Main menu
HOT NEWS
adv
မပြောင်းလဲသော စိတ်ဓာတ်များနှင့် ဒီမိုကရေစီ ရှေ့ခရီး

မပြောင်းလဲသော စိတ်ဓာတ်များနှင့် ဒီမိုကရေစီ ရှေ့ခရီး

ဇော်ထွဋ်မောင်

(၁)

တစ်လောကတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာသွားတင်သည့် သားနှင့်ရန်ကုန်တက္ကသိုလ်ထဲသို့ ကျွန်တော်လိုက်သွားဖြစ်သည်။ ဝင်ခွင့်လျှောက်လွှာတင်ရန်အတွက် စာမေးပွဲဖြေဆိုခဲ့ရာ မြို့နယ်များအလိုက် ကောင်တာများကိုသတ်မှတ်ပေးထားပြီး ဝင်ခွင့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေး နေသည်ကိုတွေ့ရသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ရန်သတ်မှတ်ထားသည့် အချိန်ကာလဖြစ်သည့်အတွက်လည်း ဝင်ခွင့်လျှောက်လွှာတင်ရမည့် ကောင်တာများ ၏ရှေ့တွင် လျှောက်လွှာတင်ရန်တန်းစီစောင့်ဆိုင်းနေသော ကျောင်းသူ၊ ကျောင်းသား အမြောက်အမြားရှိနေသည်။ ထိုမြောက်မြား လှစွာသော ကျောင်းသား၊ ကျောင်းသူတို့မှာ အလောသုံးဆယ်ဖြင့် အလုအယက်ကျော် တက်ကြားဖြတ်ခြင်းမရှိဘဲ အေးအေးလူလူ ဖြင့် မိမိတို့၏အလှည့်ကိုတန်းစီစောင့်ဆိုင်း နေကြသည်ကို ကျွန်တော်သတိပြုမိသည်။


သို့သော် ခက်နေသည်က ထိုကျောင်း သူ၊ ကျောင်းသားများနှင့်အတူလိုက်ပါလာ သောမိဘအုပ်ထိန်းသူတချို့ဖြစ်သည်။ အများသူငါကဲ့သို့ စည်းကမ်းစနစ်ရှိရှိဖြင့် တန်းစီ ခြင်းမပြုဘဲ ဝင်ခွင့်လျှောက်လွှာလက်ခံရာ ကောင်တာနှင့်နီးနိုင်သမျှနီးသည့်နေရာမှ ကြားဖြတ်ခြင်းဖြစ်သည်။ မိဘအုပ်ထိန်းသူတစ်ဦးနှစ်ဦးမှအစပြုလိုက်သည်နှင့် ထိုသို့ ကြားဖြတ်တန်းစီသောမိဘအုပ်ထိန်းသူအ ရေအတွက်ကများလာသည်။ မိဘအုပ်ထိန်း သူတချို့၏ ထိုကဲ့သို့သောလုပ်ရပ်ကိုလက် မခံဘဲ ဆန့်ကျင်ကန့်ကွက်ပြီး မိမိတို့တန်းစီ နေသည့်နေရာ၌ပင် ဆက်လက်တန်းစီနေ ကြသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျွန်တော်တွေ့မြင်နေရသည်။ ဝင်ခွင့် လျှောက်လွှာတင်ပြီးသွားသည့်သားနှင့်ရန်ကုန်တက္ကသိုလ်ထဲမှပြန်အထွက်တွင် စဉ်းစားကြည့်စရာက ကျွန်တော်နှင့်အတူပါလာခဲ့သည်။ သားသမီးများအား ရှေ့ဆောင်လမ်းပြကြရမည့် မိဘအုပ်ထိန်းသူတို့ ကိုယ်တိုင်က စိတ်ဓာတ်များသေးသိမ်ညံ့ဖျင်းနေလျှင် သားသမီးတို့၏အနာဂတ်၊ ထိုသားသမီးတို့၏လက်ထဲသို့ရောက်လာမည့် နိုင်ငံ၏ အနာဂတ်မည်သို့ရှိမည်ဆိုသည်ကို ကျွန် တော်စဉ်းစားကြည့်မိခြင်းဖြစ်သည်။


(၂)

ကျွန်တော်နေသည့်လမ်းထဲသို့ စည်ပင်အမှိုက်ယာဉ်တစ်စီးနေ့စဉ်နီးပါးအမှိုက် လာသိမ်းလေ့ရှိသည်။ အမှိုက်သိမ်းယာဉ် မရောက်ခင်စည်ပင်ဝန်ထမ်းတစ်ဦးက လမ်းတစ်လျှောက်ခေါင်းလောင်းတီးသွားသည်။ ထိုခေါင်းလောင်းသံကြားသည်နှင့်လမ်းသူလမ်းသားများက အမှိုက်အိတ်ကိုယ်စီဖြင့် အမှိုက်သိမ်းယာဉ်ရပ်မည့်နေရာတွင်စောင့် နေကြပြီးအမှိုက်ကားလာသည်နှင့် အမှိုက်အိတ်များကိုစွန့်ပစ်နိုင်ကြသည်။ ထိုအမှိုက်သိမ်းယာဉ်ကိုအကြောင်းကြောင်းကြောင့် မမီလိုက်သူများအနေဖြင့်လည်း အမှိုက်စွန့် ပစ်ရန်အတွက်သောကဖြစ်စရာမလို၊ နံနက် ၆ နာရီခွဲလောက်ကတည်းက 'အမှိုက်..အမှိုက်' အော်ကာ အမှိုက်သိမ်းလှည်းများလာကြ လေ့ရှိသည်။ သို့သော်စည်ပင်အမှိုက်သိမ်း လှည်းများမဟုတ်သည့်အတွက် သင့်တော်သည့်အခကြေးငွေကိုတော့ ပေးကြရသည်။ အမှိုက်အိတ်ကိုကိုယ်တိုင်သယ်စရာပင်မလို ပေ။ ထိုသို့အခကြေးငွေပေး၍ မစွန့်ပစ်လို လျှင်ရပါသေးသည်။ လမ်းဆုံလမ်းထောင့်များတွင် စည်ပင်ကအမှိုက်ပုံးများထားပေးထားသေးသည်ဖြစ်ရာ အနည်းငယ်မျှလမ်း လျှောက်သွားလိုက်ရုံမျှဖြင့် အလွယ်တကူ စွန့်ပစ်နိုင်ကြသည်။ ကျွန်တော်နေသည့်အိမ်သည် လမ်း ထောင့်တွင်ရှိသည်။ လမ်းမကျယ်ဘက်သို့ မျက်နှာမူထားသည့်လမ်းထောင့်မဟုတ်ဘဲ လမ်းသွယ်ဘက်သို့မျက်နှာမူထားသည့်လမ်း ထောင့်ဖြစ်သည်။


ထို့ကြောင့်လမ်းမကျယ်ဘက်သို့မျက်နှာမူထားသောအိမ်နှင့်ကျွန်တော့်အိမ်ကြားတွင် နောက်ဖေးလမ်းကြားခြားနေသည်။ ကျွန်တော်နေသည့်လမ်းက မိုးမကျမီကမှ ကွန်ကရစ်ခင်းထားခြင်းဖြစ်သည်။ လမ်းသာယာရေးကော်မတီက လမ်းသစ်ခင်းပြီးသည်နှင့် မီးတိုင်အသစ်တွေကိုပါစိုက်ပေးထားသဖြင့် ခုနစ်လွှာအမြင့်ကကြည့်လျှင်ပင် ညဘက်ဖြစ်သည့်တိုင်ကောင်းစွာမြင်တွေ့နိုင်သည်။ ထိုလမ်းကြားထိပ်သို့ ည ၁၂ နာရီ ကျော်ကျော်လောက်တွင် ကောင်မလေးတစ် ယောက်အမှိုက်ထုပ်လာပစ်လေ့ရှိသည်။ ပထမတော့ကျွန်တော်လည်း အမှတ်တမဲ့ပင်။ နောက်ပိုင်းသတိထားမိပြီးသေချာစောင့် ကြည့်တော့မှ နှစ်ရက်ခြားတစ်ခါလောက် ထိုသို့အမှိုက်လာပစ်သည်ကိုသိလာရခြင်း ဖြစ်သည်။ ကလေးမလေး၏ဝတ်စားဆင်ယဉ် ပုံကိုကြည့်၍ အိမ်အကူဖြစ်မှန်းသိသာသည်။ မည်သို့သောစိတ်ဓာတ်မျိုးရှိသည့် အိမ်ရှင် ကအမှိုက်အိတ်ကို ထိုသို့စွန့်ပစ်စေသည်မှာ စဉ်းစားစရာပင်မလိုအောင်သိသာနေသည်။ မိမိတို့ကိုယ်တိုင်၏ စိတ်ဓာတ်ကယုတ်ညံ့နေပါက အခြားသူတို့၏စိတ်ဓာတ်က မြင့်မြတ်နိုင် ပါ့မလားဟု ကျွန်တော်စဉ်းစားကြည့်မိသည်။


(၃)

ကျွန်တော်တို့နိုင်ငံသည် ပြုပြင်ပြောင်းလဲစရာတို့ဖြင့် ပြည့်နှက်နေသည်ကို အား လုံးသိရှိနားလည်ထားပြီးဖြစ်ပါသည်။ ထိုသို့သိရှိနားလည်သဘောပေါက်ထားကြပြီဖြစ်သည့်အတွက်လည်းပြုပြင်ပြောင်းလဲစရာ တို့ကိုပြုပြင်ပြောင်းလဲနိုင်ရန် အားထုတ်ကြိုး ပမ်းကြသူများနှင့် တိုက်တွန်းအားပေးကြသူများရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ထိုသို့အားထုတ်ကြိုးပမ်းကြသူများနှင့်တိုက်တွန်း အားပေးကြသူများထဲတွင် အများစုကအ ကောင်အထည်မြင်နိုင်သည့် ပြုပြင်ပြောင်း လဲစရာများ(ဥပမာ- စီးပွားရေး၊ ပညာရေး ...စသည်)တို့ကိုသာ ပြုပြင်ပြောင်းလဲရန် အားထုတ်ကြိုးပမ်းနေကြသည်။ တိုက်တွန်း အားပေးနေကြသည်။ အနည်းစုကသာလျှင် အကောင်အထည်မမြင်နိုင်သည့် 'စိတ်ဓာတ်' ကိုပြုပြင်ပြောင်းလဲရန် အားထုတ်ကြိုးပမ်း ကြသည်။ တိုက်တွန်းအားပေးကြသည်။ ထို့ ကြောင့်လည်း မပြောင်းလဲသော စိတ်ဓာတ် တို့ဖြင့် ပြုမူမှု၊ ပြောဆိုမှု၊ လုပ်ကိုင်ဆောင် ရွက်မှုတို့ကို တွေ့မြင်နေကြရခြင်းဖြစ်သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြီးခဲ့သည့် မတ်လ ၆ ရက်က နေပြည်တော် တွင်ပြုလုပ်ခဲ့သည့် ၂ဝ၁၇ ခုနှစ်မြန်မာအမျိုး သမီးများရက်သတ္တပတ်ဖိုရမ်တွင် နိုင်ငံတော် ၏အဓိကတော်လှန်ရေးသည် စိတ်ဓာတ် တော်လှန်ရေးဖြစ်ကြောင်း၊ စိတ်ဓာတ်မ ပြောင်းနိုင်ပါက လူမှုရေး၊ နိုင်ငံရေးကိုပြောင်း နိုင်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်ဇူလိုင် ၂၇ ရက်က နေ ပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနတွင် ကျင်းပခဲ့သည် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနနှစ်ပတ်လည်အခမ်းအနားတွင်လည်း 'စိတ်ဓာတ်ကိုမပြောင်းလဲဘဲနဲ့တော့ ဘာကို မှတကယ်ထိထိရောက်ရောက်ပြောင်းလဲနိုင် မှာမဟုတ်ဘူး။ ကျွန်မတို့စိတ်ဓာတ်ပြောင်း လဲဖို့ဆိုတာက ပြည်သူပြည်သားတွေ၊ နိုင်ငံသူ နိုင်ငံသားတွေစိတ်ဓာတ်ပြောင်းလဲစေချင်တယ် ဆိုရင် ပထမဦးဆုံးအစိုးရဘက်ကနေစပြီးပြောင်း လဲဖို့လိုပါတယ်''ဟုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။


စနစ်ဆိုးတစ်ခုသည် ထိုစနစ်ဆိုးအောက်တွင် နေထိုင်ကြသူများ၏စိတ်ကို ယိမ်းယိုင် ပြိုလဲပျက်စီးသွားစေနိုင်သည်မှာ မှန်သော်လည်း ရာနှုန်းပြည့်မဟုတ်ဟုဆိုရမည်ဖြစ်သည်။ ''ဘယ်သူမပြုမိမိမှု''ဆိုသည့်အတိုင်း မိမိစိတ်ကိုမိမိတို့ကိုယ်တိုင်ကောင်းစွာမထိန်း ကျောင်းနိုင်လျှင် စနစ်မည်မျှပင်ကောင်းနေ စေကာမူ စိတ်ဓာတ်တို့ပျက်စီးသွားမည်သာ ဖြစ်သည်။ မိမိတို့စိတ်ကို မိမိတို့ကိုယ်တိုင် ကောင်းစွာထိန်းကျောင်းနိုင်လျှင် စနစ်မည် မျှပင်ဆိုးရွားနေစေကာမူ စိတ်ဓာတ်တို့ခိုင်မာ နေမည်သာဖြစ်သည်။ ကျွန်တော်တို့သည် ကျွန် တော်တို့၏စိတ်ကိုပိုင်ဆိုင်သည်။ ကျွန်တော်တို့ပိုင်ဆိုင်သည့် ကျွန်တော်တို့၏စိတ်ကို ကျွန် တော်တို့ကိုယ်တိုင် ထိန်းကျောင်းပြီးပြုပြင်ပြောင်းလဲကြရမည်ဖြစ်သည်။ ကျွန်တော်တို့၏စိတ်ကို ကျွန်တော်တို့ကိုယ်တိုင်မပြုပြင်၊ မပြောင်းလဲနိုင်သမျှ ကျွန်တော်တို့မျှော်လင့်တကြီးဖြင့် လျှောက်လှမ်းနေသော ဒီမိုကရေစီရှေ့ခရီး သည် နီးလျက်နှင့်ဝေးနေနိုင်သည်ဆိုသည်ကို သတိပြုကြစေချင်မိပါသည်။ ။

 

ဇော်ထွဋ်မောင်

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191