Thursday, 12 October 2017 11:45

ကလေးငယ် ခြောက်သိန်းကျော်ခန့်က ကလေးလုပ်သားများ အဖြစ် အလုပ်လုပ်ကိုင်နေရကြောင်း အစီရင်ခံစာ ထုတ်ပြန်

Written by BN
Rate this item
(0 votes)

ရန်ကုန်

 

ပြည်တွင်း၌ စုစုပေါင်း ကလေးဦးရေများထဲတွင် ရှစ်သိန်းကျော်သည် အလုပ်လုပ် ကိုင်နေကြရပြီး ၆ဒသမ၃၇ သိန်းကျော်သည် ကလေးလုပ်သားအဖြစ် တွေ့ရှိရကြောင်း ၂ဝ၁၇ ခုနှစ် နှစ်စဉ် လုပ်သားအင်အားစစ်တမ်းသုံးလပတ် အစီရင်ခံစာအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

 

အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့၏ နည်းပညာပံ့ပိုးကူညီမှုဖြင့် နှစ်စဉ် လုပ်သားအင်အား စစ်တမ်းအား ကောက်ယူလျက်ရှိပြီး ယခုနှစ်အတွက် ပထမသုံးလပတ် အစီရင်ခံစာ (Annual Labour Force Survey 2017 Quartery Report) အား အောက်တိုဘာ ၁ဝ ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။ အစီရင်ခံစာတွင် ဖော်ပြချက်များအရ စုစုပေါင်း ကလေး (ငါးနှစ်မှ ၁၇ နှစ်) ဦးရေ ၁၂ဒသမ၄၁ သန်းတွင် ရှစ်သိန်းကျော်ခန့်သည် အလုပ်လုပ်ကိုင်နေကြရပြီး ၆ဒသမ၃၇ သိန်း ကျော်သည် ကလေးလုပ်သားများအဖြစ် တွေ့ ရှိရကြောင်း ဖော်ပြထားသည်။

 


ထို့ကြောင့် စုစုပေါင်းကလေးများ၏ ၅ ဒသမ၁ ရာခိုင်နှုန်းကျော်သည် ကလေးလုပ်သားများဖြစ်ကြပြီး ယောက်ျားလေးများသည် ၅ဒသမ၉ ရာခိုင်နှုန်းကျော်နှင့် မိန်းကလေးများသည် ၄ဒသမ၄ ရာခိုင်နှုန်းခန့်ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့အပြင် ၂ဝ၁၇ ခုနှစ်တွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်ကိုင်နိုင်သော အသက်အပိုင်းအခြားရှိ သူ ၃၆ဒသမ၃၉ သန်းရှိပြီး အမျိုးသမီးဦးရေသည် ထက်ဝက်ကျော်ခန့်ရှိကြောင်း သိရသည်။

 


ပြည်ထောင်စုအဆင့်တွင်မူ လုပ်သားအင်အား ပါဝင်မှုရာခိုင်နှုန်းသည် ၆၁ဒသမ ၅ ရာခိုင်နှုန်းခန့်ဖြစ်ပြီး အမျိုးသားများ၏ပါ ဝင်မှုနှုန်းသည် အမျိုးသမီးများထက် ၃ဝ ဒသမ၃ ရာခိုင်နှုန်း မြင့်မားနေသည်ကို တွေ့ ရှိသည်ဟု ဆိုထားသည်။ အလုပ်လုပ်ကိုင်သူ အများစု၏ ၇၂ဒသမ၃ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်ဖြစ်ကြောင်းသိရသည်။  ပြည်ထောင်စုအဆင့် အလုပ်လက်မဲ့မှုနှုန်းထားသည် ၂ဒသမ၁ ရာခိုင်နှုန်းခန့်ဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီးအကြား ခြားနားမှုသည် ၁ဒသမ၅ ရာခိုင်နှုန်းရှိရာ အမျိုးသမီးများ၏ ရာခိုင်နှုန်းသည် အမျိုးသားများထက် နှစ်ဆခန့်မြင့်မားသည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

 


၂ဝ၁၇ ခုနှစ် စာရင်းများအရ အသက် ငါးနှစ်မှ ၁၇ နှစ်ကြား ကလေးဦးရေ စုစုပေါင်း ၁၂ဒသမ၄ သန်းခန့်ရှိပြီး ၁၅ နှစ်မှ ၁၇ နှစ်အတွင်း လုပ်သားဈေးကွက်သို့ ဝင်ရောက်မှုများကြောင်းသိရသည်။ အဆိုပါ အစီရင်ခံစာတွင် လုပ်သားအ ခြေအနေ၊ အလုပ်အကိုင်အခြေအနေ၊ လစဉ်လုပ်ခနှင့်ဝင်ငွေ၊ လုပ်သားအင်အား အသုံး ချမှုအခြေအနေ၊ ဒေသအလိုက်၊ အသက်အ ပိုင်းအခြားအလိုက် လုပ်သားအင်အား ပြင် ပရောက်ရှိနေမှုများ၊ ကလေးလုပ်သားအခြေ အနေများ စသည်တို့ကို အသေးစိတ်ထုတ် ပြန်ထားခြင်းဖြစ်သည်။

 

 

BN

#theyangontimes

Read 337 times
Login to post comments