Wednesday, 11 October 2017 12:47

ဘာသာပေါင်းစုံ ဆုတောင်းပွဲများ အမြို့မြို့အနယ်နယ်၌ ကျင်းပ

Written by Demo
Rate this item
(0 votes)

မန္တလေး

 

အမုန်းတရားများ၊ ဖိအားများ၊ တွန်းအားများကို ပြည်သူလူထုက မေတ္တာဖြင့် တုံ့ပြန်သည့်အနေဖြင့် ဘာသာပေါင်းစုံဆုတောင်းပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ (မန္တလေးတိုင်းဒေသကြီးမှ) ကြီးမှူး၍ အောက်တိုဘာ ၁ဝ ရက် ညနေ ၆ နာရီက မန္တလေးမြို့ ၆၂ လမ်း၊ လမ်း ၄ဝ နှင့် ၄၁ လမ်းကြား မနော်ရမ္မံပြည်သူ့ဟစ်တိုင်ကွင်းတွင်ပြုလုပ်ခဲ့ကြောင်းသိရသည်။  ဘာသာပေါင်းစုံဆုတောင်းပွဲသို့ မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ ဝင်များ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ စသော ဘာသာများမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး အင်အားစုများ၊ ငြိမ်းချမ်းရေးလိုလားသူများ၊ မန္တလေးမြို့ခံများ တက်ရောက်ခဲ့ကြသည်။  အဆိုပါဆုတောင်းပွဲတွင် ဘာသာတစ်ခုချင်းစီအလိုက် တက်ရောက်လာသော ဘာသာရေးခေါင်းဆောင်နှင့် အဖွဲ့များက ၁ဝ မိနစ်စီဆုတောင်းပေးခဲ့ပြီး တက်ရောက်လာသူများစုပေါင်း၍ ဖယောင်းတိုင်ဆီမီးထွန်းကာဆုတောင်းခဲ့ကြသည်။

 

 


မော်လမြိုင်


မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှဦးဆောင်ပြီး ပြည်ထောင်စုသမ္မ တမြန်မာနိုင်ငံတော် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁ဝ ရက် ညနေ ၆ နာရီတွင် မော်လမြိုင်မြို့၊ ဖက်တန်းရပ်ရှိ ပြည်နယ် ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဗုဒ္ဓဘာသာကိုယ်စားပြု မွန်ပြည်နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်ကိုယ်စား စိန်မမ ပါဠိတက္ကသိုလ်တိုက်အုပ်ဆရာတော် ဦးတေဇနိယနှင့် ဆရာတော်သံဃာတော်များက မေတ္တသုတ်ရွတ်ဆိုဆုတောင်းခြင်း၊ အစ္စလာမ်ဘာသာကိုယ်စားပြု ပညာဥယျာဉ် အာရဗီသိပ္ပံကျောင်းအုပ်ဆရာကြီး မော်လဝီဦးအုန်းသောင်က မေတ္တာပို့ဆုတောင်း ခြင်း၊ ဟိန္ဒူဘာသာကိုယ်စားပြု သနတ်နဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ခွဲ (မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး) တို့ပါဝင်သည့် အရှေ့တောင်ပိုင်းဇုန်ဥက္ကဋ္ဌ ဦးအောင်ခင်က မေတ္တာပို့ဆုတောင်းခြင်းနှင့် ခရစ်ယာန်ဘာသာကိုယ်စားပြု Holy Family Cathedral ဘုရားကျောင်းမှ ဘစ် ရှော့ရေမွန်စောဖိုးရေက မေတ္တာပို့ဆုတောင်း ခြင်းများကို ပြုလုပ်ကြကာ ဖယောင်းတိုင် ထွန်းညှိပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် နှစ်မိနစ်ခန့် အာရုံပြုဆုတောင်းခဲ့ကြသည်။


မြဝတီ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်နှင့် နိုင်ငံသူနိုင်ငံသားအားလုံးငြိမ်း ချမ်းသာယာဝပြောစေရန်ရည်ရွယ်၍ ဘာသာ ပေါင်းစုံဆုတောင်းပွဲအခမ်းအနားကို အောက်တိုဘာ ၁ဝ ရက် နံနက် ၈ နာရီခွဲက ကရင် ပြည်နယ်၊ မြဝတီမြို့နယ် သောင်ရင်းခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး ဗုဒ္ဓဘာသာအဖွဲ့ဥက္ကဋ္ဌ ဦးစော အေးမြိုင်က ဆုတောင်းမေတ္တာပို့သပြီး အစ္စ လာမ်ဘာသာအဖွဲ့ခေါင်းဆောင် ဆရာဂျနား၊ ဟိန္ဒူဘာသာအဖွဲ့ခေါင်းဆောင် ဦးစိုးမင်းထိုက်၊ ခရစ်ယာန်ဘာသာအဖွဲ့ ခေါင်းဆောင် သိက္ခာတော်ရဆရာတော် ဦးစောဒေးဘတ်တို့က ဘာသာအလိုက်ဆု တောင်းကြသည်။ ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး ဘာသာပေါင်းစုံ ဆု တောင်းပွဲသို့ တက်ရောက်လာသူများ အားလုံးမှ မိမိတို့၏ဘာသာအလိုက် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းခဲ့ကြသည်။

 


စစ်ကိုင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦး ဆောင်ကျင်းပသည့် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံဆုတောင်း မေတ္တာပို့အခမ်းအနားကို အောက်တိုဘာ ၁ဝ ရက် ညနေ ၅ နာရီက စစ်ကိုင်းမြို့ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့တွင်ကျင်းပခဲ့သည်။ မေတ္တာပို့ဆုတောင်းပွဲကို စစ်ကိုင်းမြို့ သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ စစ်ကိုင်းမြို့မှ အစ္စလာမ်၊ ခရစ်ယာန်နှင့် ဟိန္ဒူဘာသာအဖွဲ့များမှ ဘာသာရေးခေါင်း ဆောင်များက မေတ္တာပို့ဆုတောင်းစကားများပြောကြားကြပြီး တက်ရောက်လာသူများမှ ဖယောင်းတိုင်မီးများထွန်းညှိကာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် စုပေါင်းမေတ္တာပို့ ဆုတောင်းကြသည်။

 

မကွေး


ဘာသာပေါင်းစုံဆုတောင်းပွဲကို အောက်တိုဘာ ၁ဝ ရက် ညနေ ၆ နာရီက မကွေးတိုင်းဒေသကြီး မကွေးမြို့တောင် တွင်းလမ်းဘေးရှိ ကပ်ကျော်ဘုန်းတော်ကြီး ကျောင်း၌ပြုလုပ်ခဲ့ကြောင်းသိရသည်။  ဘာသာပေါင်းစုံဆုတောင်းပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ၊ NLD ပါတီဝင်များ၊ ဘာသာအသီးသီးမှ ပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ကြပြီး အခမ်း အနားတွင် ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် ခရစ်ယာန်ဘာသာများမှတာဝန်ရှိသူများက ဆုတောင်းစကားများ ပြောကြားကြသည်။

 

မိတ္ထီလာ


မိတ္ထီလာခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှဦးဆောင်ကျင်းပသည့် ဘာသာ ပေါင်းစုံဆုတောင်းပွဲကို အောက်တိုဘာ ၁ဝ ရက် ညနေ ၄ နာရီက မိတ္ထီလာလွတ်လပ် ရေးပန်းခြံကွင်းတွင်ကျင်းပခဲ့သည်။ ဘာသာပေါင်းစုံဆုတောင်းပွဲအခမ်းအနားတွင် ဗုဒ္ဓဘာသာမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် မိတ္ထီလာသဒ္ဓမ္မဝံသာရုံပါဠိတက္ကသိုလ်၊ ပရိယတ္တိစာသင်တိုက်၊ တိုက်အုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသဆရာတော်ကြီးမှ မေတ္တာပို့ဆုတောင်းပေးခြင်း၊ ဟိန္ဒူဘာသာမှ ဆရာ တော် ဒါဂူးဘဲလ်ပန်ဒစ်ခ်ျမှ မေတ္တာပို့ဆု တောင်းပေးခြင်း၊ ခရစ်ယာန်ဘာသာမှ ဖာသာဆရာ ဦးအောင်မျိုးဝင်းမှ မေတ္တာပို့ ဆုတောင်းပေးခြင်း၊ အစ္စလာမ်ဘာသာမှ မော်လဝီအေရှကူးရ် (ခ) ဆရာဦးခင်မောင် ဝင်းမှ မေတ္တာပို့ဆုတောင်းပေးပြီး ဘာသာ ပေါင်းစုံမှတက်ရောက်လာကြသော ပြည်သူများက ငြိမ်သက်စွာမတ်တတ်ရပ်ပြီး မေတ္တာပို့ဆုတောင်းကြသည်။  ဆုတောင်းပွဲသို့ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်လေးမြို့နယ်မှ ပြည်သူလူထုအင်အား ၁ဝဝဝ ကျော်တက်ရောက်ကာ ငြိမ်းချမ်းရေးဖယောင်းတိုင်ကို ထွန်းညှိပေးခဲ့ ကြကြောင်းသိရသည်။

 

နယ်သတင်းအဖွဲ့

#democracytoday

Read 409 times
Login to post comments