Tuesday, 10 October 2017 13:18

Yangon Water Bus စတင်သည့် သုံးရက်အတွင်း စီးနင်းသူ အလွန်များပြား၊ လိုက်ပါလိုသူများ လက်မှတ် မရသဖြင့် အခက်တွေ့

Written by TTMT
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၉

 

ဗိုလ်တထောင်-အင်းစိန် Yangon Water Bus ခရီးစဉ်စတင်ပြေးဆွဲခဲ့သည့် အောက်တိုဘာ ၇ ရက်မှ အောက်တိုဘာ ၉ ရက်အတွင်းလာရောက်စီးသောခရီးသည်များအလွန်များပြားနေပြီး လိုက်ပါလိုသူများ လက်မှတ်မရသဖြင့် အခက်တွေ့ ခဲ့ရကြောင်းသိရသည်။ ယင်းသင်္ဘောခရီးကိုစီးနင်းသည့်ခရီးသည်များတွင် အပျော်သင်္ဘောလိုက်စီးသူများနှင့်ခရီးစဉ် လမ်းကြောင်းနှင့်ကြာချိန်တို့ကို လေ့လာလိုသည့်ခရီးသည်အများဆုံးဖြစ်ကြောင်း ခရီးသည်များထံမှစုံစမ်းသိရသည်။

 


ယင်းနှင့်ပတ်သက်ပြီး သင်္ဘောစီးခရီးသည်ဦးခင်အေးက''အင်းစိန်ကနေ တစ်နာရီကျော်လောက်ကြာမယ်။ ဆိပ်ကမ်းတိုင်းရပ်ပါတယ်။ကားစီးရင်တော့ မီးပွိုင့်ပိတ်တာနဲ့ဘာနဲ့ဆိုရင် နှစ်နာရီလောက်ကြာမယ်။ မြို့ထဲရောက်ဖို့ကို ကားစီးမယ်ဆိုရင် တစ်ဆင့်တည်းနဲ့လည်းမ ရောက်ဘူး။ သင်္ဘောကတော့တစ် ဆင့်တည်းနဲ့ရောက်တယ်။ သင်္ဘောကို စောင့်စီးနိုင်မယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ ရှေ့သင်္ဘော တစ်စင်းက လူပြည့်သွားတော့မလိုက်လိုက်ရဘူး။ နောက်တစ်စင်း ကိုပြန်စောင့်စီးနေရတာ ခုဆိုတစ်နာရီကျော်နေပြီ။ ၁၅ မိနစ် လောက်တစ်စင်းလောက်သင်္ဘော တွေထွက်ပေးမယ်ဆိုရင်တော့ တော်တော်လေးကိုအဆင်ပြေမှာ ပါ''ဟု ပြောသည်။ ခရီးသည်များအတွက် သင်္ဘော စီးနင်းခကို AnyPay ကတ်စနစ် ဖြင့် စီးနင်းရန်သတ်မှတ်ထားသော်လည်း စီးသူနှင့်ရောင်းချပေးသည့် ကတ်လုံလောက်မှုမရှိသဖြင့် ကတ်စနစ်အပြင် လက်မှတ်စနစ်ကိုပါထည့်သွင်းရောင်းချပေးနေရကြောင်း Tint Tint Myanmar ကုမ္ပဏီမှ Project Manager ဦးထွန်းနိုင်လင်းကပြောသည်။

 


''စီးတဲ့သူတွေအဲဒီလောက်များ မယ်မထင်တော့ Any Pay ကတ် ၃ဝဝဝ လောက်ကိုရောင်းပေးလိုက် ပြီးကုန်သွားတယ်။ ခုမှကတ်တွေ က ထပ်ရိုက်ပေးနေတုန်းပဲဆို တော့ ဒီတစ်ပတ်အတွင်းမှာ Any Pay ကတ်တစ်သောင်းလောက် ထပ်ရောက်လာမှာပါ။ မရောက် သေးတဲ့အချိန်မှာတော့ အရင်ကတ်ဝယ်လို့ရတဲ့သူက ကတ်နဲ့စီးသလို ကတ်မရှိတဲ့သူတွေက လက်မှတ်နဲ့စီးရဖို့စီစဉ်ပေးထားပါတယ်။ ခရီးသည်တစ်ဦးကိုလက်မှတ်ငါး စောင်နှုန်းရောင်းချပေးနေပါတယ်'' ဟု ၎င်းကပြောသည်။ အောက်တိုဘာ ၈ ရက်ကစတင်၍ Yangon Water Bus စီးနင်း ခကျပ် ၃ဝဝ ဖြင့် စတင်ပြေးဆွဲ ပေးနေခြင်းဖြစ်ရာ အခကြေးငွေဖြင့် စတင်ပြေးဆွဲသည့်နေ့တွင်စီးနင်းသည့်ခရီးသည်ဦးရေတစ်သောင်းခန့်ရှိခဲ့ကြောင်းသိရသည်။ ''သင်္ဘောစီးဖို့ကိုဆိုက်မယ့်သင်္ဘောပေါ်က ခုံကကုန်သွားတော့ ခုဆိုက်မယ့်တစ်စင်းမှာမလိုက်ရ တော့ပဲ နောက်တစ်စင်းအတွက်ပဲ လက်မှတ်ရရောင်းတော့မယ်ဆို တော့ ဒီတစ်စင်းတောင်မဆိုက်သေး တာ၊ နောက်တစ်စင်းကိုစောင့်ထပ် စောင့်ရမယ်ဆိုတော့အချိန်က တော်တော်ကြာသွားမှာလေ။ ကားသာဆိုရင်တော့ စောင့်နေစရာမလိုဘူး။ သင်္ဘောစီးရတဲ့ကြာချိန်က မရှိပေမယ့် ကားလိုသင်္ဘောအဆက်မပြတ်မရှိတော့ ပြန်စောင့်ရတာနဲ့ဆိုတော့ ကြာချိန်ကအတူတူလောက်ဖြစ်သွားတယ်။ သင်္ဘော များများနဲ့မိနစ်အနည်းငယ်လောက်မှာ တစ်စင်းနှုန်းထွက်ပေးစေချင်ပါတယ်''ဟု သင်္ဘောစီးရန်စောင့်ဆိုင်းနေသူတစ်ဦးကပြောသည်။

 


Yangon Water Bus စီးနင်းရသည့်ကြာချိန်မှာအချိန်တစ်နာရီမှတစ်နာရီခွဲခန့်အတွင်းသာ ကြာမြင့်သော်လည်း သင်္ဘောလာရန်စောင့်ဆိုင်းရသည့် ကြာချိန်မှာတစ်နာရီကျော်ခန့်ကြာမြင့်သည့်အတွက် ၁၅ မိနစ်လျှင် သင်္ဘောတစ်စင်းနှုန်းပြေးဆွဲပေးမှသာ ခရီးသည်များအတွက်အဆင်ပြေမည်ဖြစ်ကြောင်း အင်းစိန်မှ ဗိုလ်တထောင်သို့အသွားအပြန်လိုက်ပါစီးနင်းသူ ဦးကပြောသည်။ လက်ရှိတွင် အင်းစိန်-ဗိုလ်တထောင် Yangon Water Bus ခရီးစဉ်အတွက် သင်္ဘောငါးစီးဖြင့် သာပြေးဆွဲပေးနေသည့်အတွက် ခရီးသည်များသင်္ဘောစောင့်ဆိုင်း ရသည့်ကြာချိန်အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လိုင်စင်ပြုလုပ်ထားသည့်သင်္ဘောများရောက်ရှိလာပါက အမြန်ဆုံးတိုးချဲ့ပြေးဆွဲ ပေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွက် နေ့စဉ် နံနက် ၆နာရီခွဲတွင် ဂိတ်စဖွင့်ပြီး ညနေ ၆နာရီကျော်ခန့်အချိန်တွင် အင်းစိန်နှင့်ဗိုလ်တထောင် ဂိတ်များမှ နောက်ဆုံးသင်္ဘောချိန်များအဖြစ် သတ်မှတ်ကာပြေးဆွဲပေးနေ ခြင်းဖြစ်သည်။

 

 

TTMT

#democracytoday

Read 440 times
Login to post comments