Thursday, 12 October 2017 12:37

ကောင်းမှုတော် ဘုရားကြီး အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပွဲတွင် မြန်မာ့ရိုးရာ အကအဖွဲ့ များပြားလာသဖြင့် ဂုဏ်ယူ စရာဖြစ်လာ

Written by လှိုင်ထွေးအောင်
Rate this item
(0 votes)

စစ်ကိုင်း

 

စစ်ကိုင်းကောင်းမှုတော်ဘုရားကြီး ဝါတွင်းကာလနောက်ဆုံး ဘုရားစဉ်ဆွမ်းတော် ကြီးကပ်လှူပွဲတန်းရှည်လှည့်လည်ရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေကပြသည့်အဖွဲ့များ ပြန်လည်ခေတ်စားလာသဖြင့် စစ်ကိုင်းမြို့အတွက် ဂုဏ်ယူစရာတစ်ခုဖြစ် လာကြောင်း လက်တစ်ကမ်းအလင်းလူငယ် အဖွဲ့မှ ကိုမင်းဇင်အောင်က ပြောသည်။ 

 

 

အရုဏ်တော်ဝတ်အသင်းများမှ ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို အောက်တိုဘာ ၅ ရက်၊ ၆ ရက် (သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့် ကျော် ၁ ရက်)များမှာ ကျင်းပသည်။ စစ်ကိုင်း မှ ကောင်းမှုတော်ဘုရားကြီး ၅ မိုင်ခရီးသွား ရောက်ရာတွင် အရုဏ်တော်ဝတ်အသင်းအားလုံး စစ်ကိုင်းမြို့မှ အောက်တို ၅ ရက် နံနက် ၆ နာရီကျော်တွင် မဲကျအစီအစဉ်အတိုင်းရှေ့နောက်စီသွားရောက်ကြရသည်။ ဝါတွင်းကာလနောက်ဆုံး ဘုရားစဉ်ဖြစ် သည့် ကောင်းမှုတော်ဘုရားကြီးအား ဆွမ်း တော်ကြီး သွားရောက်ကပ်လှူရာတွင် မြို့ရော တောပါ ဆွမ်းတော်ကြီးအာရုံတော်ဝတ်အသင်း အားလုံးသွားရောက်ကပ်လှူကြသဖြင့် မြို့လုံး ကျွတ်စည်ကားသည့် ဒေသရိုးရာဘာသာရေး ပွဲအဖြစ် ထင်ရှားသည်။ အရုဏ်တော်ဝတ် အသင်းများ တန်းရှည်သွားရောက်ရာတွင် ရှေ့ဆုံးမှ ဘုရားကား ကန်တော့ပွဲကားထား ၍ နောက်မှ ဆွမ်းတော်ကြီးအာရုဏ်တော် ဝတ်အသင်း၊ ဝင်းအခင်းအကျင်း၊ ပန်းအိုး ပန်းဖလားကိုင် ဆွမ်းအုပ်ရွက်အမျိုးသမီးအဖွဲ့၊ ဓမ္မစကြာဝတ်အသင်းများ ပါဝင်ပြီး အဆိုအတီး အကဖျော်ဖြေရေးအဖွဲ့များအား အလှည့်တန်းကြားမှာ သင့်သလို ထားရှိလှည့်လည် သွားရောက်ခြင်းဖြစ်သည်။

 


''ဒီပွဲရဲ့ထူးခြားချက်က အရုဏ်တော်ဝတ် အဖွဲ့သားများဟာ စစ်ကိုင်းမြို့ကနေ ကောင်း မှုတော်ဘုရားအထိ ၅ မိုင်ခရီး ကတ္တရာလမ်းမ ကြီးအတိုင်း နေပူထဲမှာ တစ်နေကုန် ဖိနပ်မစီး ဘဲ လမ်းလျှောက်သွားကြတာပါပဲ။ မနက် ၆ နာရီကျော်ထွက်တဲ့ အစောဆုံးအသင်းက ကောင်းမှုတော်ဘုရားကြီးကို ညနေ ၄ နာရီ ကျော် ၅ နာရီမှ ရောက်ပါတယ်။ တချို့အသင်း တွေက ည ၇ နာရီလောက်မှ ဘုရားကြီးရင်ပြင် တော်ပေါ် ရောက်ပါတယ်။ ဒီနှစ်အရုဏ်တော် အကအဖွဲ့အားလုံးနီးပါး မြန်မာ့ရိုးရာအက တွေ ဖျော်ဖြေတာ တွေ့ရတာကတော့ အထူး ခြားဆုံးပြောင်းလဲလာမှုလို့ ပြောချင်ပါတယ်''ဟု မိုးဇာရပ်ကွက် အရုဏ်တော်ဝတ်အသင်းမှ ဦးသိန်းဝေက ပြောသည်။

 


အကအဖွဲ့များမှ ကပြရာတွင် ယိမ်းအက၊ ရေအိုးရွက်အက၊ သူငယ်တော်အက၊ ဖိုးသူတော်ယိမ်း၊ မင်းသားပြိုင်အက၊ လယ် တောသူအက၊ ဆင်အက၊ ပြောအက၊ ဦးရွှေရိုး ဒေါ်မိုးအကများဖြင့် ဖျော်ဖြေရာ မြန်မာမိန်း ကလေးများက သနပ်ခါးပါးကွက်ကျား ဆံရစ် ဝိုင်း ရိုးရာဝတ်ဆင်မှုများဖြင့် ကပြလာကြသဖြင့် ယခင်နှစ်များကလို မြန်မာ့ဝတ်စားဆင်ယင် မှုမဟုတ်သည့်အကအဖွဲ့များ နည်းပါးလာကာ မြန်မာ့ရိုးရာဖျော်ဖြေတင်ဆက်ကပြသည့် ရိုးရာဓလေ့ ပြန်လည်ခေတ်စားလာသည်။ ယခုနှစ်တွင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မိုးဇာရပ်၊ ပန်းဘဲတန်းရပ်၊ ထားဝယ် ဈေးရပ်၊ ဈေးကုန်းရပ်၊ သာစည်ရပ်၊ ဧမြဝတီ ရပ်၊ ရိုင်တန်းရပ်၊ ဗျဉ်းညားရပ်၊ ဘော်ဂါရပ်၊ မြို့သစ်ရပ်၊ တကောင်းရပ်၊ ညောင်ကုန်းရပ်၊ ထားဝယ်ဈေးရပ်၊ ဘော်ဂါရပ်၊ ဝါးချက်ရွာ၊ ကျောက်တာရွာ၊ ရေခါးရွာအာရုဏ်တော်ဝတ် အသင်းများမှ ကောင်းမှုတော်ဘုရားကြီးအား ဝါတွင်းဘုရားစဉ် အရုဏ်ဆွမ်းဆက်ကပ်လှူ ဒါန်းကြကြောင်း သိရသည်။

 

လှိုင်ထွေးအောင်

#theyangontimes

Read 350 times
Login to post comments