပြည်တွင်းမှာ ကုန်ချောထုတ်နိုင်ဖို့ဆိုတာ အဓိကလိုအပ်ချက် တွေက ပြည်တွင်းမှာမရှိဘူး။ အခြေခံအဆောက်အအုံ လုံလောက် တဲ့လျှပ်စစ် လိုတယ်။ ကုန်ချောထုတ်တယ်ဆိုတာက ကုန်ချောထုတ် ဖို့ လုံလောက်တဲ့ အခြေခံအဆောက်အအုံတွေ ရှိဖို့လိုတယ်။ အဲဒါ တွေရှိမှ ထုတ်လို့ရတာ။ အဓိက ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက် က အရင်းအနှီးမရှိတာရယ်။ နောက်ပြီး ကုန်ချောထုတ်မယ်ဆိုရင် နည်းပညာတွေလိုတယ်။ ပြီးတော့ လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေက အများကြီးလိုတယ်။ တကယ်တမ်းက ဒီကထုတ်တဲ့ ရော်ဘာတွေကို ကုန်ချောအဖြစ် ထုတ်ပြီးတော့မှ နိုင်ငံတကာကို တင်ပို့ရောင်းချမယ်ဆိုရင် အကျိုးအမြတ်က ပိုရနိုင်တာပေါ့။ လော လောဆယ်က ကုန်ချောထွက်ဖို့အတွက် တော်တော်လေးကြိုးစား ယူရဦးမယ်။


အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။        

#YangonMediaGroup #YangonTimesjournal #Rubber #Interview

Rate this item
(1 Vote)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616