Wednesday, 11 October 2017 12:43

ကမ်းနားလမ်း ညဈေးတွင် ရက် ၂ဝ ကျော် ဆိုင်မထွက်သူများကို ဈေးရောင်းချခွင့် ကတ် သိမ်းမည်

Written by ZLH
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ရန်ကုန်မြို့ ကမ်းနားလမ်းညဈေးတန်းတွင် ရက် ၂ဝ ကျော်ကြာဆိုင် မထွက်သူများကို ဈေးရောင်းချခွင့် ကတ်ပြားသိမ်းဆည်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း စည်ပင်ဈေးများဌာနမှ သိရသည်။ ညဈေးတန်းဈေးသည် အချို့ မှာအခွန်ဆောင်ပြီး ဆိုင်မဖွင့်သည်များရှိကြောင်း စည်ပင်အနေနှင့် ဆိုင်ထွက်၊ မထွက်ကို တာလီခြစ်မှတ်သားနေကြောင်း အနောက်ပိုင်း ခရိုင်ဈေးများဌာနမှ ခရိုင်မှူးဦး မောင်မောင်ဌေးက ဒီမိုကရေစီတူ ဒေးသို့ အောက်တိုဘာ ၁ဝ ရက် ကပြောသည်။

 


''ရက် ၂ဝ ကျော်လို့မှမထွက်ဘူးဆိုရင် အထက်ကိုတင်ပြပြီး တော့သက်ဆိုင်ရာမြို့နယ် စည်ပင်အုပ်ချူပ်ရေးမှူးတွေနဲ့ပူးပေါင်း ပြီးတော့အရေးယူ အပြစ်ပေးတာမျိုးလုပ်မှာပါ''ဟု ဦးမောင်မောင် ဌေးကပြောသည်။ ကမ်းနားလမ်းညဈေးတွင် ဆီချက်ရောင်းချနေသောဈေးသည် ဒေါ်သက်သက်ငြိမ်းက''တချို့ကျ တော့အခွန်ဆောင်ပြီး အရောင်းအဝယ်တွေပါးတော့ ဈေးသည် တွေကဆိုင်မထွက်ကြတော့ဘူး။ ဒီဘက်ကိုလူတွေကအရောက်အ ပေါက်နည်းတာလည်းပါတဲ့အတွက် တချို့ဈေးသည်တွေက ဆိုင်တောင် မထွက်ကြတော့ဘူး''ဟု ပြောသည်။ ရက်ပေါင်း ၂ဝ ကျော်ကြာ ဆိုင်မထွက်သည့်ဈေးသည်များအား ဈေးရောင်းချခွင့်ကတ်ပြားများသိမ်းဆည်းပြီးနောက် ယင်း နေရာတွင်ဆိုင်ခန်းအစားထိုးခြင်းများပြုလုပ်ရန်အစီအစဉ်ရှိကြောင်း ဦးမောင်မောင်ဌေးကပြောသည်။

 


မိုးရာသီတွင်ဈေးသည်များ ဈေး ရောင်းမကောင်းကြသည့်အတွက် တချို့ဈေးသည်များမှာ အရင်းပြုတ် ပြီးပြန်မထွက်နိုင်သည့်ဈေးသည်များလည်းရှိကြောင်း ညဈေးတန်းတွင်ဝက်သားတုတ်ထိုးရောင်းချသူဦးမြင့်ကြိုင်က ပြောသည်။ ''လူတော်တော်များများက မိုး အေးတော့ အပြင်သိပ်မထွက်ချင်တာလည်းပါပါလိမ့်မယ်။ ဒါကြောင့် အရောင်းအေးတယ်ထင်ပါတယ်။ ပုံမှန်တော့မရှိပါဘူး''ဟု ညဈေး တန်းတွင် အအေးရောင်းချသူ မအေးစန္ဒာလှိုင်က ပြောသည်။ ဈေးသည်အချို့ကမူ ပွင့်လင်းရာသီတွင်ရောင်းအားပြန်ကောင်း လာနိုင်မည်ဟု မျှော်လင့်ကြောင်း လည်း သိရသည်။ လသာမြို့နယ်ရှိ ကမ်းနားလမ်း ညဈေးမှာ လူနေရပ်ကွက်နှင့်နီးသော ကြောင့် အရောင်းအဝယ် အသင့်အတင့်ရှိပြီး ကျန်နေရာများမှာမူ ရောင်းအားနည်းကြောင်းသိရသည်။  ယခုပွင့်လင်းရာသီတွင် ကမ်း နားလမ်းညဈေးစည်ပင်လာရေး အတွက် အစီအစဉ်များပြုလုပ်ရန် မရှိကြောင်း စည်ပင်မှ သိရသည်။


ZLH

#democracytoday

Read 1323 times
Login to post comments