Thursday, 12 October 2017 12:05

လက်ပံတောင်းဒေသ သိမ်းဆည်းမြေဧက ၇ဝဝဝ တွင် အသုံးမပြုသော ပိုလျှံမြေဧက ၁၉ဝဝ ပြန်လည်ရလိုမှုဖြင့် ဒေသခံတောင်သူများ သပိတ်စခန်းဖွင့်

Written by စိုးမြစိုး(မုံရွာ)
Rate this item
(0 votes)

ဆားလင်းကြီး

 

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ဒေသရှိ ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီ စီမံကိန်းလုပ်ကိုင်ရန် သိမ်းဆည်းထားသည့် မြေဧက ၇ဝဝဝ ကျော်ရှိကြောင်းသိရသည်။ ယင်းသိမ်းဆည်းမြေများအနက် စီမံကိန်းလုပ်ကိုင်ရာတွင် မပါဝင်သော ပိုလျှံမြေဧက ၁၉ဝဝ အား လက်ပံတောင်းဒေသခံများမှ ၎င်းတို့လုပ်ကိုင်စားသောက်ရန် ပြန်လည်ရရှိ လိုသဖြင့် အောက်တိုဘာ ၉ ရက် ညနေပိုင်းက သပိတ်စခန်းဖွင့်လှစ်၍ ဆန္ဒထုတ်ဖော် နေခြင်းဖြစ်ကြောင်း တုန်တောချောင်းရွာမှ မစန်းနွဲ့က ပြောသည်။

 


''မနေ့က ညနေ ၆ နာရီကစပြီး ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသယ်တဲ့ကားလေးစီးကိုတားပြီး သပိတ်စခန်းဖွင့်ခဲ့တာပါ၊ ဖွင့်လှစ်ဆန္ဒထုတ် ဖော်ရခြင်းအကြောင်းရင်းကတော့ ဝမ်ပေါင်တာဝန်ခံ ဦးလှစိန်က သတင်းသမားတစ်ဦးကို ဖြေလိုက်တဲ့အဖြေကြောင့်''ဟု ၎င်းက ပြောသည်။ သိမ်းဆည်းထားသည့် မြေဧက ၇ဝဝဝ ထဲမှ အစားထိုးမြေဧက ၁၉ဝဝ ကို လုံးဝဖော် ဆောင်မပေးနိုင်ကြောင်းနှင့် ၎င်းတို့သိမ်းဆည်း ထားသည့်မြေဧရိယာကို နှစ်လအတွင်း အုတ်တံတိုင်း အပြီးခတ်သွားမည်ဟု ကြေးနီစီမံကိန်း တာဝန်ခံဦးလှစိန်မှ မီဒီယာတစ်ဦးကို ဖြေကြားခဲ့သည့်ကိစ္စ မကျေနပ်သဖြင့် သပိတ်စခန်းဖွင့်၍ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း မစန်းနွဲ့ က ပြောသည်။

 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်မှလည်း ''သူတို့တွေ ကားလေးစီးကိုတားဆီးပြီး လုပ်ဆောင်တာဟာ ဥပဒေနဲ့မညီပါဘူး။ ဒီနေ့ကတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ဆုတောင်းမယ့်ပွဲရှိနေတယ်ဆိုတော့ ညှိနှိုင်းရုံပါပဲ။ နောက်ရက်တွေကတော့ ဥပဒေနဲ့အညီ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ''ဟု ပြောသည်။ ဒေသခံများ၏ သပိတ်စခန်းမှာ ကြေးနီ စီမံကိန်းအနီး မိုးကြိုးပြင်အလယ်ရွာရွာထိပ်တွင် ဖွင့်လှစ်ထားပြီး ဒေသခံအင်အား လေးငါးဆယ်ခန့်ရှိသည်ဟု ယင်းမာပင်ခရိုင်ရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။  ''သူတို့က ဝမ်ပေါင်ကုမ္ပဏီ တာဝန်ခံ မစ္စတာလောဇုံနဲ့ပဲ တွေ့ချင်နေတာ။ မစ္စတာ လောဇုံက မိန်းမနေမကောင်းလို့ တရုတ်ပြည် ပြန်နေတာလေ။ အဲဒီတော့ ဒီက တိုင်းဒေသ ကြီးအစိုးရအဖွဲ့တွေလာညှိတယ်။ အဆင် မပြေလောက်ဘူး။ ဒီနေ့တော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲရှိလို့ ရဲတပ်ဖွဲ့က ဘာမှမလုပ်သေးပါဘူး။ နောက်နေ့တော့ ပြောမရဘူး။ အကြမ်းနည်းနှင့် ထိန်းသိမ်းနိုင်ကြောင်း'' ၎င်း တပ်ဖွဲ့ဝင်က ပြောသည်။

 


အောက်တိုဘာ ၄ ရက်က တရားဝင် ခွင့်ပြုမိန့်ဖြင့် ဒေသခံများက ဆန္ဒပြခဲ့ကြပေမယ့် ဝမ်ပေါင်ကုမ္ပဏီက တွေ့ဆုံဆွေးနွေးညှိနှိုင်းမှု မရှိကြောင်းနှင့် ဒေသခံများအနေဖြင့် မြေယာ လျော်ကြေးလည်း မလိုကြောင်း၊ သီးနှံလျော် ကြေးလည်း မယူလိုကြောင်းနှင့် အစားထိုး စိုက်ပျိုးမြေဧက ၁၉ဝဝ သာ ပြန်လည်ရလို ကြောင်း ၎င်းဆန္ဒပြအဖွဲ့ဝင်ပါသူတစ်ဦးက ပြောသည်။ စက်တင်ဘာ ၂၂ ရက်ကလည်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်မှ လက်ပံ တောင်းဒေသခံများနှင့် တွေ့ဆုံပွဲတွင် အစား ထိုးမြေဧက ၁၉ဝဝ ပြန်လည်ရရှိရေး ပြည် ထောင်စုဝန်ကြီးနှင့် တွေ့ဆုံညှိနှိုင်းပေးမည် ဖြစ်ကြောင်းနှင့် လွှတ်တော်အတွင်း အဆိုတင်သွင်းပေးသွားမည်ဟုလည်း ကတိပေးပြော ကြားခဲ့သည်။

 

စိုးမြစိုး(မုံရွာ)

#theyangontimes

Read 512 times
Login to post comments