Main menu
HOT NEWS
adv
ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာ ကစားခွင့်ရပြီး ဆုဖလားတွေ ပိုင်ဆိုင်ချင်တယ်

ချန်ပီယံလိဂ် ပြိုင်ပွဲကြီးမှာ ကစားခွင့်ရပြီး ဆုဖလားတွေ ပိုင်ဆိုင်ချင်တယ်

အဲဗာတန် တိုက်စစ်မှူး လူကာကူနှင့် တွေ့ဆုံခြင်း

--------------------------------------------------------------------------------------

ဝဏ္ဏကို


အဲဗာတန်အသင်းရဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ လက်ရှိအချိန်မှာ အကောင်းဆုံး ခြေစွမ်းပြသနေသူပါ။ ပရီးမီးယားလိဂ်သွင်းဂိုး ၁၉ ဂိုးသွင်းထားပြီး ဂိုးအများဆုံးစာရင်းမှာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနဲ့အတူ ပူးတွဲရပ်တည်နေတာပါ။ အဲဗာတန်အသင်းမှာကစားနေပေမယ့် ထိပ်တန်းခြေစွမ်း ပိုင်ဆိုင်ထားတဲ့သူ့ကို ဥရောပ ထိပ်သီးအသင်းတွေက ခေါ်ယူလိုနေတာပါ။ သူကိုယ်တိုင်ကလည်း အဲဗာတန်အသင်းရဲ့ စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းမှုကို ပယ်ချထားပြီး လာမယ့်နွေရာသီမှာ အသင်းပြောင်း ရွှေဖို့ သတင်းတွေထွက်နေပါတယ်။ ဒီလိုသတင်းတွေထွက်နေတဲ့ အသက် ၂၃ နှစ်ရှိ လူကာကူကို ဗြိတိန်သတင်းထောက်တွေက တွေ့ဆုံမေးမြန်းခဲ့ကြပြီး အဲဒီထဲက ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

 


ခင်ဗျားရဲ့ခြေစွမ်းက အရင်တွေကထက် ပိုပြီးကောင်းလာတယ်နော်။

ဂိုးတွေ အများကြီးသွင်းနိုင်ခဲ့ပြီး ခြေစွမ်းပြနိုင်တဲ့အတွက် တကယ်ပျော်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် ရှိတာထက် ပိုပြီးပြောတာတော့ မဟုတ်ဘူးနော်။ ပိုကောင်းအောင်လုပ်ခဲ့တဲ့ အခြေအနေ တွေကြောင့် အကောင်းဆုံးဖြစ်အောင် စွမ်း ဆောင်နိုင်ခဲ့တာပါ။ ကျွန်တော်တို့က အရည်အသွေးရှိတဲ့ စွမ်းဆောင်ရည်နဲ့ အရည်အချင်းရှိတဲ့ အသင်းတစ်သင်းကို ပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ ခရစ္စမတ်ကာလ မတိုင်မီက ၁ဝ ပွဲမှာ တစ်ပွဲပဲအနိုင်ရခဲ့တဲ့အထိ ရလဒ်ဆိုးရွားခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အသင်းနည်းပြ ကစားချင်တဲ့ ပုံစံထဲဝင်အောင် မနည်းလိုက်နေရတဲ့အချိန်ပါ။ ပုံသေတစ်သမတ်တည်း ကစားလာတဲ့ ကစားကွက်နဲ့ နှစ်ရှည်ကစားလာတဲ့ အသင်းကကစားပုံ ရုတ်တရက် ပြောင်းလိုက်တဲ့အချိန်မှာ ကစားကွက်နဲ့ အံဝင်ဖို့ ခက်ပါတယ်။ ဒီလိုခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ နည်းပြရဲ့ ကစားကွက်အတိုင်း အကောင်းဆုံး ကစားနိုင်ပါပြီ။ အဲဒီအတွက် လူတိုင်း ပျော်ရွှင်ရပါတယ်။ ဒါပေမဲ့ အခုထက် ပိုတောင့်တင်းတဲ့အသင်း ဖြစ်ဖို့ ပိုကောင်းတဲ့ နည်းစနစ်၊ နည်းဗျူဟာတွေနဲ့ ကစားရပါဦးမယ်။ ဒီအချိန်က နိုင်ပွဲတွေ အစပြုတဲ့အချိန်ပဲရှိပါသေးတယ်။


ပြီးခဲ့တဲ့နှစ်တုန်းက တစ်နေ့မှာ ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင် ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်နော်။ လက်ရှိအချိန်မှာ ခင်ဗျားရဲ့ ပြိုင်ဘက် ဟယ်ရီကိန်းကလည်း ဒဏ်ရာရနေတဲ့အတွက် ဒီနှစ်က ခင်ဗျားရဲ့နှစ်လို့ ပြောနိုင်မလား။

ဟယ်ရီကိန်းက ကစားသမားကောင်း တစ်ဦးပါ။ ပရီးမီးယားလိဂ်မှာ ထိပ်တန်းကစားသမားတစ်ဦးပါ။ သူဒဏ်ရာ ရသွားတဲ့အတွက် စိတ်မကောင်းပါဘူး။ လူတိုင်းကလည်း ဒီလိုထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားတစ်ဦးကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ချင်ပါလိမ့်မယ်။ သူ ဒဏ်ရာရသွားတာက စပါးအသင်းနဲ့ သူ့အတွက်တော့ ဝမ်းနည်းစရာပါ။ အချိန်တွေကြာလာတာနဲ့အတူ ဟယ်ရီကိန်းကလည်း ပိုကောင်းလာတဲ့ ကစားသမား ဖြစ်လာဦးမှာပါပဲ။ ဒီအချိန်မှာ ကျွန်တော့်အတွက် အရေးကြီးဆုံးအချက်က ခြေစွမ်း ကောင်းကို ဆက်ထိန်းပြီ အသင်းလိုက်စိတ်ဓာတ်နဲ့ ကစားဖို့ပါပဲ။ လက်ကျန်ပွဲ တွေအားလုံးကို ဗိုလ်လုပွဲတစ်ပွဲလို ကစားသွားမှာပါ။ 

 

 

sb

အဲဗာတန် တိုက်စစ်မှူး လူကာကူ

 

ဟယ်ရီကိန်းဒဏ်ရာက ပြန်ကောင်းလာရင် ခင်ဗျားထက် ဂိုးတွေပိုပြီးထပ်သွင်း မယ်လို့ထင်လား။ 

ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ ကျွန်တော့်အတွက် ပညာမရတဲ့ တခြားကစားသမားတွေရဲ့ အခြေအနေကိုမသိချင်ပါဘူ။ ဒါ ကျွန်တော့်မှာရှိတဲ့အရာတွေပါပဲ။ ကိုယ့်ခြေစွမ်းကို တိုးတက် အောင် ပြင်ဆင်ပြီး အဲဗာတန်အသင်းအတွက် ကျွန် တော် ဘာလုပ်ပေးနိုင် မလဲဆိုတာ ကျွန်တော့်ရဲ့ပစ်မှတ်ပါ။


ခင်ဗျားဘဝမှာ လေ့လာသင်ယူခဲ့ရတဲ့ တိုက်စစ်မှူးတွေရောရှိခဲ့လား။

ဆွာရက်ဇ်၊ လီဝန်ဒေါစကီး၊ ဘန်ဇီမာ၊ ကာဗာနီတို့က ကျွန်တော်အတုယူ ကြိုးစားခဲ့တဲ့ စံပြကစားသမားတွေပါ။ သူတို့ရဲ့ကစားပုံတွေကို ကြည့်ဖြစ်ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ ဒီလိုတိုက်စစ်မှူးတွေရဲ့ ခြေစွမ်းကို မီဖို့တော့ နီးစပ်နေပြီလို့ခံစားရတယ်။ ကျွန်တော်က ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲကတစ်ဦးပါ။ ကျွန် တော်က ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးလို့ မပြောဘူးဆိုရင် ကိုယ့်ဦးခေါင်းကို ရိုက်သလိုဖြစ် နေမှာပေါ့။ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နိုင်လား ဆိုရင်တော့ အသေအချာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုက စားသမားလဲဆိုတာတော့ ပြဖို့လိုတာပေါ့။ ချန်ပီယံလိဂ်လို ပြိုင်ပွဲနဲ့ တခြားပြိုင်ပွဲ တွေမှာ ကစားပြီးပေါ့။ ဘယ်လိုအခက်အခဲတွေ ဖြစ် နေပါစေ။ ဒါတွေကို ကျော်ဖြတ်သွားမှာပါ။


အဲဗာတန်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်ဖို့ ယုံကြည်မှုရှိလား။

ကျွန်တော့်အနေနဲ့ ပွဲတွေအများကြီး ကစားပြီး အဲဗာတန်အသင်းကို ပိုကောင်းတဲ့ အသင်းဖြစ်အောင် ကူညီနိုင်ဖို့ ကြိုးစားနေပါတယ်။ အသင်းဖော် တွေအားလုံးကလည်း ဒီလိုပါပဲ။ အသင်းမှာ အားရစရာကောင်းတဲ့ ပရိသတ်တွေ၊ ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေရှိတဲ့အတွက် အသင်းအပေါ် အကောင်းဆုံး ကြိုးစား ကစားချင်ပါတယ်။ ဒါပေမဲ့ ရာသီကုန်ဆုံးချိန်မှာတော့ ပရိသတ်တွေဘက်က ဆုဖလားတွေရဖို့ မျှော်လင့်သလို ကစားသမားတွေကလည်း ဆုဖလားလိုချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အများကြီး ကြိုးစားဖို့ လိုပါသေးတယ်။ ဆုဖလားတွေ မရနိုင်ဘူးဆိုရင်တော့ တစ်ခုခု မှားယွင်းနေလို့ပါ။ ယုံကြည်မှု တစ်ခုရှိမယ်။ အလုပ်ကိုကြိုးစားပြီး အာရုံစိုက်ကစားမယ်ဆိုရင် အရာရာကို အောင်မြင် နိုင်ပါတယ်။ ဘယ်သူကမှ ရပ်တန့်လို့မရပါဘူး။


ကစားသမားဘဝမှာ ဆုဖလားတွေရယူဖို့က ဘယ်လောက်အထိ အရေးပါလဲ။

အဲဗာတန်အသင်းက အရင်တုန်းက အောင်မြင်မှုတချို့ရခဲ့ဖူးပေမယ့် ဒါတွေကို တွေးနေလို့မရပါဘူး။ ကျွန်တော်တို့ဟာ အနာဂတ်အတွက် ပုံဖော်နေကြတဲ့သူတွေပါ။ ကစားသမား တစ်ယောက်အတွက် ဂိုးတွေ သွင်းတာကိုပဲ အမှတ်ရစရာ ရှိနေတာထက် ဆုဖလားတွေ ရခဲ့တာကိုလည်း ပြန်လည်အမှတ်ရချင်ကြ မှာပါ။ ပရိသတ်တွေအနေနဲ့လည်း ဆုဖလားရတာကိုပဲ လိုချင်ကြပါလိမ့်မယ်။ ဒါ ကြောင့်အတိတ်မှာ နေပေမယ့် ရှေ့အနာဂတ်ကိုပဲ ဆုဖလားတွေရအောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့ လိုချင်တဲ့ ကစားသမားဘဝကလည်း အဲဒီလို ဆုဖလားတွေရယူနိုင်ဖို့ပါ။


အဲဗာတန်အသင်းကရော မန်စီးတီးအသင်းလို ဖြစ်လာနိုင်မလား။

ဒါကိုတော့ ကျွန်တော်မသိပါဘူး။ အသင်းဘုတ်အဖွဲ့က ဘယ်လိုအစီ အစဉ်ရှိထားလဲဆိုတာလည်း ကျွန်တော်မသိပါဘူး။ ဘိုလာစီတို့ ရှနိုက်ဒါလင်တို့ကို ခေါ်ယူခဲ့တာတွေတော့ရှိပါတယ်။ ဒါပေမဲ့ အသင်းဘုတ်အဖွဲ့ရဲ့ အစီအစဉ်ကိုတော့ တကယ်မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်အနေနဲ့ ဘောလုံးကွင်းထဲမှာပဲ အာရုံစိုက်နိုင်ပါတယ်။ အရမ်းထူးခြားတဲ့ ပြောင်းလဲမှုရှိမှ သိနိုင်ပါလိမ့်မယ်။ ကစားသမားတစ်ယောက်အတွက်တော့ လေ့ကျင့်မယ်၊ ပြိုင်ပွဲကစားမယ်။ ဒါတွေကိုပဲ အာရုံစိုက်နိုင်ပါတယ်။


လက်ရှိအဲဗာတန်အသင်းရဲ့ အခြေအနေအပေါ် အားရမှုမရှိဘူးလား။

နည်းနည်းတော့ အားမရသေးပါဘူး။ ဒါပေမဲ့ တစ်ချိန်မှာတော့ ကျွန် တော်တို့က ကောင်းမွန်တဲ့ ကစားသမား တွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တခြားသူတွေကို ကြည့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ဖို့လိုပါတယ်။ အားရကျေနပ်စရာတွေ မကောင်းဘူးဆိုရင်လည်း ကျွန်တော်တို့ဆီမှာပဲ အ ပြစ်ရှိပါတယ်။ ပရိသတ်တွေနဲ့ အသင်းနည်းပြတွေအပေါ် အပြစ်တင်လို့ မရပါဘူး။ ကစားသမားတွေဘက်က ကြိုးစားမှု မရှိရင်တော့ ပရိသတ်တွေလိုချင်တဲ့ အောင်မြင်မှုကို ပေးနိုင်မှာမဟုတ်ဘူး။

ဝဏ္ဏကို

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616