Main menu
HOT NEWS
adv
မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖားကန့်မြို့တွင် စံချိန်တင် ရေကြီး

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖားကန့်မြို့တွင် စံချိန်တင် ရေကြီး

ရန်ကုန်၊ ဇွန် ၁၈

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ဖားကန့်မြို့ သမိုင်းတွင် စံချိန်တင်ရေကြီးမှုဖြစ်ပွား နေကြောင်း ဖားကန့်ဒေသခံအချို့ ထံမှစုံစမ်း သိရသည်။ ဇွန် ၁၆ ရက်မှ စတင်ကာ ရွာသွန်းခဲ့သောမိုးရေကြောင့် ဇွန် ၁၈ ရက် နံနက် ၈ နာရီတွင် ရေတက်လာကာ ဥရုချောင်းရေကြီးလာသဖြင့် ချောင်းအနီးအနိမ့်ပိုင်းရှိ နေအိမ်များ ရေနစ်မြုပ်မှုဖြစ်ပေါ်ကာ လှေ၊ ပေပါဖောင်၊ ကော်ပုံးတွဲဖောင်များအ သုံးပြု၍ တစ်နေရာမှတစ်နေရာသို့ သွားလာနေရကြောင်း သိရသည်။


ဖားကန့်မြို့၏ မြို့မိမြို့ဖတစ်ဦး ဖြစ်သောဦးဖိုးထူးက ''ရေကတော့ တော်တော့်ကိုကြီးနေတာပါ။ ဖားကန့်သမိုင်းမှာ ရေကြီးတဲ့သမိုင်းကတော့ ၂ဝ၁၅ ခုနှစ်မှာ စံချိန်တင်ရေကြီးပါတယ်။ အခုတစ်ခါကတော့ ၂ဝ၁၅ ခုနှစ်ကထက်ကို ကျော်လွန်သွားတဲ့အတွက်ကြောင့် စံချိန်တင်ရေကြီးပါတယ်။ ကျွန်တော်တို့ ဘယ်လိုတိုင်း သလဲဆိုရင် ဥရုချောင်းကိုဖြတ်ပြီးမှ ဆောက်ထားတဲ့ကျောက်စိမ်းတောင် တံတားဆိုတာရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ တံတားနဲ့ရေမျက်နှာပြင်က နှစ်ပေ လောက်ကွာတယ်။ အခုကတံတားနဲ့က တစ်ပေခွဲလောက်ပဲကွာတာ ဖြစ်တဲ့အတွက်ကြောင့် အခုကတော့ သူ့ထက်သာတဲ့စံချိန်ဖြစ်သွားတာ ပါ''ဟု ဇွန် ၁၈ ရက်ကပြောသည်။


ယင်းကဲ့သို့ ရေကြီးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ၂ဝ၁၅ ခုနှစ်တွင် ချောင်းများ၊ မြောင်းများ ကောလာခြင်းကြောင့်ဖြစ်ကြောင်း မှတ်ချက်ချခဲ့ပြီး ၂ဝ၁၆ ခုနှစ်တွင် ၂ဝ၁၅ ခုနှစ်ထက် လေးပေခန့်ရေလျော့ကျခဲ့ကာ ယခု ၂ဝ၁၇ ခုနှစ်တွင် ဥရု ချောင်းအထက်ပိုင်းလုံးခင်းဒေသ၌ ကျောက်စိမ်းတူးဖော်သည့် လုပ်ကွက်များ ပြောင်းရွှေ့လုပ်ကိုင်လာကြသည့်အတွက် မြေစာပို့ချမှုပိုမိုများပြားလာ ခြင်းကြောင့်ဖြစ်ကြောင်းသိရသည်။  ဦးဖိုးထူးက ''ချောင်းကောမှုပို များလာတဲ့အတွက်ကြောင့် အခုလိုမျိုး ဒီလိုဆိုးဆိုးဝါးဝါးဖြစ်မှာပဲ။ ရေတက်နှုန်းကလည်း အင်မတန်မြန်ပါတယ်။ ၁၆ ရက်နေ့ရေတက်တာကတက်တယ်ဆိုရုံပါပဲ။ တစ်ပေလောက်တက်တာပေါ့။ ပြန်လျော့သွားတယ်။သူတက်တဲ့အချိန်မှာက ချောင်းထဲမှာရေခံမရှိသေးတဲ့အတွက်ကြောင့်များပေမယ့်လို့ မြို့ပေါ်မှာရောက်ရုံ တင်ရောက်ခဲ့တာပေါ့။ သူပြန်ကျသွား တဲ့အချိန်မှာ ရေကအကုန်ကျမသွားဘဲ ချောင်းထဲမှာရေကအခံရှိသွား တော့ ရေကဆိုးဆိုးဝါးဝါးတက်ခဲ့တာ ပေါ့။ မိုးကလည်း ၁၇ ရက် ည ၁၁ နာရီလောက်ကတည်းကသည်း သည်းထန်ထန်ကိုရွာနေတာဖြစ်ပါတယ်။ ညဘက်မှာရေအရမ်းမတက်ဘဲ ဇွန် ၁၈ ရက် မနက်ခုနှစ်နာရီ လောက်မှာ အားချင်းဝင်လာတဲ့အတွက်ကြောင့် သိမ်းတာဆည်းတာမနိုင်တဲ့အတွက်ကြောင့် ဆုံးရှုံးမှုအနည်းငယ်တော့ရှိနိုင်ပါတယ်''ဟုပြောသည်။


ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်၊ ငှက်ပျောတောရပ်ကွက်၊ မြို့မရပ်ကွက်၊ မရှိကထောင်ရပ်ကွက်နှင့် အေးမြသာယာရပ်ကွက်တို့တွင် ဇွန် ၁၆ ရက်မှ စတင်ကာ အဆက်မပြတ်မိုးရွာသွန်းမှု ကြောင့် ရေကြီးမှုဖြစ်ပေါ်ခဲ့သဖြင့် ဖားကန့်မြို့တွင်းတွင် လှေများကို အသုံး ပြုသွားလာနေရကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး ဖားကန့်မြို့ဒေသခံတစ်ဦးက ''ဖားကန့်မြို့က မိုးများရင်ရေကြီးပါတယ်။ သို့သော်လည်းမြို့ထဲကို ဝင်ရောက်ခြင်းမရှိပါဘူး။ အခုက မြေစာတွေကိုစည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြေစာတွေက မိုး ရေနဲ့မျောပါလာပြီး ဥရုချောင်းထဲ ရောက်ပြီး ဥရုချောင်းမျက်နှာပြင်မြင့်တက်မှုကြောင့် ပိုပြီးဖြစ်တာဖြစ်ပါတယ်။ ဒီနှစ်ကမိုးကောင်းတော့ ပိုပြီးဆိုးဆိုးဝါးဝါးဖြစ်တာပါ''ဟု ပြောသည်။


ဖားကန့်မြို့ရှိ မရှိကထောင်ရပ်ကွက်၊ တိုရှီဘာစတိုးဆိုင်ရှေ့မှ ဥရု ရတနာကျောက်စိမ်းတောင်တံတား အနီးရောက်သည့်အထိ နယ်မြေခံတပ်မမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ ဝင်များနှင့်လူမှုကူညီရေးအသင်းအဖွဲ့ဝင်များနှင့်ပြည်သူများစုပေါင်း၍လူနှင့်ဆိုင်ကယ်များကို အခမဲ့အသွားအပြန်ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး ရေဘေးသင့်ပြည်သူများအား သီရိမင်္ဂလာမဏိဇေယျုံ ကျောင်းတိုက်ရှိ ကျောက်စိမ်းတောင် ဓမ္မရုံတွင်ထားရှိကာ ဟင်းနှင့်ရေသန့်ဘူးများဝေငှ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

SNO, AA
#democracytoday

Rate this item
(0 votes)
Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616