Thursday, 12 October 2017 11:22

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အတူ သစ်တောရေးရာ ဝန်ကြီး နုတ်ထွက်ပေးရေး ဆန္ဒထုတ်ဖော်မှု လွဲမှားနေသည် ဟု ကာယကံရှင် ဆို

Written by ဖြိုးကိုလင်း ( ညောင်ဝိုင်း )
Rate this item
(0 votes)

ပဲခူး

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ နုတ်ထွက်ပေးရေးအတွက် ပြည်သူအင်အား ၅ဝ ခန့်မှ ငြိမ်းချမ်းစွာ စုဝေးလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။ စုဝေးလှည့်လည်ခြင်းအား အောက်တိုဘာ ၁ဝ ရက်က ရွှေမော်ဓောဘုရားအနောက်ဘက်မုခ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့အထိ ချီတက်လမ်းလျှောက်ကာ ကြွေးကြော်သံများ၊ ဗီနိုင်းပိုစတာများဖြင့် လှည့်လည်၍ ငြိမ်ချမ်းစွာ စုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး အနီရောင်ဗွီနိုင်းပိုစတာပေါ်တွင် အဖြူရောင်စာလုံးဖြင့် ''အများပြည်သူအတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိ ပြည်သူ့မျက်နှာ လှည့်မကြည့်သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ ဂုဏ်သိက္ခာရှိရှိ နုတ်ထွက်ပေးရေး စာသားပါသောဗီနိုင်းအား ကိုင်ဆောင်ကာ ''တရားဥပဒေ စိုးမိုးရေး'' ''မတရားသိမ်းဆည်းခံရသောလယ်မြေများ ပြန်လည်ရရှိရေး'' ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသော အများ ပြည်သူများကို ဘာမှမလုပ်ပေးနိုင်စွမ်းမရှိ သော ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သစ်တောဝန်ကြီး ဦးကျော်မင်းစံ နုတ်ထွက်ပေးရေးပါဝင်သော စာသားများ၊ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။

 

 


''ဆန္ဒထုတ်ဖော်မယ့် အဓိကအကြောင်း ရင်းကတော့ အလုပ်မလုပ်တာပဲဗျ။ ဝန်ချုပ်ပြဲဖစ်ပါစေ၊ ညွှန်ချုပ်ပဲဖြစ်ပါစေ နယ်မြေတစ်ခု ကိုရောက်လာရင် ခြောက်လအတွင်းမှာတော့ ကျွန်တော်တို့ပြည်သူဘက်က စောင့်ကြည့်ပေးရမယ်။ နယ်မြေလေ့လာရအောင် ကျွန်တော်တို့ပြည်သူက စောင့်ကြည့်ပေးခဲ့တယ်။ ခုကျ တော့ ၁၈ လရှိပြီး ၁၉ လထဲဝင်လာပြီ။ ဝန်ကြီးချုပ်မှာ လုပ်ပိုင်ခွင့်တွေ အများကြီးရှိတယ်။ အများကြီးလဲ လုပ်ရတယ်။ ကျွန်တော်တို့ လေ့လာအခါမှာ ဝန်ကြီးချုပ်က ပြည်သူအတွက် တစ်ခုမှလုပ်ထားတာမရှိဘူး။ ခေတ်အဆက်ဆက်အစိုးရက ပြည်သူအပေါ် တာဝန် မကျေခဲ့လို့၊ ခုလိုဖြစ်လို့ NLD ကို မဲထည့်ပြီး ဝန်ကြီးချုပ်ဘဝကို တွန်းတင်ပေးလိုက်တဲ့အခါ တိုင်းဒေသကြီးအစိုးရက ပြည်သူအတွက် အလုပ်မလုပ်ဘူးဆိုရင် ပြည်သူ့ဘဏ္ဍာကို အသားလွတ်ဖြုန်းတီးတာပဲ၊ အသားလွတ်ညာစားတာပဲ။ ပြည်သူ့ဘက်က တာဝန်ကျေတယ်။ အဲဒါကိုမှ ဝန်ကြီးချုပ်က အလုပ်မလုပ် ဘူးဆိုရင် သူမလုပ်တတ်တာလား၊ မလုပ် ချင်တာလား၊ မလုပ်နိုင်တာလား။ မလုပ်ချင်လို့ မလုပ်နိုင်ရင် ဂုဏ်သိက္ခာရှိရှိ နုတ်ထွက် ပေးပါ။ မလုပ်တတ်ဘူးဆိုရင် ပြည်သူနဲ့ ထိတွေ့ ပါ။ ကျွန်တော်တို့ပါ ဝိုင်းကူမယ်။ ၁၈ လကျော်အထိ ပြည်သူတစ်ဦးတစ်ယောက်ရဲ့မြေကိုမှ ပြန်မယူပေးနိုင်တာပဲ။ ဒီမိုကရေစီအစိုးရဆိုတာ လက်နက်နဲ့ အုပ်ချုပ်တာမဟုတ်ဘူး။ ဂုဏ်သိက္ခာနဲ့ အုပ်ချုပ်ရတာပါ။ ဒီတိုင်းဒေသ ကြီးအတွက် ဘာမှမလုပ်ပေးနိုင်ရင် နုတ်ထွက် ပေးပါ။ နိုင်ငံတကာမှာလဲ ဂုဏ်သိက္ခာနဲ့ပဲ အုပ်ချုပ်တာပါ''ဟု ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ကိုထွန်းအောင်ကျော်က ပြောသည်။

 


ထို့အတူ ''ကျွန်တော်တို့ တောင်းဆိုတာက အများပြည်သူအတွက်၊ တိုင်းဒေသကြီးအတွက် တောင်းဆိုတာပါ။ အဲဒါကိုမှ ကျွန် တော်တို့တင်ပြချက်တွေကို အရေးမယူဘူး၊ စိစစ်မှုမရှိဘူးဆိုရင် တစ်လခြားတစ်ခါ ဒီဝန်ကြီးချုပ် နုတ်ထွက်ပေးရေး ဆန္ဒပြသွားပါ့မယ်'' ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောကြား ခဲ့သည်။ တိုင်းဒေသကြီး သစ်တောရေးရာဝန်ကြီး ဦးကျော်မင်းစံက ''ဆန္ဒပြတာကတော့ ပြလို့ရပါတယ်။ ဒီမိုကရေစီနည်းအရပဲ ဥပဒေနဲ့ အညီပြတာပဲ ပြလို့ရပါတယ်။ တစ်ခုတော့ရှိတယ်။ ကျွန်တော်က သစ်တောဝန်ကြီးဆိုတော့ လယ်ယာမြေနဲ့ပတ်သက်ပြီး ဆန္ဒပြတော့ လွဲ နေတယ်တော့ ထင်တယ်။ ကျွန်တော်က လယ်ယာမြေကော်မတီရော၊ မြေစစ်မှာရော မပါဘဲ ပြတာကတော့ နည်းနည်းလေးတော့ လွဲနေတယ်ဗျ''ဟု ပြန်လည်ဖြေကြားခဲ့သည်။

 

 

ဖြိုးကိုလင်း ( ညောင်ဝိုင်း )

#theyangontimes

Read 1385 times
Login to post comments