Wednesday, 11 October 2017 12:54

ရခိုင်ပြည်နယ် အတွင်း ကောလာဟလ များကြောင့် လုံခြုံရေး တိုးမြှင့်ထား

Written by CNB
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ရခိုင် ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ကောလာဟလများကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မရှိစေရန်အတွက် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားကာ လှည့်ကင်းလုံခြုံရေး ဆောင်ရွက်မှုကို အောက်တိုဘာ ၉ ရက်က စတင်ပြုလုပ်ခဲ့သည်ဟု သိရသည်။  မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်မှုကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့နှင့် လုံခြုံရေး ရဲတပ်ရင်းများ၊ ရဲတပ်ဖွဲ့ဝင်တို့ ပူးပေါင်းပြီးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ လုံ ခြုံရေးအတွက် ဆောင်ရွက်မှုကို စစ်တွေမြို့နယ် တစ်ခုတည်းမဟုတ်ဘဲ တခြားမြို့နယ်များတွင်လည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း အမှတ်(၄) လုံခြုံရေးရဲတပ်ရင်းများ ကွပ်ကဲရေးမှူးရုံးမှ ရဲမှူးချုပ်မြဝင်းက ပြောသည်။

 


''စစ်တွေမြို့မှာ လှည့်ကင်းတွေ ဆောင်ရွက်တာအပြင် ပိတ်ဆို့ရှာ ဖွေမှုတွေကိုလည်း လူစည်ကားရာ နေရာတွေဖြစ်တဲ့ သင်္ဘောဆိပ်၊ ကားဂိတ်၊ မြို့အဝင်နေရာတွေမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နေ့လယ်ပိုင်းမှာလည်း ရပ်ကင်းတွေ၊ စောင့် ကြည့်ကင်းတွေကိုလည်း လုံခြုံရေးအတွက် ချထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တဲ့ မောင်တောမြောက်ပိုင်း ရှိ ကျေးရွာတွေအထိပါ ဖြန့်ကြက်ပြီး တပ်မတော်၊ နယ်မြေခံရဲတပ်ဖွဲ့ ဝင်တွေ၊ အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လုံခြုံ ရေးကို ဆောင်ရွက်နေတယ်''ဟု ရခိုင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

 


ရခိုင်ပြည်နယ်အတွင်း ဒေသခံများ စိုးရိမ်မှုမရှိစေရန် လုံခြုံရေး အင်အားများတိုးမြှင့်ပြီး ဆောင်ရွက်ထားသလို ဒေသခံများ အနေဖြင့်လည်း မိမိတို့နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်များအတွင်း ထူးခြားဖြစ်စဉ်များ၊ လူစိမ်း၊ မသင်္ကာဖွယ်ရာပစ္စည်း တွေ့ရှိပါကနီးစပ်ရာ ရဲတပ်ဖွဲ့သို့ အကြောင်းကြားပေးလျှင် လုံခြုံရေး တာဝန်များကို ထမ်းဆောင်ရာတွင် ပိုမိုလျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် လှည့်ကင်းများ ဆောင်ရွက်မှုကို အချိန် ကာလသတ်မှတ်ထားခြင်းမျိုးမရှိဘဲ လိုအပ်သလို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

 

CNB

#democracytoday

Read 1391 times
Login to post comments