Main menu
HOT NEWS
adv
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးကျော်ဆွေ ဝင်းနှင့် တွေ့ဆုံခြင်း

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးကျော်ဆွေ ဝင်းနှင့် တွေ့ဆုံခြင်း

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးကျော်ဆွေဝင်းသည် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ တွင် ကော့မှူးမြို့နယ်မှ အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စာရေးဆရာ မြောင်းမြဘဆွေ၏သားဖြစ်သည်။ ၁၉၈၈ ကျောင်းသား လှုပ်ရှားမှုများတွင်လည်း ပါဝင်လှုပ်ရှားခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း မြို့နယ်အောင်နိုင်ရေး အဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၉၁ မှ ၁၉၉၄ အထိ ကော့မှူးမြို့နယ် NLD ပါတီ လူငယ်တာဝန်ခံ(၁) အဖြစ် ဆောင်ရွက်ခဲ့ သည်။ ဦးကျော်ဆွေဝင်း၏ ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆောင်ရွက်မှုများအား ရန်ကုန်တိုင်းမ် ဂျာနယ်မှ တွေ့ဆုံမေးမြန်းထားပါသည်။

ပထမဆုံးအနေနဲ့ ကော့မှူးမှာ ဝင်အရွေးခံရတဲ့အကြောင်း ပြောပြ ပေးပါ။
ကျွန်တော်က ၁၉၈၈ ကျောင်းသားလှုပ်ရှားမှုမှာလည်း ပါခဲ့ ပါတယ်။ ပြီးတော့ ကျွန်တော့်အဖေ စာရေးဆရာ မြောင်းမြဘဆွေ ကလည်း ၁၉၉ဝ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တစ်ယောက် ဖြစ်တယ်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီထောင်တော့ အဖေနဲ့အတူ ကျွန်တော် ပါတီဝင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အဖေနဲ့အတူ နိုင်ငံရေးမှာ တစိုက်မတ်မတ်လုပ် ခဲ့တယ်။ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ ကျွန်တော်အိမ်ထောင်ကျ တော့ ကွမ်းခြံကုန်းကို ပြောင်းသွားတယ်။ အဲဒီအချိန်က နိုင်ငံရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ထားတဲ့ကာလဖြစ်လို့ ကျွန်တော် လူမှုရေး လှုပ်ရှားမှုတွေ ပြောင်းလုပ်ခဲ့တယ်။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက် ပွဲမှာလည်း ကွမ်းခြံကုန်းကနေလာပြီး ကော့မှူးမှာ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဟောပြောစည်းရုံးတာတွေ လုပ်ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာ လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေး ကောက်ပွဲ အောင်နိုင်ရေး အဖွဲ့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခု ကြား ဖြတ်မှာတော့ လစ်လပ်နေရာရှိတော့ ကျွန်တော် အရွေးချယ်ခံဖြစ် တာပါ။ ဘာကြောင့်ဆိုတော့ အဖေက ၁၉၉ဝ တုန်းက ရွေးကောက်ခံ ခဲ့ရတယ်။ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုကြောင့် ဒေသအတွက် ဘာမှ မလုပ်ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်ဒေသအတွက် ပေးဆပ် ချင်တာလည်းပါတယ်။ ကော့မှူးသားဖြစ်လို့လည်း ကော့မှူးဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ပေးချင်တယ်။ အဲဒါတွေ ပေါင်းစပ်ပြီး ဒီ ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်တော်ပါဝင်ခဲ့တာ ဖြစ်တယ်။


မတ်လ ၃ဝ ဆိုရင် မဲဆွယ်ကာလက ကုန်ပြီဆိုတော့ ဒီကြားထဲမှာ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။
မဲစဆွယ်တဲ့ အချိန်ကစပြီး မဲဆွယ်စည်းရုံးရေးပုံစံကတော့ ဟောပြောစည်းရုံးတာပါ။ တစ်နေ့ကို ခြောက်ရွာလောက် စည်းရုံး ဖြစ်တယ်။ ကော့မှူးမှာက ကျေးရွာအုပ်စု ၆၂ အုပ်စုရှိတယ်။ ရွာ သေးသေးလေးတွေနဲ့ ကျန်တဲ့ရွာတွေပေါင်းရင် ၁၂၉ ရွာရှိတယ်။ ပထမဆုံးအနေနဲ့ ရွာအုပ်စုကြီးတွေမှာ ဟောပြောစည်းရုံးတယ်။ ဒုတိယက ရွာခွဲတွေမှာ ဟောပြောစည်းရုံးတယ်။ တတိယက အခု မတ်လ ၁၁ ရက်ကစပြီး အားနည်းတဲ့ရွာတွေနဲ့ ကျန်တဲ့ရွာတွေကို Door to Door သွားနေတယ်။ လက်ကမ်းပိုစတာတွေ ဝေတယ်။ စတစ်ကာတွေ လိုက်ကပ်တယ်။ မဲထည့်ပုံ မဲထည့်နည်းတွေကို ပြော ပြဖြစ်တယ်။ မဲဆွယ်တဲ့အခါမှာလည်း ရိုးရိုးသားသားပဲ ပြောတယ်။ ကျွန်တော်တို့ပါတီ မူဝါဒအတိုင်း ပြောင်းလဲမှုတွေကို ဆက်လုပ် ပေးဖို့ NLD ပါတီကို မဲထည့်ပါ။ ကျွန်တော်တို့ ခေါင်းဆောင်က လည်း ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ပြောဆိုတာမျိုးကို မကြိုက် ဘူး။ ကော့မှူးမှာရှိတဲ့ ဒေသခံတွေရဲ့ အခက်အခဲတွေကို ကျွန်တော် တို့ ဖြေရှင်းပေးမယ်။ ကော့မှူးမှာက ၇၅ ရာခိုင်နှုန်းက လယ်သမား များတယ်။ ကျွန်တော် လယ်သမားတွေရဲ့အသံကို နားထောင်ပြီး လွှတ်တော်ကနေတစ်ဆင့် ဖြေရှင်းပေးမယ်လို့ ကျွန်တော်အဓိက ထား စည်းရုံးပါတယ်။


မဲဆွယ်တဲ့အခါမှာ ဘာအခက်အခဲတွေ ရှိသလဲခင်ဗျ။
မဲဆွယ်တဲ့အခါမှာတော့ ဘာအခက်အခဲမှတော့ မရှိပါဘူး။ ဒါပေမဲ့ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုနည်းတယ်။ ဘာလို့ဆိုရင် ရှင်း ရှင်းပြောရရင် ကော့မှူးဒေသက ဖွံ့ဖြိုးမှုအားနည်းတယ်။ ကျွန်တော် ဘာကိုကြည့်ပြောတာလဲဆိုရင် လမ်းပန်းဆက်သွယ်ရေး၊ ကော့ မှူးမှာက လက်လုပ်လက်စားများတော့ စားဝတ်နေရေးကို ဖြေရှင်း နေရတယ်။ ဝမ်းစာအတွက် စိတ်ပူနေရတာပေါ့။ နောက် ပြည်သူ အများစုက မဲထည့်တဲ့နေ့မှ NLD ပါတီကို မဲထည့်ချင်တယ်။ မဲ ထည့်တဲ့နေ့မှ သူတို့ရင်ထဲမှာ အမေစုရှိတယ်ဆိုတာကို ပြချင်ကြ တယ်။ အဲဒီသဘောလေးတွေတော့ ရှိတယ်။


ကော့မှူးမှာက ဖွံ့ဖြိုးမှုအားနည်းတယ်လို့ ဦးကျော်ဆွေဝင်းပြော တယ်။ ဒီမဲဆန္ဒနယ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ တစ်ဆင့် လစ်လပ်သွားတာဖြစ်တယ်။ ၂ဝ၁၂ ကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ မဲဆန္ဒနယ်ပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲ ဆန္ဒနယ်ဖြစ်တာကို ဖွံ့ဖြိုးမှုအားနည်းတယ်လို့ ဘာကြောင့်ပြော နိုင်တာလဲခင်ဗျ။
ဖွံ့ဖြိုးမှုအားနည်းတယ်ဆိုတာက ဒီလိုပါ။ ဒေါ်အောင်ဆန်း စုကြည်က ၂ဝ၁၂ ကြားဖြတ်မှာ ဝင်ပြိုင်ကတည်းက ကော့မှူးရဲ့လိုအပ်ချက်တွေကို လေ့လာထားပြီးသား ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုဆို တာက အားလုံးကိုခြုံပြောတာ ဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ စီးပွားရေးဖွံ့ဖြိုးမှုဆိုပြီးတော့ သုံးပိုင်းခွဲပြောလို့ရတာ ပေါ့။ ၂ဝ၁၂ ခုနှစ်ကပြီး လမ်းပန်းဆက်သွယ်ရေးကတော့ တော် တော်လေး ကောင်းလာပါတယ်။ ဖြစ်သင့်သလောက် ဖြစ်လာပြီ။ အရင်ထက်စာရင်တော့ တော်တော်လေးကောင်းလာပြီ။ စီးပွား ရေးလုပ်ငန်းကလည်း တစ်နိုင်ငံလုံးနဲ့ ပတ်သက်ပြီး နိမ့်ကျနေတာ ဖြစ်လို့ ခြုံပြီးပြောတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံပြည်သူအများစုရဲ့ လိုအပ်ချက်ကတော့ ရှိနေဆဲပါ။


ဦးကျော်ဆွေဝင်းက ကော့မှူးဒေသခံ တစ်ယောက်လည်းဖြစ်တယ်။ သို့သော် ဒီဒေသလိုအပ်ချက်နဲ့ မဲဆန္ဒရှင်တွေရဲ့ လိုအပ်ချက်တွေက ဘာတွေရှိသေးလဲဆိုတာ သိထားသေးလားခင်ဗျ။
ဒေသလိုအပ်ချက်ကတော့ ရွာချင်းဆက်လမ်းတွေပဲဖြစ်တယ်။ အဓိကလမ်းမကြီးတွေ ပြီးသွားတော့ ရွာချင်းဆက်လမ်းတွေက ကျန်သေးတယ်။ ဒါကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က အကောင်အထည်ဖော်ပေးမယ်လို့လည်း ကျွန်တော် သတင်း တွေကြားနေရတယ်။ ကျွန်တော်ပြည်သူတွေရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ဆည်းပေးချင်ပါတယ်။ အထက်တန်းကျောင်းရှိတဲ့ ရွာကြီးတွေမှာလည်း လျှပ်စစ်မီးလိုအပ်ချက် ရှိနေသေးတယ်။ ရအောင်လည်း ကြိုးစားပေးမယ်။ ရရှိတဲ့ဘတ်ဂျက်နဲ့ အညီပေါ့။ နောက်ပြီး လက်ရှိအစိုးရ လက်ထက်မှာ အဆင့်မြင့်လယ်ယာစီမံကိန်း ဆိုပြီး အကောင်အထည်ဖော်နေတာရှိတယ်။ အဲဒါ အောင်မြင်ရင်တော့ ကျွန်တော်ဆက်ပြီး လုပ်ပေးသွားမယ်။


ရွေးကောက်ခံရမယ်ဆိုရင်တော့ ဘာကိုအဓိက လုပ်ဆောင်ပေးဖို့ ရှိလဲ။
ကျွန်တော်တို့ ဒေသက ၇၅ ရာခိုင်နှုန်းသော လယ်သမား တွေအတွက် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာတွေ၊ စိုက်ပျိုးရေးစ ရိတ်၊ ဆည်မြောင်းလိုအပ်ချက်တွေကို အဓိကထား လုပ်ပေးမယ်လို့ စဉ်းစားထားတယ်။


ဒီကြားဖြတ် ရွေးကောက်ပွဲအပေါ်မှာရော ဦးကျော်ဆွေဝင်း ဘယ် လိုသုံးသပ်ပါသလဲ။
ကြားဖြတ်ရွေးကောက်ပွဲအပေါ်ကို ပြည်သူစိတ်ဝင်စားမှု နည်းတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ မဲဆန္ဒရှင်တွေရဲ့ ရင်ထဲမှာ အားမနည်းဘူးဆိုတာ ကျွန်တော်တွေ့ရတယ်။ ကော့မှူးမှာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲလည်း လုပ်ခဲ့တယ်။ ၂ဝ၁၅ မှာလည်း လုပ် ဖြစ်တယ်။ ပမာဏအားဖြင့်တော့ ကြည့်ရင် အားနည်းပါတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာတော့ ရွေးကောက်ပွဲဆိုတာ ရှိနေတယ်။ သူတို့သိတယ်။ သဘောပေါက်တယ်။ ကော့မှူးပြည်သူတွေက ရွေး ကောက်ပွဲမှာ ကော့မှူးလို့ပြောရင် အများက စိတ်ဝင်စားနေတာကို ပီတိဖြစ်နေတာ။ ဘယ်အချိန်ပြိုင်ပြိုင် ကော့မှူးသမိုင်း မရိုင်းစေရ ဘူးဆိုတာ ပြည်သူအများစုရဲ့ ရင်ထဲမှာ ရှိပါတယ်။ အဲဒီစကားလုံး ကိုလည်း ကျွန်တော်တို့ ဟောပြောစည်းရုံးတဲ့အခါမှာရော ပြည် သူအများစုက ပြောနေတဲ့စကားလုံးလည်း ဖြစ်တယ်။


ရွေးကောက်ပွဲ ရလဒ်အပေါ်မှာရော ဦးကျော်ဆွေဝင်း ဘယ်လိုမျှော် လင့်ထားသလဲခင်ဗျ။
၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာကြည့်ရင် ဒီ နေရာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လစ်လပ်နေရာလည်း ဖြစ် တယ်။ ၁၉၉ဝ တုန်းက အဖေနဲ့အတူ လှုပ်ရှားခဲ့တဲ့ ခေါင်းဆောင် အချို့လည်း သက်ရှိထင်ရှားရှိနေတော့ သူတို့ရဲ့ အားပေးမှုကလည်း တော်တော်လေး အားရှိစရာဖြစ်တယ်။ ရာခိုင်နှုန်း ၈ဝ အထက် မှာပဲ ရှိတယ်။ ပြောမတတ်အောင် မဲအရေအတွက်များမှာ ဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲကတော့ သေချာပေါက်နိုင်မှာပါ။


ဦးကျော်ဆွေဝင်းအနေနဲ့ ရွေးချယ်ခံရမယ်ဆိုရင် အစိုးရကို ဘာတွေ အဓိကတိုက်တွန်းဖို့ ရှိပါလဲ။
ကျွန်တော်ကတော့ လယ်သမားကိစ္စပါ။ မြန်မာနိုင်ငံက စိုက် ပျိုးရေးနိုင်ငံဖြစ်ပြီး နိုင်ငံမှာနေထိုင်တဲ့ လူအများစုက စိုက်ပျိုးရေးနဲ့ အသက်မွေးကြတယ်။ ဒါနဲ့ပတ်သက်လို့ တင်ပြတောင်းဆိုသွားမယ်။


ဦးကျော်ဆွေဝင်းအနေနဲ့ ဘာများ ဖြည့်စွက် ပြောကြားလိုပါသလဲ။
ကျွန်တော်တို့က အာဏာရှင် မပေါ်ပေါက်ရေးအတွက် အရင် ကတည်းက တွန်းလှန်လာတာ။ အာဏာရှင်တွေ ဘယ်တော့မှ မ ပေါ်ပေါက်ရေးအတွက် အချိန်တိုင်း၊ နေရာတိုင်းမှာ တွန်းလှန်သွား မယ်။ တစ်နိုင်ငံလုံး လိုအပ်ချက်လည်းဖြစ်တဲ့ ကော့မှူးရဲ့ လိုအပ် ချက်လည်းဖြစ်တဲ့ စီးပွားရေးနိမ့်ကျနေတဲ့ကိစ္စ၊ တရားဥပဒေ စိုး မိုးရေးနဲ့ ဖွဲ့စည်းပုံပြင်ရေးကိုလည်း ကျွန်တော်တစိုက်မတ်မတ် လုပ်ဆောင်သွားမှာပါ။ နောက်ပြီး တိုင်းရင်းသားဒေသ ပြည်သူတွေ ကို ကျွန်တော်တို့လိုပဲ အေးအေးချမ်းချမ်း နေစေချင်တယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးလမ်းစဉ်တွေမှာလည်း ကျွန်တော် ပူးပေါင်းပါဝင် ကူညီသွားမှာပါ။


အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။   

Yangon Times Journal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191