Thursday, 12 October 2017 11:54

မျိုးဆက်တစ်ခုရဲ့ နောက်ဆုံး မျှော်လင့်ချက်

Written by ၀ဏ္ဏကို
Rate this item
(0 votes)

ဝဏ္ဏကို

 

နိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးအဆင့်အတန်း အနိမ့်အမြင့်ဟာ လူငယ်မျိုးဆက်သစ်တွေပေါ်မှာ အပြည့်အဝတည်မှီပါတယ်။ ယနေ့ခေတ်မှာ နိုင်ငံတိုင်းကလည်း လူငယ်မျိုးဆက်သစ် စီမံကိန်းတွေ၊ အကယ်ဒမီတွေ တည်ဆောက်ပြီး ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အသင်းတစ်သင်းရဲ့ အောင်မြင်မှု အဆင့်အတန်းအပေါ် မူတည်ပြီး ဖွံ့ဖြိုးတိုးတက်မှုလည်းကွာခြားသွားပါတယ်။ ဥပမာဆိုရင် အင်္ဂလန်လူငယ်အသင်းတွေဟာ ဒီနှစ်အတွင်းမှာ ဥရောပချန်ပီယံနဲ့ ယူ-၂ဝ ကမ္ဘာ့ဖလားတွေ ရယူနိုင်ခဲ့တာကြောင့် အဲဒီလို အသင်းတွေက ကစားသမားတွေအတွက် အခွင့်အရေး တွေ ရလာပါတယ်။

 

 

ပြီးခဲ့တဲ့ သုံးနှစ်ခန့်က မြန်မာ ယူ-၁၉ လူငယ်အသင်းဟာဆိုရင်လည်း ၂ဝ၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ဖိတ်ခေါ်ပြိုင်ပွဲနဲ့ နိုင်ငံတကာပွဲတွေမှာ အောင်မြင်မှုရခဲ့တာကြောင့် ယူ-၂ဝ ကမ္ဘာ့ ဖလားအထိ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သလို ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေ အတွက်လည်း အသင်းကြီးတွေမှာ အခွင့်အရေးရ လာပါတယ်။ မြန်မာလူငယ်အသင်းဟာ ၂ဝ၁၄ နဲ့ ၂ဝ၁၅ ခုနှစ်မှာ အောင်မြင်မှုတွေ ရခဲ့ပေမယ့် အဲဒီနောက်ပိုင်းမျိုးဆက်မှာတော့ စီနီယာတွေရဲ့ အောင်မြင်မှုကို လိုက်မမီခဲ့ဘူး။ ယူ-၂ဝ ကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် စွမ်းဆောင်ခဲ့တဲ့ အောင်သူ၊ သန်းပိုင်၊ ငြိမ်းချမ်းအောင်၊ မောင်မောင်လွင်၊ ရန်နိုင်ဦး၊ ကျော်မင်းဦး အစရှိသူတို့ရဲ့နောက်မှာ ယူ-၁၉ အသင်းတစ်သင်း ရှိခဲ့ပေမယ့် ၂ဝ၁၆ ခုနှစ် အာဆီယံချန်ပီယံရှစ်နဲ့ အာရှခြေစစ် ပွဲတွေမှာကျရှုံးခဲ့တာကြောင့် သူတို့ရဲ့အနာ ဂတ်ဟာလည်း ဝေဝါးသွားခဲ့ရပါတယ်။ ဂိုး သမား နှစ်ဦးဖြစ်တဲ့ ဆန်းစက်နိုင်နဲ့ ဘုန်းသစ္စာမင်း၊ တိုက်စစ်မှူး ရွှေကိုနဲ့ အောင် ကောင်းမာန်တို့ လေးဦးပဲ ယူ-၂၂ အသင်း မှာ ပါဝင်လာတာက နိုင်ငံတကာပွဲတွေမှာ ကျရှုံးခဲ့ခြင်းရဲ့ နောက်ဆက်တွဲရလဒ်တွေလို့ ဆိုနိုင်ပါတယ်။

 


လက်ရှိ ယူ-၁၉ အသင်း


အထက်ကဆိုခဲ့တဲ့ လူငယ်အသင်းတွေလိုပဲ ဒီနှစ်မှာ စောင့်ကြည့်ရမယ့် အသင်းက ယူ-၁၈ ကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ မြန်မာယူ-၁၉ အသင်းပါ။ မြန်မာ ယူ-၁၉ အသင်းဟာ ပြီးခဲ့တဲ့လက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အာဆီယံယူ-၁၈ ပြိုင်ပွဲ က ကစားသမားတွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ခဲ့ပေမယ့် မလေးရှားကို တစ်ဂိုးတည်း နဲ့ ကပ်ရှုံးခဲ့ပြီး တတိယလုပွဲမှာ အင်ဒိုနီးရှား အသင်းကို ၇ဂိုး ၁ဂိုးနဲ့ ရှုံးခဲ့ပါတယ်။ ဒီလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဖြစ်သူ ပြင်သစ်နည်းပြ ဘန်လာဘီလည်း ရာထူး ကနေ အထုတ်ခံခဲ့ရပါတယ်။ သူ့ရဲ့နေရာကို ပြည်တွင်းနည်းပြတစ်ဦးဖြစ်တဲ့ ဦးချစ်နိုင်က တာဝန်ယူကိုင်တွယ်စေပါတယ်။ ဘန်လာဘီဟာ  ဂျပန်၊ တရုတ်၊ ယူအေအီးနဲ့ အာရှနိုင်ငံတွေမှာ ကျင်လည်ခဲ့ဖူးပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ပရိုလိုင်စင်နဲ့ လူငယ်နည်းပြ လိုင်စင်ရရှိထားသူပါ။ အာဆီယံ ယူ-၁၈ ပြိုင်ပွဲမှာ ရလဒ်မကောင်းလို့ သူ့ကို ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီးလည်း ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာယူ-၁၈ ကစားသမားတစ်ဦးကတော့ စိတ်ပိုင်းဆိုင်ရာမှာ အားနည်းမှုတွေရှိလို့ အာဆီယံပွဲမှာ အောင် မြင်မှု မရခဲ့တာလို့ဆိုပါတယ်။

 


''အာဆီယံဖလားမှာ အောင်မြင်မှုမရခဲ့တာဟာ ကျွန်တော်တို့ အသင်းသားအားလုံးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှုနဲ့ စုစည်းညီညွတ်မှုရှိရှိ မကစားခဲ့လို့ စတုတ္ထပဲရခဲ့တာပါ။ ကျွန်တော်တို့အသင်းက တကယ် ကြိုးစားကစားမယ်ဆိုရင် အားလုံးဖြစ်နိုင်ပါတယ်။ အခု နည်းပြသစ်လက်ထက်မှာလည်း သူလိုချင်တဲ့ကစားပုံကို ရအောင်လေ့ကျင့် ပြင်ဆင်နေတယ်။ အာဆီယံပွဲမှာ ပရိသတ် တွေကို ကျေနပ်မှုရရှိအောင် လုပ်မပေးနိုင်ခဲ့တဲ့အတွက် လာမယ့်အာရှခြေစစ်ပွဲအောင် မြင်အောင် ကြိုးစားပြီး နှစ်သိမ့်ပေးချင်တယ်'' လို့ ကွင်းလယ်ကစားသမား မြတ်ကောင်းခန့်က ပြောပါတယ်။

 


အာရှခြေစစ်ပွဲနဲ့ အစမ်းသပ်ခံမယ်


မြန်မာ ယူ-၁၉ အသင်းကို ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်ခဲ့ ဖူးပေမယ့် အောင်မြင်မှု မရခဲ့ပါဘူး။ မြန်မာနည်းပြတွေထဲမှာနိုင်ငံအသင်း အောင်မြင်မှု ရအောင် စွမ်းဆောင်နိုင်တာက ဦးကြည်လွင် တစ်ဦးသာ တွေ့ရတာကြောင့် ဦးချစ်နိုင်အနေနဲ့ အသင်းကို ဘယ်လောက်အထိ ဆွဲတင်နိုင်မလဲ စောင့်ကြည့်ရမှာပါ။ ဦးချစ်နိုင်ဟာ ဒီနှစ် မြန် မာနေ ရှင်နယ်လိဂ်(၂)ပြိုင်ပွဲမှာ စီးတီးရန်ကုန်အသင်းကို ချန်ပီယံဆုရရှိအောင် စွမ်းဆောင် ပေးခဲ့သူဖြစ်ပြီး အားကာသိပ္ပံ(မန္တလေး)၊ မကွေးအသင်းနဲ့ အမျိုးသမီး လက်ရွေးစင် အသင်းမှာလည်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။ လက်ရှိ ယူ-၁၉ အသင်းဟာ ဖီးနစ်အသင်းနာမည်နဲ့ နှစ်သင်းခွဲပြီး လူငယ်လိဂ်နဲ့ လိဂ်(၂)မှာ ပါဝင်ကစားခဲ့ပါတယ်။ လိဂ်(၂)မှာ ကစားတဲ့ အချိန်ကတည်းက ဖီးနစ်အသင်းက ကစားပုံကောင်းမွန်ခဲ့သလို ကစားသမားတွေကလည်း အရည်အချင်းရှိတာ တွေ့ရတဲ့အတွက် အောင်မြင်မှုရအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်လို့ နည်းပြ ချုပ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်လို့ ဦးချစ်နိုင်က ပြောပါတယ်။ ''ကျွန်တော်တည်တဲ့ ကစားကွက်က ၄-၄-၂ ပါ။ ဒါပေမဲ့ နည်းစနစ်ကစားကွက် တွေနဲ့ အံဝင်စေမယ့် ပလေယာတွေရှိဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော်က ကစားသမားတွေနဲ့ လိုက်ဖက်မယ့် နည်းစနစ်ကိုပဲ ရအောင် လေ့ကျင့်ပြင်ဆင်ထားတယ်။ ဒီ အသင်းက အသင်းကောင်းတစ်သင်းဖြစ်လို့ သေချာပြင်ဆင်ရင် အောင်မြင်နိုင်ပါတယ်'' လို့ ယူ-၁၉ နည်းပြ ဦးချစ်နိုင်က ပြောပါတယ်။

 


ဂျပန်မှာ ခြေစမ်းပွဲ သုံးပွဲကစားမယ်


မြန်မာ ယူ-၁၉ အသင်းဟာ အာရှခြေ စစ်ပွဲအကြိုပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၁ဝ ရက်ကစပြီး ဂျပန်နိုင်ငံမှာ လေ့ကျင့်မှု တွေ ပြုလုပ်နေပါတယ်။ ဂျပန်နိုင်ငံမှာ ၁ဝ ရက်ခန့် နေထိုင်လေ့ကျင့်ရင်း ကလပ်အသင်း တွေနဲ့ ခြေစမ်းပွဲ သုံးပွဲကစားဖို့ စီစဉ်ထားပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ ဟန်နန်းတက္ကသိုလ်အသင်းနဲ့ ခြေစမ်းကစားမှာဖြစ် ပြီး အောက်တိုဘာ ၁၈ ရက်မှာ ဂမ်ဘာအို ဆာကာလူငယ်အသင်း၊  အောက်တိုဘာ ၂ဝ ရက်မှာ ဟန်နန်းတက္ကသိုလ်အသင်းနဲ့ ဒုတိယမြောက်ပွဲအဖြစ် ဆက်ပြီး ယှဉ်ပြိုင်ကစားမှာပါ။ မြန်မာ ယူ-၁၉ အသင်းအနေနဲ့ အဲဒီကနေတစ်ဆင့် ပြိုင်ပွဲကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံကို တိုက် ရိုက် သွားရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။ မြန်မာ ယူ-၁၉ အသင်းအနေနဲ့ ဂျပန်မှာကစားမယ့် ခြေစမ်းပွဲ သုံးပွဲကနေ အတွေ့အကြုံကောင်းတွေရမှာဖြစ်ပြီး အာရှ ခြေစစ်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

 


မျိုးဆက်တစ်ခုရဲ့ နောက်ဆုံးမျှော်လင့်ချက်


မြန်မာယူ-၁၉ အသင်းဟာ အာရှယူ -၁၉ ခြေစစ်ပွဲအုပ်စုပွဲမှာ အိမ်ရှင် ကမ္ဘောဒီးယား၊ တရုတ်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။ အုပ်စုပတ်လည် ကစားအပြီးမှာ အမှတ်အများဆုံး အုပ်စုပထမတစ်သင်းအပြင် အကောင်းဆုံး အုပ်စုဒုတိယ ငါးသင်းစာရင်းဝင်မယ် ဆိုရင်လည်း ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ အောက်တိုဘာ ၂၄ ရက်မှာ ဖိလစ်ပိုင်အသင်းနဲ့ စတင်ရင် ဆိုင်ရမှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်မှာ ကမ္ဘောဒီးယား၊ အောက်တိုဘာ၂၈ ရက်မှာ တရုတ်အသင်းနဲ့ ဆက်ပြီးယှဉ် ပြိုင်ရမှာပါ။ အာရှဖလားခြေစစ်ပွဲဟာ မြန်မာကစားသမားတွေရဲ့ အနာဂတ်နဲ့လည်းသက်ဆိုင်နေပြီး ဒီပြိုင်ပွဲမှာ ခြေစစ်ပွဲအောင် မအောင်ကအဆုံးအဖြတ်ပေးမှာပါ။ မြန်မာယူ-၁၉ အသင်းအနေနဲ့ အာရှခြေစစ်ပွဲ အောင်မယ်ဆိုရင် အသင်းကို ပြည်ပထွက်ပြီး လေ့ကျင့်ပေးဖို့အထိ ပစ်မှတ်ထားနေတာပါ။ လက်ရှိယူ-၁၉ မျိုးဆက်ဟာ ခြေစစ်ပွဲ မအောင်မြင်ဘူးဆိုရင် နောက်ထပ်ပွဲမရှိ တော့တာကြောင့် မိခင်ကလပ်အသင်းတွေဆီ ပြန်လည်သွားရောက်ရဖို့ ရှိပါတယ်။ ဒါ ပေမဲ့ ကစားသမားအများစုဟာ ဘောလုံး အဖွဲ့ချုပ်ကဖွင့်လှစ်ထားတဲ့ ဘောလုံးအကယ်ဒမီက ကစားသမားတွေဖြစ်လို့ ကလပ်အသင်း မရှိသေးတဲ့ ကစားသမားတွေက အများစုပါ။ အာရှခြေစစ်ပွဲမှာ ကျရှုံးခဲ့မယ်ဆိုရင် ဘယ်အသင်းကမှ ပြောင်းရွှေ့ကြေး ပေးပြီး ခေါ်ယူနိုင်ဖို့မလွယ်ပါဘူး။ ဒါကြောင့် အာရှခြေစစ်ပွဲရလဒ်ဟာ မြန်မာယူ-၁၉ အသင်းအတွက် အရေးပါနေပြီး မျိုးဆက်သစ်တစ်ခုရဲ့ နောက်ဆုံးမျှော်လင့်ချက်ပြိုင်ပွဲ ဖြစ်လို့နေပါတယ်။ 

 

ဝဏ္ဏကို

#theyangontimes

Read 1297 times
Login to post comments