Main menu
HOT NEWS
adv
တေးမြုံငှက်၏ အဝေးဆုံးခရီး

တေးမြုံငှက်၏ အဝေးဆုံးခရီး

ထက်ဝေအောင်

-----------------------
မိုးက မှိုင်းညှို့နေသည်။ အများအားဖြင့် ထိုသို့အုံ့ ဆိုင်းလာသည်နှင့် ဝုန်းဒိုင်းကြဲရွာတတ်သော ရန်ကုန်မိုးသည် ဒီနေ့တော့ သူမဟုတ်သလို။ တကယ်တော့ ရာသီဥတုက ငိုချင်သူကို လက်တို့နေသလိုနှင့်တူလှသည်။ ဆူးလေမှ ကုက္ကိုင်းအထိဆို မိနစ်သုံးဆယ်ခန့်အချိန်ပေးရုံနှင့် ရောက်နိုင် သော်လည်း ခပ်စောစောသာထွက်ခဲ့သည်။ ဘယ်လိုအခြေအနေမျိုးတွင်ဖြစ်ဖြစ် ခပ်စောစောရောက်ချင်နေမိ သည်။ တေးမြုံငှက်၏ နောက်ဆုံးခရီးမဟုတ်ပါလား။


ကျွန်တော်တို့အားလုံးချစ်ကြရသော၊ လေးစားရ သော တေးမြုံငှက် (သို့မဟုတ်)ခိုင်ထူး။ သူ၏နာမည်ကျော်သီချင်းတစ်ပုဒ်အတိုင်း အားလုံး ကိုစွန့်ခွာ၍ အဝေးဆုံးကိုထွက်သွားခဲ့ပြီဖြစ်သော ဦးခိုင် ထူးကို သြဂုတ် ၁၁ ရက် ညနေ ၄ နာရီတွင် ရေဝေး သုသာန်၌သင်္ဂြိုဟ်ခဲ့သည်။  ''ဦးတို့ငယ်ငယ်တုန်းက အဆောင်ရှေ့သီချင်းသွား ဆိုရင် စိုင်းထီးဆိုင်၊ ခင်ဝမ်းနဲ့ခိုင်ထူးမပါရင် ပွဲမစည်ဘူးကွ''ဟု နာရေးကားပေါ် ကျွန်တော့်ဘေးတွင်လိုက်ပါလာသူ အသက် (၅ဝ)ဝန်းကျင် ဦးလေးတစ်ယောက်ကဆိုသည်။ သူမှမဟုတ်ပါ။ ကျွန်တော်တို့ဒီဘက်ခေတ်လူငယ်များလည်း အဆောင်ရှေ့တွင် ''အဉ္ဇလီအချစ်ရေ့''ဟု ဆိုညည်းပြခဲ့ကြဖူးမည်။ ''အားလုံးကို ကျော်ဖြတ်ရမယ်''ဟု အားတင်းခဲ့ရသည်မဟုတ်လား။ ''မင်းလောက်ကိုယ့်အပေါ် ဘယ်သူမှမကောင်းဘူး'' ဟူ၍ြေ<ွကပြခဲ့ရတာအမှန်။ ''ရွှေလည်တိုင်''ကို အနမ်းပေးချင်ခဲ့ကြသည့် ခံစားမှုသည် ထိုသီချင်း၏ သြဇာလွှမ်းမိုးခဲ့မှုပင်ဖြစ်ပါ သည်။ ရေဝေးသုသာန်ရောက်တော့ မွန်းလွဲ ၂ နာ ၁၅ မိနစ်ခန့်သာရှိသေးသည်။ သို့သော် ဦးခိုင်ထူးက ချစ်၍ ဦးခိုင်ထူးကိုချစ်သော သူ၏ပရိသတ်များဖြင့် ပြည့်နေ ပေပြီ။


၂ နာရီခွဲမှာတော့ ဦးခိုင်ထူးရဲ့အလောင်းကို ရေခဲတိုက်မှထုတ်လာသည်။ အလောင်းပြင်ဆင်ထားရာ ခန်းမအတွင်း ခိုင်ထူး၏သီချင်းများကိုဖွင့်ထားပြီး လိုက်ပါပို့ ဆောင်သူများကလည်း သီချင်းကိုလိုက်ညည်းနေကြသည်။ နှမြောတသခြင်း၊ ဝမ်းနည်းကြေကွဲခြင်းဟူသော အဓိပ္ပာယ်များနှင့်။ ကျွန်တော်ချစ်ပြီး ကျွန်တော် အပြင်၌တွေ့ဖူးချင် သည့် အနုပညာရှင်များထဲတွင် အဆိုတော် ဦးခိုင်ထူးလည်း အပါအဝင်ဖြစ်သည်။ တွေ့ဖူးချင်ရုံမျှသာ။ အခုတော့ တွေ့ရပြီ။ တွေ့မယ့်တွေ့တော့လည်း အသက်မဲ့နေသော ခန္ဓာ၊ အေးချမ်းသောမျက်နှာနှင့် ဦးခိုင်ထူး။ မိုးစက်များနှင့်အတူ ဟိုးအဝေးကြီးကို ထွက်ခွာသွားခဲ့လေပြီ။ ခိုင် ထူးဆိုတာဖြစ်နေချိန် သူအဆိုတော်မဖြစ်သေးကြောင်း သူ့သီချင်းတွေနားထောင်ရင်း၊ သူ့သီချင်းတွေဆိုညည်း ရင်းနှင့်မှ အဆိုတော်ဖြစ်လာရကြောင်းကို ဝမ်းနည်းမှု အပြည့်နှင့်ပြောသူက အဆိုတော် ဂျက်မြသောင်းဖြစ်သည်။ နိုင်ငံခြားသံစဉ်ထဲ မြန်မာစာသားထည့်ဆိုသည့် ကော်ပီခေတ်တွင်ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်အသံဖြင့် ထူး ထူးခြားခြားဖောက်ထွက်ခဲ့သူတွေထဲတွင် ဦးခိုင်ထူးလည်း အပါအဝင်ဖြစ်သည်။


''သူဟာ ဒီလောကထဲကို ကြယ်တစ်ပွင့်လိုဝင်လာတာ။ သူ့ရဲ့သီချင်းတွေက ပရိသတ်တွေကြားထဲမှာ အမြဲတမ်းတောက်ပြောင်လင်းလက်နေတာ။ နောက် သူမရှိတော့ရင်လည်း လင်းလက်နေဦးမှာပါ''ဟု ဂျက်မြ သောင်းက နှမြောတသကြီးစွာဆိုသည်။ ညနေ ၄ နာရီထိုးခါနီးအထိ ထောင်နှင့်ချီသော ဦးခိုင်ထူးပရိသတ်များက ရုပ်ကလာပ်ကိုကြည့်ရှု၍မဝ ကြသေး။ ထပ်ခါထပ်ခါကြည့်နေကြဆဲ။ ဖွင့်ထားသော ခိုင်ထူးသီချင်းအား လိုက်ဆိုနေကြဆဲ။ ဦးခိုင်ထူးကရော ချိုးငှက်ဖြူလေးကို ပုခုံးပေါ်တင်၊ လက်သီးတင်းတင်း ဆုပ်ပြီးလည်ချောင်းက အကြောများထောင်သည်အထိ လိုက်ဆိုနေလေမည်လား။  ''ကိုခိုင်ထူးက ကျွန်တော်ထက် ရှေ့ကျတယ်။ ကျွန် တော်တို့ထက်ကြီးတယ်။ ကျွန်တော် သူ့သီချင်းတွေဆိုခဲ့တာ။ ကျောင်းသားဘဝက။ အဲဒီနောက်ပိုင်းမှာမတွေ့ ဖြစ်တော့ဘူး။ ကျွန်တော်အပြင်ရောက်သွားတာ။ ရန်ကုန်ပြန်ရောက်တော့မှ ပြန်တွေ့ဖြစ်တယ်။ သီချင်းအတူတူဆိုဖြစ်တယ်။ နှမြောဖို့ကောင်းပါတယ်။ ၆၁ နှစ်ဆိုတာ ငယ်ပါသေးတယ်။ သူဟာ မြန်မာပြည်အ တွက် ကြယ်တစ်ပွင့်ပဲ။ တိုင်းပြည်အတွက် ရတနာတစ်ပါးပဲ''ဟု အဆိုတော်မွန်းအောင်က ဆိုသည်။


ညနေ ၄ နာရီထိုးတော့ မိသားစုက နောက်ဆုံး ဂါရဝပြုကန်တော့ကြပြီ။ မကြာမီ မီးသင်္ဂြိုဟ်တော့မည်။ တေးမြုံငှက် လွတ်လပ်စွာထွက်ခွာသွားတော့မည်။ သူ့ ကိုချစ်သောပရိသတ်တွေကတော့ သူ့သီချင်းတွေဆိုရင်း နှုတ်ဆက်နေကြသည်။ ''တစ်ခါတစ်လေကြုံမယ့်အကောင်း၊ အဆိုးလည်း တွေ့ရမယ်။ အလိုက်အထိုက်ပေါ့လေ''......။ ငယ်ငယ်က ကျွန်တော်တို့အဆင်မပြေမှုတွေကြုံတိုင်း အားတင်းခဲ့ရသည့်သီချင်းနှင့်ပဲ အခုနောက်ဆုံးခရီးကို အားတင်းနှုတ်ဆက်နေကြရလေပြီ။  သူ့ကိုချစ်သော သူကချစ်သော တေးရေးကိုနေဝင်း ကလည်း ညှိုးငယ်စွာ၊ သူ၏ချစ်လှစွာသော ဇနီးကလည်း ညှိုးငယ်စွာ၊ နောက်ထပ်အနုပညာရှင်များ ပရိသတ်များအားလုံး ညှိုးငယ်တိတ်ဆိတ်စွာ။  ဦးခိုင်ထူးကွယ်လွန်ကြောင်း သိရချိန် တေးရေး ဆရာကိုနေဝင်းက သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ''ခိုင်ထူး မင်းကိုသွားခွင့်မပြုနိုင်ဘူးကွာ။ တစ်ယောက်ပြီး တစ်ယောက် ငါ့ကိုထားသွားခဲ့ကြတယ်။ အခုတော့ မင်းပါ ငါ့ကို ထားသွားတော့မှာလား။ မင်းက ခွင့်ပြုပါဦးဆို ပေမယ့် ခွင့်မပြုနိုင်ဘူးကွာ။ ပြန်ပေး ပြန်ပေးပါ ဘယ်လို စကားမျိုးသုံးပြီး ပြောနိုင်မလဲကွာ''ဟု ရေးသားခဲ့သည်။


ထို့နည်းတူ ကျွန်တော်တို့သည်လည်း ဦးခိုင်ထူးကို ခွင့်မပြုချင်ခဲ့ကြပါ။ ပြန်ပေး။ ပြန်ပေး။ အားလုံးပြန် တောင်းကြသော်လည်း မရဏတရားကို မည်သူတားနိုင်ပါမည်နည်း။  'ငွေနောက်ကို ဘယ်တုန်းကမှမလိုက်ဘူးတဲ့ အနု ပညာသမားစစ်စစ်'၊ 'ကိုယ်ပိုင်သံစဉ်တစ်ခေတ်နှင့် ရန်ကုန်တက္ကသိုလ်ကို သီချင်းများနှင့်ပုံဖော်ခဲ့သူ'၊ 'အသံမာမာနဲ့ စကားလုံးများပီသအောင်ဆိုနိုင်တဲ့သူ'၊ 'စိတ်သဘော ထားကောင်းသူ'၊ 'ဘယ်သူ့ကိုမှအကူအညီမတောင်းတတ်သူ'စသဖြင့် သူ့ပရိသတ်တွေ၊ သူနှင့်အတူတူလက် တွဲခဲ့သူတွေကလည်းဆိုကြသည်။ အခုတော့ ''ရွှေလည်တိုင်'' ၊ ''ကမ်းလက်သင့်ရာ''၊ ''သီချင်းတစ်ပုဒ် ပန်းတစ်ဆုပ်''၊ ''ဆို''၊ ''တေးမြုံငှက်''၊ ''မကောင်းလည်းကိုယ် ကောင်းလည်းကိုယ်''၊ ''မိုးရဲရင် ဆောင်းရဲရမယ်''စသည့် ရတနာများနှင့်တူသည့် စီးရီး ခွေများ၊ သူ့ဂီတအနုပညာများကို သေသေချာချာချန် ထားခဲ့ပြီးပြီ။  

 

သူသွားတော့မည်။ မီးသင်္ဂြိုဟ်စက်ဆီ တရွေ့ရွေ့သွားနေပေပြီ။  ''ကျွန်တော်တို့လောကအတွက်၊ ကျွန်တော်တို့ တိုင်းပြည်အတွက် ဆုံးရှုံးမှု၊ အရမ်းနှမြောဖို့ကောင်းတယ်'' ဟု အဆိုတော်ဂျေညီညီကလည်း မျက်ရည်များနှင့် ဆိုသည်။ ညနေ ၄ နာရီ . .ဦးခိုင်ထူး၏ရုပ်ကလာပ်လည်း မီးသင်္ဂြိုဟ်စက်ထဲ ရောက်သွားချေပြီ။  ညိုမှိုင်းသောမီးခိုးတို့ တရိပ်ရိပ်ထိုးတက်လာသည်။  အားလုံးကို ထားခဲ့ပြီး သူထွက်သွားချေပြီ။  ဂစ်တာလွယ်ထားသောသီချင်းငှက်။ အားလုံးကို ကျော်ဖြတ်၍ တေးမြုံငှက် တကယ်ထွက်သွားချေပြီ။


ကြင်နာခြင်းလား.....
နာကျင်ခြင်းလား....
ပျော်ရွှင်ခြင်းလား....
အို...ဘယ့်....အို...
တေးမြုံငှက်။ ။

 

ထက်ဝေအောင်

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191