Main menu
HOT NEWS
adv
ပြောင်းလဲချိန် တန်လို့ ပြောင်းလဲပြီ၊ နှစ်ပေါင်းများစွာ မင်းမူနေသည့် မထသကို ဖျက်သိမ်းပြီးနောက် YBS ယာဉ်လိုင်းစနစ် စတင်၊ ပထမနေ့တွင် မှတ်တိုင်၌ လူပုံနေသော်လည်း ယာဉ်ကြီးယာဉ်ငယ် အချို့ အခမဲ့ဖြင့် ပြောင်းလဲမှုကို ကူညီ

ပြောင်းလဲချိန် တန်လို့ ပြောင်းလဲပြီ၊ နှစ်ပေါင်းများစွာ မင်းမူနေသည့် မထသကို ဖျက်သိမ်းပြီးနောက် YBS ယာဉ်လိုင်းစနစ် စတင်၊ ပထမနေ့တွင် မှတ်တိုင်၌ လူပုံနေသော်လည်း ယာဉ်ကြီးယာဉ်ငယ် အချို့ အခမဲ့ဖြင့် ပြောင်းလဲမှုကို ကူညီ

=================

သ က် သ က် မိုး သူ

=================


ဇန်နဝါရီ ၁၆ ရက်။ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေခဲ့သော ယာဉ်လိုင်းများတွင် နှစ်ပေါင်းများစွာမင်းမူနေသည့် မထသယာဉ်များကို ဖျက်သိမ်းပြီးနောက် YBS ယာဉ်လိုင်းသစ်ကို စတင်လိုက်ပြီဖြစ်သည်။ ယာဉ်လိုင်းသစ်ပြေးဆွဲသည့် ပထမနေ့တွင် မှတ်တိုင်များ၌ ခရီးသည်များ စုပုံနေသော်လည်း ယာဉ်ကြီး၊ ယာဉ်ငယ်အချို့က အခမဲ့ပြေးဆွဲပေးခြင်းဖြင့် ပြောင်းလဲမှုကို ကူညီခဲ့ကြသည်။ ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင် အတော်တော်များများတွင် ခရီးသည်များသည် ယခင်ရက်များနှင့်မတူ တစ်မူထူးခြားစွာစုပုံနေကြသည်။


စောင့်ဆိုင်းနေသည့် ခရီးသည်များသည် ဟိုတစ်စုဒီတစ်စုဖြင့် ၎င်းတို့သွားလိုသည့် ခရီးစဉ်လမ်းကြောင်းများကို ကြည့်နေကြသကဲ့ သို့အချို့မှာလည်း မိမိတို့စီးလိုသည့်ကားနံပါတ် အမြန်ဆုံးလာရန်မျှော်ကြည့်နေကြသည်။ ယင်းအပြင်ခရီးသည်များ သွားလာရေး အခက်အခဲဖြစ်မည်ကို ကူညီမည့်စေတနာ့ ဝန်ထမ်းများ၊ ဘတ်စ်ကားများမလာသည့်အတွက် ပရဟိတအဖြစ် အခမဲ့ပြေးဆွဲပေးသောကား များသည်လည်း ပျားပန်းခတ်မျှလှုပ်ရှားနေကြသည်။ ဘတ်စ်ကားမှတ်တိုင်များသို့ ဆိုက်ရောက်လာသော ဘတ်စ်ကားများပေါ်တွင်လည်း ခရီးသည်များပြည့်သိပ်လျှံထွက်သည်အထိ များပြားနေခြင်းကြောင့် ဘတ်စ်ကားတစ်စီးလျှင် ခရီးသည်အနည်းငယ်သာ လိုက်ပါခွင့်ရသည့် အခြေအနေများလည်းရှိသည်။ ဘတ်စ်ကားနံပါတ်တူ တစ်စီးနှင့်တစ်စီး ရောက်ရှိချိန်မှာလည်းတစ်စီးလျှင် နာရီဝက်/ တစ်နာရီခန့်ကြာသကဲ့သို့ တစ်ခါတစ်ရံတွင် လိုင်းတူနံပါတ်များမှာ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာသည် ကိုတွေ့ရှိရပြီး အချို့သော ယာဉ်လိုင်းများမှာလုံးဝထွက်ရှိခြင်းမရှိကြောင်း၊ အချို့ ယာဉ်လိုင်းများလည်း စက်ချို့ယွင်းသည် ဟုဆိုကာပြေးဆွဲမှုကို ရပ်နားသွားကြသည်ကို လေ့လာတွေ့ရှိရသည်။


ခရီးသည်အချို့မှာ လုပ်ငန်းခွင်သို့ အချိန်မီမရောက်ခြင်းကြောင့် အလုပ်နားလိုက်ကြသည်ကို လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းနှင့်ပတ်သက်ပြီး တောင်ဒဂုံမြို့နယ်မှမြောက်ဥက္ကလာပမြို့နယ်တွင် အလုပ်လုပ်သည့်ဒေါ်စန်းသီတာက''အခုလည်း နောက်ကျနေပြီ။ ပိုက်ဆံအဖြတ်ခံရမယ့် အတူတူနားပစ်လိုက် တယ်။ ကားကတော်တော်နဲ့မလာဘူး။ လာတော့လည်းကျပ်သိပ်နေတော့ လိုက်မရဘူး။ ကားတွေအများကြီးရှိတော့ အဆင်မပြေဘူး။ ဘာထပ်စီးရမလဲမသိဘူး။ ကားတွေကလည်း ဝိတ်များတော့ ကားကပျက်ချင်သလို ထစ်ထစ်သွားသေးတယ်။ ဗိုက်ကြီးသည်တွေ၊ အဘွားကြီးတွေအတွက် အဆင်မ ပြေဘူး။ တစ်ခုခုအဆင်ပြေအောင်လုပ်ပေးသင့်တယ်''ဟု ပြောသည်။ အချို့လုပ်ငန်းရှင်များကမူ လုပ်ငန်းခွင် ဝင်ချိန်ကိုနောက်သို့ရွှေ့ဆိုင်းပေးထားခဲ့သည်။


ယင်းနေ့သည် ဇန်နဝါရီ ၁၆ ရက်နေ့ ဖြစ်ပြီး မထသစနစ်ကို အပြီးဖျက်သိမ်းကာ ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြေးဆွဲသော သယ်ယူပို့ဆောင်ရေးစနစ်သစ်ဖြင့် စတင်ပြေးဆွဲသည့်နေ့ဖြစ်နေခြင်းကြောင့် ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး စနစ်သစ်စဖွင့်လှစ်သည့်နေ့တွင် ဘတ်စ်ကားစီးနင်းသည့် ခရီးသည်များအတွက် ယခင်စီးနင်းနေကျဖြစ်သော ခရီးသည်တင်ယာဉ်လိုင်းများမဟုတ်ခြင်းကြောင့်  မည်သည့်လိုင်းကိုစီးရမည်ကိုမသိခြင်း၊ ပုံမှန်စီးနင်းရသောခရီးသည် တစ်ဆင့်တည်းဖြင့် မရောက်ရှိဘဲ အဆင့်ဆင့်ပြန်စီးရမည့်ယာဉ် နံပါတ် များကို မသိခြင်းစသည့် မသိခြင်းများစွာတို့ဖြင့် ၎င်းတို့သွားလိုသည့် နေရာများသို့ ပို့ဆောင်ပေးမည့် ဘတ်စ်ကားများကိုစောင့် မျှော်နေကြသည်။ ၎င်းတို့သွားလိုသည့် ဘတ်စ်ကားများ မလာခြင်းကြောင့် လုပ်ငန်းခွင်တွင်ဖြစ်ပေါ်လာမည့် ပြဿနာမျိုးစုံတို့ကိုမည်ကဲ့သို့ ဖြေရှင်းရမည်တို့အား စဉ်းစား ရင်းရှုပ်ထွေးခြင်းများစွာ တို့ဖြင့်ကားစီးရန်စောင့်ဆိုင်းနေကြသည့် ခရီးသည်များရှိသကဲ့သို့ ယခုစနစ်သစ်ကိုလေ့ လာလိုခြင်းကြောင့် ကားစီးရန်စောင့်ဆိုင်းနေသူများလည်းရှိနေသည်။


ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ ကွပ်ကဲခဲ့သည့် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု စနစ်သစ်ကိုကြိုဆိုသူများရှိသကဲ့သို့ ခရီးသည်ဘတ်စ်ကားများ အချိန်မီရောက်ရှိလာမှုမရှိခြင်းနှင့် ခြေချစရာမရှိအောင်ပင် ကျပ်သိပ်နေခြင်းနှင့်အ ဆင့်ဆင့်ပြောင်းလဲစီး ရခြင်းတို့ကြောင့် ဝေဖန်သည့်သူများလည်းရှိသည်။ ယင်းနှင့်ပတ်သက်ပြီး တောင်ဒဂုံမှ တောင်ဥက္ကလာ၊ မာလာကွေ့သို့သွားမည့်ဦးအောင်ဇင်ပိုင်က''အရင်ကလည်းနှစ်ဆင့်ပဲစီးရတာ၊ တန်းတော့မရောက်ဘူး။ ခုတော့ (၇) စီးလာတယ်။ပြီးရင် (၆) ကားထပ်စီးရမယ်ပြောတယ်။ လမ်းကြောပိုပိတ်တယ်။ မလုပ်ပေးနိုင်သေးရင် မလုပ်ပေးသင့်သေးဘူး။ ရေရှည်ဆိုရင်ခါးပိုက်နှိုက်လည်း ပိုပေါလာမယ်ထင်တယ်။ အားလုံးပြည့်စုံ အောင်လုပ်ပြီးမှ လုပ်ပေးသင့်တယ်။ ကားမှတ်တိုင်တွေမှာ လူတွေပုံလာတယ်။ ကားတွေကလည်းတအားကျပ်တယ်။ လမ်းကြောတွေလည်း ပိုပိတ်လာတယ်။ ခါတိုင်းဆို လူ သိပ်မရှိတဲ့ မှတ်တိုင်တွေမှာ အခုဆိုလူတွေပုံနေတယ်''ဟု ပြောသည်။


ယခင်မထသစနစ်ဖြင့် ခရီးသည်တင်ဘတ်စ်ကားလိုင်းများပြေးဆွဲစဉ်က ခရီးလမ်းတစ်ခုကို အများဆုံးနှစ်ဆင့်စီးရုံဖြင့် ရောက်ရှိပြီး ယခုစနစ်သစ်တွင် မိမိတို့သွားလိုသည့်ခရီးလမ်းကြောင်း တစ်ခုကိုသွားလိုလျှင် အနည်းဆုံး နှစ်ဆင့်စီးရပြီး အချို့မှာ သုံးဆင့်မှလေးဆင့် အထိစီးမှသာရောက်ရှိခြင်းနှင့် မိမိ တို့ လိုရာခရီးသို့ရောက်ရှိရန် ပြောင်းစီးသည့်နေရာတွင် ထပ်မံပြောင်းစီးရန် ကားအဆင်သင့်စီးရန်မရှိ ဘဲစောင့်ဆိုင်းရသည့်အချိန်မှာ အလွန်ကြာ မြင့်ခြင်း၊ ယင်းအပြင်ကားများမှာလည်း ခရီးသည်များဖြင့် ကျပ်တည်းနေသည့်အတွက် ခရီးသည်များအဆင်မပြေမှုများစွာ ကြုံတွေ့ နေကြသည်ကိုတွေ့ ရှိရသည်။  ယင်းကဲ့သို့အဆင်မပြေမှုများစွာဖြစ်ပေါ် မှုရှိခဲ့သော်လည်း ခရီးသည်အများစုမှာ ယခု ပြောင်းလဲသည့် စနစ်သစ်ကိုကြိုဆိုကြပြီး လက်ရှိပြင်ဆင်ရေးဆွဲထားသည့် ယာဉ်လိုင်းလမ်း ကြောင်းအသစ်များတွင် ယာဉ်စီးရေများစွာ ဖြင့်ပြေးဆွဲပေးစေလိုကြကြောင်း ခရီးသည် များကပြော ကြသည်။


ရန်ကင်းမှ ယုဇနဥယျာဉ်မြို့တော်သို့ အလုပ်သွားလုပ်သည့် ဦးဆံရှည်က ''အလုပ်ကို ကြည့်ပြောလိုက်တယ်။ ခါတိုင်းက နှစ်ဆင့်စီးရတယ်။ အခုဆိုရင်တော့ လေးဆင့်စီးရမယ်။ ပိုက်ဆံကတော့ ပိုမကုန်ဘူး။ အတူတူပဲ အတက်အဆင်းနဲ့ အလုပ်ရှုပ်တာရှိတယ်။ အလုပ်ထဲကို ရှစ်ခွဲ အရောက်သွားရတာ။ အခုဆို ၁ဝ နာရီထိုးတော့မယ်။ မရောက်သေးဘူး။ ဒါပေမဲ့ကြိုက်တယ်။ ရှင်းလို့ကြိုက်တယ်။ သွားလာရတာ အစဆိုတော့အခက် အခဲကတော့ကြုံမှာပဲ။ နောက်ပိုင်းအဆင်ပြေမှာပဲ။ စပယ်ယာတွေရဲ့အော်တာတွေ မခံရတော့ဘူး။ ကောင်းတယ်''ဟု ပြောသည်။ ခရီးသည်များအနေဖြင့် ယင်းတို့စီးရမည့် ယာဉ်လိုင်းနံပါတ်များကို သိရှိခြင်းမရှိသေးသည်များကို အကူအညီပေးရမှုမှာ ပိုများနေကြောင်း၊ မှတ်တိုင်အားလုံးနီးပါးတွင် ကူညီပေးနေသည့် စေတနာ့ဝန်ထမ်းများက ပြောသည်။ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ကြသူများသည် မှတ်တိုင်ကြီးများတွင်သာ များနေပြီး အချို့မြို့နယ်များရှိ မှတ်တိုင် များတွင် မှတ်တိုင်စေ့ရှိပေးနိုင်ခြင်းမရှိသကဲ့သို့ မှတ်တိုင်အချို့တွင်လမ်းညွှန်ဆိုင်းဘုတ်များ မရှိသေးသည်ကို တွေ့ရှိခဲ့ရသည်။


ဇန်နဝါရီ ၁၆ ရက်က စတင်ပြောင်းလဲခဲ့သည့် စနစ်သစ်ကြောင့် ခရီးသွားပြည်သူများသည် ၎င်းတို့သွားလိုသည့် ခရီးစဉ်များနှောင့် နှေးကြန့်ကြာမှုများဖြစ်ပေါ်ခဲ့ပြီး အချို့မှာမြို့ ပတ်ရထားများစီးနင်း၍ သွားကြသည့်အတွက် ရထားစီးနင်းသောခရီးသည် အရေအတွက်မှာ ယခင်နေ့များထက် ထက် ဝက်ကျော်မြင့်တက်ခဲ့ကြောင်း ငမိုးရိပ်ဘူတာမှ တာဝန်ခံဦးခင်မြင့် ကပြောသည်။ ''ကားတွေစနစ်စပြောင်းတော့ အခက်အခဲဖြစ်လို့လာစီးကြလို့ အခါတိုင်းထက် ထက်ဝက်ကျော်လောက် ရထားလက်မှတ်ပို ရောင်းရတယ်။ မြို့ထဲကိုသွားဖို့စီးသူပိုများတယ်''ဟု ၎င်းကပြောသည်။ လက်ရှိပြောင်းလဲခဲ့သည့် စနစ်သစ်တွင် ဘတ်စ်ကားစီးနင်းခမှာ အတက်/အဆင်းတစ်ဦး လျှင်ကျပ်၂ဝဝသတ်မှတ်ထားပြီး ပိုမိုတောင်းခံ ခြင်းနှင့်ခရီးသည်များအပေါ်မချေမငံ ဆက်ဆံမှုများမပြုလုပ်ရန်သက်ဆိုင်ရာ ယာဉ်လိုင်းအဖွဲ့အစည်းများကညွှန်ကြားထားပြီး ယင်းကဲ့သို့ကျူးလွန်ပါက ကားကိုပါသိမ်းဆည်းသည် အထိအရေး ယူမည်ဟု သတိပေးပြောကြားထား ကြောင်း (၄၂) ယာဉ်လိုင်းမှစပယ်ယာ ဦးကျော်သီဟကပြောသည်။


''ပိုက်ဆံပိုကောက်ရင် ကားကိုသိမ်းမယ်။ လူကိုထောင်ချမယ်။ ဘာအကျိုးမှမယုတ်စေ ရဘူးလို့ပြောထားတယ်''ဟု ¤င်းကပြောသည်။  အစိုးရသစ်လက်ထက်တွင် စတင်ပြောင်း လဲခဲ့သည့် ခရီးသည်တင်ဘတ်စ်ကားပြေးဆွဲ မှုများတွင် လိုက်ပါဆောင်ရွက်ခဲ့သည့်ယာဉ် လုပ်သားအချို့သည် ယာဉ်လိုင်းလမ်းကြောင်း အပြောင်းအလဲများအပေါ် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသေးသည့်အတွက် ခရီးသည်များကဝင် ရောက်ကူညီခဲ့ကြရပြီး အချို့ကားများမှာစီးနင်း သူများခြင်းကြောင့် စပယ်ယာမှငွေကောက်ခံ နိုင်ခြင်းမရှိသည့်အနေအထားများသို့ပင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ''စပယ်ယာတွေ၊ ယာဉ်မောင်းတွေ အတော်များများက မှတ်တိုင်တွေမသိဘူး။ ဘာလို့လဲဆိုတော့ အချို့ကားတွေကအင်းစိန်ဘက်မှာ ဆွဲနေကျကို မြောက်ဥက္ကလာဘက်ပြောင်း လာရတော့စိမ်းနေတာပေါ့။ အစရက်မှာစီးတဲ့ သူတွေလည်းမသိကြဘူး။ မောင်းတော့မောင်း နေတယ်။ ပိုက်ဆံကဘယ်လိုရမယ်ဆိုတာ မသိ ဘူး။ မောင်းတော့မောင်းနေတာပဲ။ ခု ခရီးစဉ်တစ်ခြမ်းကို ပိုက်ဆံဘယ်လောက်ရတယ်ဆိုတာကို ပြန်မအပ်ရပေမယ့် ဂိတ်တာ ဝန်ခံတွေကိုအသိပေးရတယ်''ဟု (၄၂) ယာဉ် မောင်းဦးသောင်းရွှေက ပြောသည်။


အပြောင်းအလဲတစ်ခုကို စတင်ဆောင်ရွက်မည်ဆိုလျှင် အခက်အခဲများစွာဖြစ်ပေါ်မည်ကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ပြီး ယနေ့ ဖြစ်ပေါ်သည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ရန်ရှိသည်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံတင်ပြ၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဥက္ကလာပမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကပြောသည်။ ''ဒီနေ့ရဲ့လိုအပ်ချက်ကို နောက်နေ့မှာ ပြင်လိုက်မယ်။ နောက်နေ့မှာ လိုအပ်ချက်ရှိလာရင်လည်း ထပ်ပြင်ဆင်လိုက်မယ်ဆိုရင်တော့ နောက်ရက်တွေ မှာ အဆင်ပြေသွားမယ်''ဟု၎င်းက ပြောသည်။ ကန်တော်လေးစာတိုက်တွင်နေထိုင်သူ ဦးမင်းဟိန်းထက်က ''စနစ်အပြောင်းအလဲ ပေါ်မှာကောင်းပါတယ်။ ကားသစ်တွေဝင်မယ်ဆိုပေမယ့် ကားဟောင်းတွေကိုနံပါတ် ပြန်တပ်ထားတယ်ဆိုတော့ ဒီတိုင်းကဒီတိုင်းပါပဲ။ အရင်ကထက်စာရင် စိစိစစ်စစ်နဲ့ လုပ်တာကို အဆင်ပြေတယ်။ မျှော်လင့်ထားတာ တော့အကြီးကြီးပဲ။ တွေ့လိုက်ရတော့ အရင်အတိုင်းပါပဲ။ နိမ့်ကျသွားတာတော့မရှိပါဘူး'' ဟု ပြောသည်။


ယင်းကဲ့သို့ စနစ်သစ်အပြောင်းအလဲ တွင်လိုက်ပါခွင့်မရရှိသော ယာဉ်အိုယာဉ် ဟောင်းအပ်နှံရမည့် ၁၉၉၅ မိုဒယ်အောက် ဘီအမ်နှင့် ဒိုင်နာတို့တွင် လုပ်ကိုင်နေကြသည့် ယာဉ်မောင်းနှင့်စပယ်ယာများသည် လက်ရှိတွင်အလုပ်လက်မဲ့ဖြစ်သွားမည့် အနေအထားများတွင်ရှိနေကြောင်း ယခင် မထသ လက် အောက်တွင်ရှိခဲ့သည့် (၄၂) ဘီအမ်ယာဉ်မှ စပယ်ယာဖြစ်သူ ဦးထွန်းထွန်းဝင်းက ပြောသည်။ ''အများကောင်းဖို့ လုပ်တာဆိုတော့ ကောင်းလို့လက်ခံလို့ရတယ်။ ခုထိတော့ဘာ လုပ်လို့လုပ်ရမှန်းမသိ။ ချက်ချင်းရပ်လိုက်တော့ အခက်အခဲဖြစ်တယ်။ (၄၂) လိုင်းပိုင်ရှင်တစ် လိုင်းအပ်ကြမယ်။ အပ်တော့စပယ်ယာ၊ ယာဉ် မောင်းတွေဒုက္ခဖြစ်တာပေါ့။ လောလောဆယ် ပြဿနာပေါ့။ ဘာလုပ်လို့လုပ်ရမှန်းကိုစဉ်းစား လို့မရသေးဘူး''ဟု ၎င်းကပြောသည်။ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးခဲ့သည့် မထသစနစ်ကိုဖျက်သိမ်းပြီး အများပိုင်စနစ် ဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဦးဆောင်မည့် ပထမခြေလှမ်းအဖြစ် အစုအဖွဲ့ပိုင်ယာဉ် လိုင်းစနစ်ကို စတင်ကျင့်သုံးခဲ့သည့် ပထမနေ့တွင် ခရီးသည်များ၊ ယာဉ်ပိုင်ရှင်များ၊ ယာဉ်လုပ်သားအတွက် အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။


ယင်းအခက်အခဲများကို ပြည်သူအချို့ က ဖြေရှင်းနည်းလမ်းပေါင်းစုံဖြင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ခရီးလမ်းတူသူများ စုပေါင်း၍တက္ကစီစီးနင်း၍ အခက်အခဲများကို ဖြေရှင်းခဲ့ကြကြောင်း သိရသည်။ စနစ်သစ် စတင်ပြောင်းလဲသည့်နေ့အစတွင် ဘတ်စ်ကားမှတ်တိုင်များ၌ ခရီးသည်များ စုပုံကာ သွားလာရေး နှောင့်နှေးကြန့်ကြာခဲ့ရခြင်းသည် သွားလိုသည့်နေရာသို့ ပို့ ဆောင်ပေးမည့်ယာဉ်စီးရေ အလျဉ်မီရောက်လာခြင်း မရှိခြင်းကြောင့် အရင်ရောက်သည့် ကားပေါ်သို့ အလုအယက်တက်ရခြင်းကြောင့် ခရီးသည်များ ကျပ်သိပ်မှုများရှိခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။ ယင်းအတွက် ရန်ကုန်မြို့အတွင်းဘတ်စ် ကားခရီးသွားပြည်သူများသွားလာရေး အဆင်ပြေလွယ်ကူစေရန်အတွက် ယာဉ်လိုင်းလမ်းကြောင်းတစ်ခုတွင်လိုင်းတူ ယာဉ်စီးရေများစွာထားရှိပေးသင့်ပြီး တစ်စီးနှင့်တစ်စီး မိနစ်အနည်းငယ်သာခြား၍ ဂိတ်မှစေလွှတ် ပေးခြင်းတို့ကိုလည်း လုပ်ဆောင်ပေးသင့် ပေသည်။ အလားတူ ခရီးသည်တင်ယာဉ်လိုင်းများ ကဲ့သို့ကုန်ကြိုကားများဖြစ်သည့် ဈေးကားများမှာလည်း မထွက်ရဲကြသည့်အခြေအနေများဖြစ်ပေါ်နေသည့်အတွက် ယင်းကားများအတွက်လည်းစဉ်းစားပေးရန် လိုအပ်နေပါ ကြောင်း ရေးသားဖော်ပြအပ်ပါသည်။

 

သ က် သ က် မိုး သူ

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616