HOT NEWS
Main menu

မလေးရှားတွင် မြန်မာလုပ်သား ၁၅ ဦးကို ဓားကိုင် လူတစ်စု ရုတ်တရက် ဝင်ရောက်တိုက်ခိုက်၊ လုပ်သား ငါးဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၇

မလေးရှားတွင် အချိန်ပိုဆင်း၍ ပြန်လာသည့် မြန်မာလုပ်သား ၁၅ ဦးကို ဓားကိုင်ဆောင်ထားသည့် လူတစ်စုက ပြင်းထန်စွာ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်သဖြင့် မြန်မာလုပ်သား ငါးဦးသေဆုံးကာ နှစ်ဦး အရေးပေါ် ကုသမှု ခံယူနေရဟုသိရသည်။


အဆိုပါဖြစ်စဉ်သည် မလေးရှားနိုင်ငံ ဆာဒန်းမြို့ ရှိ Elecol Switchgear Sdn Bhd အမည်ရှိ စက်ရုံတွင်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၁၅ ဦးသည် ဇန်နဝါရီ ၅ ရက် မလေးရှားစံတော်ချိန် ည ၁ဝ နာ ရီ ကျော်ခန့်တွင် အလုပ်မှအချိန်ပိုဆင်းအပြီး နေထိုင်ရာ အဆောင်များသို့ ပြန်လာချိန်တွင် အနည်းဆုံးလူရှစ် ဦးရှိသည့် ဓားများကိုင်ဆောင်ထားသော လူတစ်စုက ဓားများဖြင့်ဝင်ရောက်ခုတ်ရာ ပြင်းထန်စွာတိုက်ခိုက် ခဲ့သဖြင့် အခင်းဖြစ်နေရာတွင်ပင် မြန်မာလုပ်သားလေး ဦးပွဲချင်းပြီးသေဆုံးခဲ့ကာ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို မလေးရှားနိုင်ငံ ဆာဒန်းဆေးရုံတွင် အရေးပေါ်ကုသမှုခံယူနေပြီး ကုသမှုခံယူနေသူ သုံးဦးအနက် ဇန်နဝါရီ ၆ ရက်မနက်ပိုင်းတွင် တစ်ဦးထပ်မံသေဆုံးခဲ့ကာ စုစုပေါင်းသေဆုံးသူငါးဦးအထိရှိပြီဟု အဆိုပါနေရာများသို့ သွားရောက်ဆောင်ရွက် နေသည့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးတင်အောင်မိုးက ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။


''ကျွန်တော်တို့စက်ရုံက အလုပ်ရှင်နဲ့လည်းတွေ့အပြီး ဆေးရုံကိုလိုက်သွားတော့ ဆာဒန်းဆေးရုံမှာ ရောက်နေတဲ့သုံးဦးမှာ တစ်ဦးထပ်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။ ကျွန်တော်တို့ကို ဝင်ခွင့်မပေးသေးတဲ့ အတွက် ကျွန်တော်တို့ လူအရေအတွက်လောက်သာ သိရသေးတယ်။ ဘယ်သူဆိုတာတော့မသိရသေးဘူး။ အားလုံးပေါင်းသေဆုံးသူ ငါးဦးဖြစ်သွားပြီး ဆေးရုံတက်နေတာ နှစ်ဦးကျန်နေသေးတယ်လို့သိရပါတယ်။ သူတို့ကို ဓားတွေနဲ့ဝင်ခုတ်တာပါ။  ဖြစ်စဉ်က ဓားတွေကိုင်ဆောင်ပြီး ဝင်ရောက်တိုက်ခိုက်တာပါ။ အနည်းဆုံးရှစ်ဦးရှိတယ်လို့ကြားတယ်။ ဓားတွေနဲ့ ဝင်ရောက်တိုက်ခိုက်တာဆိုတော့ မည်သူမည်ဝါလို့တော့ ရဲက လည်း တိကျတဲ့အဖြေထွက်မလာသေးဘူး။ အခုဆို စစ်ဆေးနေဆဲမို့ ရဲကလည်းမပြောနိုင်သေးဘူး။ ကျွန်တော်(အလုပ်သမားသံအရာရှိ)နဲ့ သံရုံးကတာဝန်ရှိသူတွေ ကလည်းပေါင်းစပ်ပြီး အမှုမှန်ပေါ်ပေါက်ရေး မလေး ရှားပြည်ထဲရေးနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်''ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ဦးတင်အောင်မိုးက ဇန်နဝါရီ ၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဒီမိုကရေစီ တူဒေးသို့ပြောသည်။


လက်ရှိသေဆုံးသည့်လုပ်သားများတွင် တရားဝင်လုပ်သားသုံးဦး၊ တရားမဝင်လုပ်သားနှစ်ဦးပါဝင်ပြီး ဆေးရုံတွင် ကုသမှုခံယူနေသည့်နှစ်ဦးသည် UN ကတ်အတု ကိုင်ဆောင်ထားသူများဟု သိရကြောင်း၊ မလေးရှား ရဲထံမှ တိကျသည့် အဖြေထွက်လာမှသာ တိကျသည့်အချက်အလက်များကို သိရှိရမည်ဖြစ်ပြီး မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံရုံးအနေဖြင့် အလုပ်သမားပို့သည့် မြန်မာဘက်မှအေဂျင်စီ၊ မလေးရှားဘက် မှ အေဂျင်စီတို့ဖြင့် စက်ရုံများကိုသွားရောက်စစ်ဆေးခြင်း၊ ရဲစခန်းအမှုဖွင့်နိုင်ရေးဆောင်ရွက်ခြင်း၊ ဆေးရုံတို့တွင် ဆေးကုသမှုခံယူနေသူများကို ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် သေဆုံးသွားသည့် အလောင်းများကို စစ်ဆေးခြင်း ဆောင်ရွက်ပေးရန် စောင့်ဆိုင်းနေကြောင်း အဆိုပါကိစ္စရပ်များကိုလိုက် လံဆောင်ရွက်နေသည့် အလုပ်သမားသံအရာရှိ ဦးမိုး အောင်ခိုင်ထံမှ သိရသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တိုက်ခိုက်ခံရသူ မြန်မာလုပ်သား ၁၅ ဦးအနက် ကျန်ရှစ်ဦးကို မလေးရှားရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရန်နှင့် လုံခြုံရေးအခြေ အနေအရထိန်းသိမ်းထားပြီး တိုက်ခိုက်မှုတွင် ပါဝင် ပတ် သက်သည်ဟုယူဆရသူများကိုလည်း လိုက်လံရှာ ဖွေနေကြောင်း၊ အခင်းဖြစ်နေရာ အနီးရှိသံသယရှိသူများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း၊ အဆိုပါဂိုဏ်းဖွဲ့တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆာဒန်းခရိုင် ယာယီရဲမှူး ကြီး  Lee Wai Leong က အသေးစိတ် ရှင်းလင်းပြောကြားခြင်းမရှိသေးကြောင်း မလေးရှားအခြေစိုက် သတင်းဌာနတို့၏ ဇန်နဝါရီ ၆ ရက်နေ့ ဖော်ပြချက်တို့အရ သိရသည်။         

ZCH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS