HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အမှတ်တရ ပုံရိပ်များ

အမှတ်တရ ပုံရိပ်များ

ရွှေကူမေနှင်း

-----------------

ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် မှတ်မိသမျှ အမှတ်တရလေးတွေရေးခြင်းကို Memoir လို့ ပြောကြပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက်များ ဆိုပါတော့။ ဒီရေးသားနည်း ပုံစံက အရေးကြီးပါတယ်။ ကိုယ်တွေ့လို့ဆိုပြီး ရေးတာဖြစ်ပေမယ့် ကိုယ်တစ်ယောက်တည်း ဟုတ်ချင်မှဟုတ်မယ်။ တခြားပုဂ္ဂိုလ်များ ပါနိုင်တယ်။ ဒီအခါ အငြင်းပွားစရာတွေ ရှိလာတော့ တာပါပဲ။ မိမိက အမှန်အဖြစ်အပျက်ကို ရေး တာပဲဖြစ်ပါစေ၊ မိမိစာထဲအရေးခံရတဲ့လူက ကျေနပ်ချင်မှ ကျေနပ်မှာပါ။ အထူးသဖြင့် သူမကောင်းကြောင်းဆိုရင် ဘယ်မှာကျေနပ်နိုင်မလဲ။ တကယ်လည်း သူ့ဘက်ကကြည့်ရင် ရေးထားတာလိုမဟုတ်တာတွေ ဖြစ်နိုင်တယ်။ ဒါ ကြောင့် Memoir ရေးတဲ့လူတွေဟာ အလွန်သတိထားရပါတယ်။ မကောင်းတဲ့ကိစ္စဆိုရင် အမည်ဖော်ပြီးမရေးတာ ကောင်းတယ်။ ပြဿနာ မရှိတော့ဘူးပေါ့။ နို့မဟုတ်ရင် ပြန်လည်ချေပတာ ခံရတယ်။ အနိုင့်အထက် ပြောရမယ်။ ဘယ်သူမှန်တယ် မဆုံးဖြတ်နိုင်ဘူး။ အရုပ် ဆိုးပါတယ်။

ပိုပြီးဆိုးတာကတော့ အရေးခံရတဲ့လူဟာ အသက်ရှင်လျက်မရှိတော့တဲ့အခါမျိုးဖြစ်ရင် ဖြေရှင်းခွင့်မရှိတော့တာမို့ တစ်ဖက်သတ် နစ်နာပါတယ်။ မနေနိုင်တဲ့လူက ဝင်ရေးပြန်တော့လည်း ရန်ပွဲတွေဖြစ်သွားတယ်။ ဒါကြောင့် Memorir ဆိုတာ အရေးကြီးတာပါ။ စာရေးသူအများစုဟာ အတွေ့အကြုံ များလာတဲ့အခါ Memorir ရေးဖြစ်ကြတာ သဘာဝပါပဲ။ ရေးတဲ့အခါမှာ ရိုးရိုးသားသား မှားတာရှိတယ်။ တမင်(ကလေးတွေပြောသလို ဖောင်းထုတာ)ရှိတယ်။ အထူးသဖြင့် ရေးတဲ့လူ သေသွားပြီးတဲ့အခါကျမှ အရေးခံရတဲ့လူက အဲဒါတွေဟာ မမှန်ဘူးလို့ ပြန်ရေးရင် သေပြီး တဲ့လူကလည်း ပြန်မရှင်းနိုင်တော့ တစ်ဖက်သတ် အထင်သေးခံရပြန်ပါတယ်။


ထင်ရှားတဲ့ဥပမာပြရရင် အခုချိန်မှာ နှစ်ယောက်စလုံး ကွယ်လွန်သွားကြပြီဖြစ်တဲ့ သောတာဆွေနဲ့ ကြည်အေးပါ။ သော်တာဆွေ က ဟာသရေးသမား။ နောက်တတ်စတတ်တယ်။ ကိုယ်တွေ့ရေးတာ များတယ်။ သူ့အတွေ့ထဲ မှာ သူရယ်၊ ဆရာထင်လင်းရယ်၊ ဆရာမကြီး ခင်မျိုးချစ်တို့မောင်နှံရဲ့အိမ် ပြည်ကျောင်းဆောင် မှာ ကပ်နေခဲ့ကြတဲ့အကြောင်း 'အေးရိပ်သာ'အမည်ပေးထားတဲ့ ရိပ်မြုံလေးအကြောင်း အများ အပြားပဲ ရေးခဲ့တယ်။ စာထဲမှာ သူတို့နေကြ ထိုင်ကြပျော်ကြပုံတွေ့ပါပဲ။ အဲဒီထဲမှာပါလာ တာက ကြည်အေးပါ။ ကြည်အေးလည်း အဲဒီ အေးရိပ်သာမှာ လာနေဖူးတာမို့ ကြည်အေး အကြောင်းလည်း ပါပါတယ်။ သော်တာဆွေ ရေးတာကတော့ သရော်စာဟာသဆိုတော့ ပိုပိုသာသာတွေပါမှာပါ။ ရယ်ရအောင် ရေးမှာပါ။ ဥပမာ- ကြည်အေးက ပိန်ပိန်လေးဆိုတော့ ကြည်အေးပိန်ပုံ သရုပ်ဖော်တဲ့နေရာမှာ 'ကြည် အေးရဲ့ ဘော်လီအင်္ကျီက ခေါင်းအုံးစွပ်လိုပဲ'လို့ ရေးဖူးတယ်။ ဖတ်ရတဲ့လူတွေက ရယ်တာ ပါပဲ။ အမှန်လို့လည်း အသေမယူဆကြပါဘူး။ အချင်းချင်း နောက်တတ်ပဲထင်တာပါ။


ဒါပေမဲ့ နှစ်ပေါင်းများစွာကြာခဲ့ပြီး သော်တာဆွေ ကွယ်လွန်ပြီး အကြာကြီးနေတော့မှာ ကြည်အေးက ဆောင်းပါးရေးတယ်။ သရဖူမဂ္ဂဇင်းမှာပါ။ အဲဒီဆောင်းပါးထဲမှာ သူဟာ သော်တာဆွေ ရေးတာ မသိခဲ့ကြောင်း၊ အခုမှ မိတ်ဆွေတစ်ယောက်က ပြောပြတော့ အံ့သြ ရကြောင်း။ တကယ်တော့ သူဟာ အေးရိပ်သာမှာ နေခဲ့ဖူးတာမှန်ပေမယ့် သော်တာဆွေနဲ့ မရင်းနှီးကြောင်း၊ သော်တာဆွေနဲ့ စကားတောင် ငါးမိနစ်ကြာအောင် မပြောဖူးကြောင်း စသဖြင့်ပါပါတယ်။ ဒီတော့ သော်တာဆွေ ရေးတာ လွန်သွားပြီလို့ စာဖတ်သူများ ယူဆကြရော။ ခက်တာက သော်တာဆွေမှာ ပြန်ရှင်းခွင့်မရှိ တော့ဘူး။ ပိုပြီးနစ်နာသွားတယ်။ ဒါကြောင့် ကိုယ်တွေ့မှတ်တမ်း၊ ကိုယ်တွေ့အတွေ့အကြုံ တွေ ရေးရာမှာ ပြဿနာတစ်စွန်းတစ်စမကျန်ဖို့ သတိထားကြရမှာပါ။ အထူးသဖြင့် ပရိသတ် သိတဲ့လူ(နိုင်ငံရေးသမား၊ အနုပညာသမား၊ စာရေးဆရာ၊ စီးပွားရေး၊ ပညာရေး နယ်ပယ် အစု)က လူတွေနဲ့ ဆုံတွေ့ပုံကိုရေးရင် သတိရှိ ကြရပါတယ်။ လူဆိုတာ အကောင်းပြောရင် တော့ ကြိုက်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ရှေးဧကရာဇ်ခေတ်က ဝန်ကြီးတွေ၊ အမှုထမ်း တွေက ဘုရင်ကို စကားပြောတဲ့အခါ 'ဘုန်း တော်ကြောင့်'ဆိုတာ ရှေ့ကချီပြီးပြောတတ် ကြတယ်။ ဘုရင်တိုင်းဟာ သူ့ကိုသူ ဘုန်းရှိတယ် ထင်တာကိုး။


အဲသလိုအကောင်းပြောရင် ကြိုက်သ လောက်၊ မကောင်းပြောရင်တော့ မခံချင်ကြ ဘူး။ ဒါလည်း လူ့သဘာဝပါ။ ဒေးကာနက်ဂျီ က ရေးဖူးပါတယ်။ သူတို့နိုင်ငံမှာ လူဆိုးကြီး ကလိုရီဆိုတာ ရှိသတဲ့။ ဘယ်လောက်ဆိုးသလဲ ဆိုရင် လူသတ်ဖို့ အဆင်သင့်၊ သေနတ်ကို တစ်လက်တည်းတောင်မဟုတ်။ လက်နှစ်ဖက် မှာ နှစ်လက်ကိုင်ထားတာမို့ သူ့နာမည်ကို 'သေနတ်နှစ်လက်ကိုင် ကလိုရီ'လို့တောင် ခေါ် ကြတာတဲ့။ အဲသလောက်ရက်စက်တဲ့လူဆိုး ကြီးဖြစ်ပေမယ့် သူသေတဲ့အခါ သူစာရေးခဲ့တာ က 'ကျွန်တော်၏ အင်္ကျီအောက်တွင် ကြင်နာ တတ်သောနှလုံးသား တစ်စုံရှိသည်'တဲ့။


လူဆိုတာ ဒီလိုပဲ မိမိကိုမိမိ အပြစ်မမြင် ကြဘူး။ သူတစ်ပါးကို အပြစ်ပြောဖို့တော့ အဆင် သင့်ဖြစ်နေလေ့ရှိတယ်။ ဒါကြောင့်လည်း 'သူ များမျက်ချေးတော့ မြင်တယ်။ ကိုယ့်မျက်ချေး တော့ ကိုယ်မမြင်ဘူး'လို့ ရှေးလူကြီးများက စကားပုံထားခဲ့ပေတာပဲ။ လူတွေဟာ အပြစ်တင်ခံရတာ မကြိုက်ဘူး။ အပြစ်တင်စကားပြောခံရတာနဲ့ ချက်ချင်း တုံ့ပြန်ပုံက 'ဒါပေမဲ့'တဲ့။ ဒါကတော့တဲ့။ ဟုတ်ကဲ့ လို့ ဝန်ခံတာရှားပါတယ်။ ဒါကြောင့်လည်း မိတ္တဗလဋီကာဆရာကြီးရဲ့ သြဝါဒတွေထဲမှာ 'အပြစ်တင်ခြင်းကို ရှောင်ရှားပါ' ဆိုတဲ့ခေါင်းစဉ် နဲ့ တစ်ခန်းသတ်သတ် ရေးခဲ့တာဖြစ်ပါလိမ့်မယ်။


ဒီတော့ စာရေးသူများအနေနဲ့ 'စည်းမျဉ်း' လိုက်နာဖို့ လိုပါတယ်။ 'ကျင့်ဝတ်'ထိန်းဖို့ လိုပါ တယ်။ သူတစ်ပါးအကြောင်း ရေးတော့မယ်ဆိုရင် သေသေချာချာစဉ်းစားဖို့လိုပါတယ်။ ဒါဖြင့် အမှန်တွေ မရေးရတော့ဘူးလားလို့ မေးစရာရှိရဲ့။ ရေးလို့ရပါတယ်။ ဒီစာမျိုးတွေ ဆိုတာလိုလည်း လိုအပ်ပါတယ်။ နောင်အခါ သမိုင်းဖြစ်မှာမို့ပါ။ ဒီတော့ အမှန်တွေရေးမယ်။ သို့သော် ဒါဟာအမှန်လို့ ပုံသေရေးလို့မဖြစ်ဘူး။ တစ်ဖက်လူ ချေပမှာကို ကြိုတွေးရမယ်။ ဒါမျိုးကို ဆရာဇော်ဂျီတို့၊ ဆရာမင်းသု ဝဏ်တို့ သိပ်သတိထားတာ မြင်ရပါတယ်။ အယူအဆတစ်ခုကို ရေးရင်တောင် ငါရေးတာအမှန်လို့ ဘယ်သောအခါမှ မပြောကြပါဘူး။ 'ဒီလိုဖြစ်မယ်လို့..ထင်ပါသည်'လို့ ရေးပါတယ်။ ထင်ပါသည်ဆိုတော့ ဒါဟာ စာရေးသူရဲ့ သဘောထားမျှသာဖြစ်လို့ အမှန်ယူချင်မှ ယူပါလို့ ကြိုပြောထားတာဖြစ်ပါတယ်။ နောက်တစ်ခုက..ဆရာကြီး မလုပ်ဖို့ပါ။


အခုကာလမှာ မြန်မာပြည်မှာ ပါတီတွေက များဖြစ်နေပြီး ဆရာတွေကလည်း များတယ်။ ငါသိငါတတ်တွေများနေတယ်။ ဒါကို စာထဲမှာ ထည့်ရေးကြတော့ ဖတ်ရတဲ့လူတွေက နေရင်းထိုင်ရင်း သူ့တပည့်၊ သူ့လက်အောက် ငယ်သားတွေ ဖြစ်နေတော့တယ်။ မဖတ်ချင် တော့ဘူး။ သူ့စာတွေကို မဖတ်ချင်ရုံမက ရွံရှာမုန်းတီးသွားကြပါတော့တယ်။ အထူးသဖြင့် အမျိုးမျိုးကောက်ချက်ချလို့ရနေတဲ့အဖြစ်အ ပျက်တွေမှာ ငါမှန်တယ်၊ ငါပြောမယ်၊ မှတ် ထားကြဆိုတဲ့ ဆရာကြီးစတိုင်ဟာ..လူမုန်း ဆေးပဲဆိုတာ သတိချပ်ကြရပါတယ်။ မိမိဖြတ်သန်းမှုဖြင့် စာကောင်းပြုနိုင်ကြပါစေ။

ရွှေကူမေနှင်း

#theyangontimes

Rate this item
(0 votes)
back to top