Tuesday, 10 October 2017 13:30

စင်ကာပူတွင် မြန်မာအိမ်အကူ မိန်းကလေးငယ် တစ်ဦး ၁၈ ထပ် တိုက်မှ ခုန်ချသေဆုံးပြန်

Written by ZCH
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၉

 

စင်ကာပူတွင် မြန်မာအိမ်အကူ အမျိုးသမီးငယ်တစ်ဦး ၁၈ ထပ်တိုက်ပေါ်မှ ခုန်ချသေဆုံးမှုတစ်ခု အောက်တိုဘာ ၈ ရက်က ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၎င်းသည် စင်ကာပူနိုင်ငံ One Leicester လမ်းရှိ One Leicester  ကွန်ဒိုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအိမ်အကူအမျိုးသမီးငယ် ဖြစ်ကြောင်း စင်ကာပူရှိ မြန်မာလူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။

 


အဆိုပါအမျိုးသမီးငယ်သည် ပြီးခဲ့သည့်လပိုင်းခန့်ကမှ စင်ကာပူသို့ အိမ်အကူလုပ်သားအဖြစ်ရောက်ရှိခဲ့ကာ စင်ကာပူနိုင်ငံသား အိမ်ရှင်ထံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း၊ အိမ်ရှင်ပြောဆိုသည့်ဘာသာစကားကိုနားမလည်သဖြင့် အလုပ်ခိုင်းရာ၌ အဆင်မပြေ သောကြောင့် ပြန်လည်ပို့ဆောင်ရန် စင်ကာပူအိမ်ရှင်က စင်ကာပူအေဂျင်စီနှင့်ညှိနှိုင်းထားကြောင်း၊ နောက်တစ်လအတွင်း ပြန်ပို့ရန်စီစဉ် နေစဉ် ထိုသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရသိရသည်။

 

ယင်းနှင့်ပတ်သက်၍ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးက''ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့အသေး စိတ်သိရအောင်စုံစမ်းနေပါတယ်။ သေဆုံးသူရဲ့အမျိုးများကိုဆက် သွယ်ပြီးတော့ အကူအညီပေးနိုင်ဖို့အတွက်ကိုလည်း လုပ်နေပါတယ်'' ဟု အောက်တိုဘာ ၉ ရက်တွင် ပြောသည်။
အိမ်ရှင်မိသားစုအပြင်သွားနေခိုက် ၎င်းတစ်ဦးတည်းနေအိမ်တွင် ကျန်ရစ်နေစဉ် ခုန်ချခဲ့ခြင်းဖြစ်ပြီး မျက်မြင်သက်သေမရှိသဖြင့် ခုန်ချ သေဆုံးသလား၊ မတော်တဆပြုတ်ကျသေဆုံးသလားကိုမူ အတိအကျ မသိရှိရသေးကြောင်း စင်ကာပူရောက်မြန်မာများကိုကူညီဆောင်ရွက် ပေးနေသူတစ်ဦးက အောက်တိုဘာ ၉ ရက်က ပြောသည်။

 


''သူလုပ်တဲ့အိမ်ကလည်း ၁၈ထပ်မှာပဲ အိမ်ရှင်ကတော့ သူ့ကို ရိုက်နှက်တာမရှိဘူးကြားတယ်။ ရောက်စဆိုတော့ အင်္ဂလိပ်စကားလည်း နားမလည်၊ ခိုင်းမရပြုမရဆိုတော့ ဒေါသတွေကြီးပြီးပစ္စည်းတွေနဲ့ ပစ် ပေါက်တာတော့ရှိတယ်လို့ကြားတယ်။ ပြီးတော့သူက အိမ်ပြန်ချင်တယ်ဆိုလို့ အေးဂျင့်နဲ့ဆွေးနွေးပြီး နောက်မှပြန်ပို့မယ်လို့သိရတယ်။ အဲ့ဒီလို ပြန်မပို့ခင်မှာပဲ ခုလိုလုပ်သွားတာလို့သိရတယ်'' ဟု စင်ကာပူရောက် မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ သေဆုံးသူသည် ရမည်းသင်းမြို့နယ်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ နိုင်ငံကူးလက်မှတ်တွင် အသက် ၂၃ နှစ် အရွယ်ဆိုသော်လည်း အသက် ၁၈ နှစ်ဝန်းကျင်ခန့်သာရှိနိုင်သည်ဟု ခန့်မှန်းမိကြောင်း၊ စင်ကာပူနိုင်ငံ သို့ ၎င်း၏အစ်မ၊ အစ်မဝမ်းကွဲတော်စပ်သူတို့နှင့်အတူ လာရောက်ကာ အိမ်အကူလုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 


စင်ကာပူရောက် မြန်မာအိမ်အကူများ တိုက်ပေါ်မှခုန်ချ၊ ပြုတ်ကျကာသေကြောင်းကြံစည်သဖြင့် သေဆုံးမှုသည် ယခုနှစ်အတွင်း၌ပင် ငါးဦးထက်မနည်းရှိပြီဖြစ်သည်။  မြန်မာအစိုးရအနေဖြင့် စင်ကာပူနိုင်ငံသို့ အိမ်အကူလုပ်သား တရားဝင်သွားရောက်လုပ်ကိုင်ခွင့်ကို ၂ဝ၁၄ ခုနှစ်မှစ၍ ပိတ်ပင်ခဲ့ ခြင်းဖြစ်ပြီး စင်ကာပူတွင် တရားဝင်မြန်မာအိမ်အကူလုပ်သား ၁၃ဝ သာရှိကြောင်း ဝန်ကြီးဌာနစာရင်းအရသိရသည်။ ယခုနှစ်သြဂုတ် ၉ ရက်ကထုတ်ပြန်ခဲ့သည့် UN Women စာရင်းတွင်မူ စင်ကာပူတွင် မြန်မာအိမ်အကူလုပ်သား သုံးသောင်းမှ လေးသောင်း ကြားခန့်ရှိကြောင်း ဖော်ပြထားသည်။ တရားဝင်စေလွှတ်ခွင့်မပြုထားသော်လည်း တရားမဝင်ရောက်ရှိ နေသည့် မြန်မာအိမ်အကူများကို အစိုးရမှအသိအမှတ်ပြုကာတရားဝင် ဖြစ်ရေးအထောက်အထားများ ထုတ်ပေးမည်ဟုဆိုသည့်အတွက် တရားမဝင်သွားရောက်မှုများမှာ ယခင်ကထက်ပေါ်ပေါ်ထင်ထင်ဖြင့် ပိုမိုများပြားလာကြောင်း စင်ကာပူသို့ မြန်မာအိမ်အကူလုပ်သားနေ့စဉ်လူဦးရေ ၃ဝ မှ ၅ဝ ကြားခန့်ရောက်ရှိနေကြောင်း စင်ကာပူရောက် မြန်မာအဖွဲ့စည်းများ၏ ခန့်မှန်းချက်အရ သိရသည်။ 

 

ZCH

 

Read 1412 times
Login to post comments