Main menu
HOT NEWS
adv
ထိပ်သီး အသင်းတွေရဲ့ ပစ်မှတ်ကစားသမား သို့မဟုတ် မိုနာကိုကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေ

ထိပ်သီး အသင်းတွေရဲ့ ပစ်မှတ်ကစားသမား သို့မဟုတ် မိုနာကိုကြယ်ပွင့် ကိုင်လီယန် အမ်ဘာပေ

“ကီလီယန်အမ်ဘာပေ”

အသက် ၁၈နှစ်ပဲရှိသေးတဲ့ ဒီကစားသမားလေးဟာ မိုနာကိုတိုက်စစ်မှာ ဂိုးတွေသွင်းပြီး သူ့ရဲ့စွမ်းရည် တွေကိုပြသနေပါတယ်။ ပြင်သစ်လီဂူးမှာသွင်းဂိုး ၁၂ ဂိုးသွင်းပြီး မိုနာကိုအသင်းကို အမှတ်ပေးဇယားမှာ ဦးဆောင်နိုင်အောင် စွမ်းဆောင်ခဲ့သလို ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သွင်းဂိုး ၅ ဂိုးသွင်းယူပြီး အကောင်းဆုံခြေစွမ်းပြနေသူပါ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင် ပထမဆုံးအကြိမ် ပါဝင်ကစားရတဲ့ ရှုံးထွက်ပွဲစဉ် ၄ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ကစားသမားဘ၀ စတင်ရာ

ကင်မရွန်းနိုင်ငံသား ဖခင်နဲ့ အယ်လ်ဂျီးရီးယား မိခင်တို့ရဲ့သားဖြစ်တဲ့ အမ်ဘာပေကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ဘွန်ဒီမြို့မှာမွေးဖွားခဲ့တာပါ။ သူ့အသက် ၁၂နှစ်အရွယ်မှာ ဖခင်ဖြစ်သူ ၀ဲလ်ဖရက်ဒ် နည်းပြအဖြစ် ကိုင်တွယ်နေတဲ့ ဘွန်ဒီအသင်းမှာ လူငယ် ကစားသမားဘ၀ကို စတင်ခဲ့ပါတယ်။၂၀၁၁ ခုနှစ်မှာတော့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ဖွင့်လှစ်တဲ့ Clairefontaine အကယ်ဒမီမှာ ဘောလုံးပညာတွေ စနစ်တကျသင်ယူခဲ့ပါတယ်။ အဲဒီအကယ်ဒမီမှာ ၂၀၁၃ ခုနှစ်အထိ ဘောလုံးပညာတွေသင်ကြားခဲ့ပြီး ပင်ကိုခြေစွမ်းကောင်းမွန်တာကြောင့် ပြင်သစ်ကလပ်တွေ အပါအ၀င် ရီးယဲလ်မက်ဒရစ်နဲ့ ဗလင်စီယာအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေ့ရခဲ့ပေမယ့် မိုနာကိုအသင်းကိုရွေးချယ်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာတော့ ပြင်သစ်ယူ ၁၇ လက်ရွေးစင်အသင်းမှာ စတင်ရွေးချယ်ခံခဲ့ရပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

 

sport 1

စီနီယာအသင်းကြီးဆီသို့

ပြင်သစ်ယူ ၁၇ လက်ရွေးစင်အဖြစ် ရွေးချယ်ခံရပြီးခြေစွမ်းပြခဲ့တဲ့ ဘာပေကို ၂၀၁၅ ခုနှစ်မှာတော့ မိုနာကိုအသင်းက စီနီယာအသင်းကြီးဆီ ခေါ်ယူခဲ့ပါတယ်။ သူ့ရဲ့ မိုနာကို စီနီယာအသင်းကြီးအတွက် ပထမဆုံးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်က ကိန်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ လီဂူးပွဲစဉ်ရဲ့ ပွဲချိန် ၈၈ မိနစ်မှာ လူစားလဲပြီး ကစားခဲ့ပါတယ် အဲဒီအချိန်မှာသူ့ရဲ့ အသက်က ၁၆နှစ်နဲ့ ၃၄၇ ရက်ပဲရှိသေးတာကြောင့် အွန်နရီရဲ့ စံချိန်ကို ချိုးဖျက်ပြီး စီနီယာအသင်းမှာ ကစားခွင့်ရတဲ့ အသက်အငယ်ဆုံး မိုနာကိုကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ ၂၀ မှာကစားခဲ့တဲ့  ထရိုရက်စ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ပွဲပြီးခါနီးမှာ အနိုင်ဂိုး တစ်ဂိုးသွင်းယူပြီး မိုနာကိုကစားသမားဘ၀ ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာလည်း သူ့ရဲ့အသက်က ၁၇နှစ်နဲ့ ၆၂ ရက်ပဲရှိသေးတာကြောင့် အွန်နရီရဲ့ စံချိန်ကိုပဲကျော်ဖြတ်ပြီး မိုနာကိုအသင်းသမိုင်တစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ် ထပ်ပြီးစံချိန်တင်ခဲ့ပါတယ်။ ဘာပေဟာ မိုနာကိုအသင်းကြီးနဲ့ ပွဲဦးထွက်ဘောလုံးရာသီမှာပဲ ၁၄ ပွဲကစားပြီး တစ်ဂိုးသွင်းယူခဲ့ပါတယ်။၂၀၁၆ ခုနှစ်မတ်လ ၆ ရက်မှာတော့ ခြေစွမ်းပြနေတဲ့ ဘာပေကို မိုနာကိုအသင်းက သုံးနှစ်စာချုပ်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်စတင်ချုပ်ဆိုခဲ့ပါတယ်။

 

sport 2

 

ပင်သစ်လူငယ်အသင်းမှာ

မိုနာကိုအသင်းကြီးမှာ ခြေစွမ်းပြနေတဲ့ ဘာပေကို ပြင်သစ်ယူ ၁၉ အသင်းကရွေးချယ်ခဲ့ပြီး ဥရောပ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပြင်သစ်အသင်းက ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး ဘာပေကလည်း ပြိုင်ပွဲတစ်လျှောက် ၅ ဂိုးသွင်းယူပြီး အဓိကနေရာကနေ ခြေစွမ်းပြ ကစားခဲ့ပါတယ်။  ပြင်သစ်ယူ ၁၉ အသင်းနဲ့အတူခြေစွမ်းပြခဲ့တဲ့ ဘာပေဟာ မိခင်ကလပ် မိုနာကိုအသင်းမှာလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိလာပြီး ၂၀၁၆ ဒီဇင်ဘာလက ရင်းနက်စ်ကို ၇ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ပထမဆုံးအကြိမ် ဟက်ထရစ်သုံးဂိုး သွင်းခဲ့ပါတယ်။ ဒီဟက်ထရစ်ဟာဆိုရင်လည်း ၁၉၉၇ ခုနှစ်နောက်ပိုင်း မိုနာကိုကစားသမားတွေထဲမှာ ပထမဆုံး ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်က မက်ဇ်အသင်းကို ၅ ဂိုးပြတ်နဲ့အနိုင်ရတဲ့ လီဂူးပွဲစဉ်မှာလည်း ဟက်ထရစ်သုံးဂိုး သွင်းခဲ့တာကြောင့် ၂၀၀၅ နောက်ပိုင်း ဖလားပွဲနဲ့လိဂ်ပွဲတွေမှာ ဟက်ထရစ် ၃ ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်က ကစားခဲ့တဲ့ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ပထမအကျော့မှာလည်း သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကြောင့် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းနိုင်တဲ့ ပြင်သစ်ကစားသမားအဖြစ် ဘန်ဇီမာရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အချိန်တိုအတွင်းမှာခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ဘာပေဟာ လက်ရှိအချိန် ပြင်သစ်လီဂူး သွင်းဂိုး ၁၂ ဂိုးသွင်းကာ ၅ ကြိမ် ဂိုးဖန်တီးပေးထားတာပါ။ ဒီလိုဂိုးတွေသွင်းခဲ့တာကြောင့် နှစ်ပေါင်း ၃၀ အတွင်း ဂိုး ၁၀ ဂိုးပြည့်အောင် သွင်းယူနိုင်တဲ့ အသက်အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

sport 3

 

ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ

မိုနာကိုအသင်းမှာ အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြနေတဲ့ အမ်ဘာပေကို ပြင်သစ်လက်ရွေးစင်နည်းပြ  ဒတ်ချမ့်စ်ကလည်း လက်ရွေးစင်အသင်းမှာ ခေါ်ယူခဲ့ပါတယ်။ မတ်လ ၂၅ ရက်မှာ ယှဉ်ပြိုင်ကစားတဲ့ လူဇင်ဘက်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါရက်ဇ်နေရာမှာ လူစားလဲ ၀င်ရောက်ကစားခဲ့ပြီး သူ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပြင်သစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ လက်ရွေးစင်အသင်းကနေ ရွေးချယ်ခံရတဲ့အချိန်မှာ ၁၈နှစ်နဲ့  ၉၅ ရက်ပဲ ရှိသေးတာကြောင့် ပြင်သစ်လက်ရွေးစင် ဘောလုံးသမိုင်းတစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြန်ပါတယ်။

 

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ

ပြင်သစ်လက်ရွေးစင်ဖြစ်လာပြီး ကလပ်အသင်းမှာ ခြေစွမ်းပြ ဂိုးတွေသွင်းနေတဲ့ ဘာပေဟာ ချန်ပီယံလို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပြိုင်ပွဲမှာလည်း သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကို ထုတ်ပြနိုင်ခဲ့ပါတယ်။ မန်စီးတီး၊ဒေါ့မွန် အသင်းတို့နဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲမှာ ၅ ဂိုးသွင်းခဲ့ပြီး အလားအလာရှိတဲ့ လူငယ်တိုက်စစ်မှူးတစ်ဦးအဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ချန်ပီယံလိဂ် သွင်းဂိုးတွေနဲ့အတူ မိုနာကိုအသင်းဟာလည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက် ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ချန်ပီယံဆုဖလားရဖို့ အမ်ဘာပေးက စိတ်အား ထက်သန်နေပါတယ်။

 

ထိပ်သီးအသင်းတိုင်းရဲ့ ပစ်မှတ်ကစားသမား

ပြင်သစ်လိဂ်မှာမက ဥရောပချန်ပီယံလိဂ်မှာပါ ခြေစွမ်းပြနေတဲ့ ဘာပေကို ဥရောပထိပ်တန်းအသင်းကြီးတွေကလည်း စောင့်ကြည့်နေပါတယ်။ လက်ရှိသူ့ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးဟာလည်း ပေါင်သန်း ၆၀ အထက်မှာရှိနေပြီး ဥရောပရဲ့ အထွန်းတောက်ဆုံး လူငယ်တိုက်စစ် ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ အမ်ဘာပေအနေနဲ့ သူ့ရဲ့ စီနီယာ ကစားသမားသက်တမ်းက ၂ ရာသီတောင် မရှိဘဲ ပွဲအရေအတွက်မှာလည်း ၅၀ လောက်ပဲ ရှိသေးတာပါ။ဒီလို ပွဲအတွေ့အကြုံပိုင်းနည်းပါနေပေမယ့် ဒီနှစ် ဘောလုံးရာသီပြိုင်ပွဲစုံမှာ ၃၆ ပွဲကစား ၂၂ ဂိုးသွင်းဆိုတဲ့ ပမာဏကအသင်းကြီးတွေကို ဆွဲဆောင်စေပါတယ်။အွ န်နရီလက်သစ်လို့ တင်စားခံထားရတဲ့ ဘာပေအနေနဲ့ လီဂူး-၁ လက်ကျန်ပွဲစဉ်တွေနဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဆက်လက်ခြေစွမ်းပြပြီး မိုနာကိုအသင်းကို ဘယ်လောက်အထိ ဆွဲတင်ပေးနိုင်မလဲဆိုတာကတော့ လာမယ့်ပွဲတွေမှာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

 

အမည်အပြည့်အစုံ- ကိုင်လီယန်ဆမ်မီအမ်ဘာပေလော့တင်

မွေးသက္ကရာဇ် - ၂၀.၁၂.၁၉၉၈(၁၈နှစ်)

မွေးဖွားရာနေရာ - ဘွန်ဒီ၊ပြင်သစ်

အရပ်အမြင့် - ၅ပေ၁၀လက်မ

လက်ရှိကလပ် - မိုနာကို

ကျောနံပါတ် - ၂၉

ကစားသည့်နေရာ - တိုက်စစ်မှူး၊တောင်ပံ

ပွဲနှင့်ဂိုးအရေအတွက် - ၃၆ ပွဲ (၂၂ဂိုး)

 

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191