Friday, 12 January 2018 14:04

အမြင်ဖြင့် ဆုံးဖြတ်ခြင်းသည် အမှားများ၏

Written by ဇင်မင်း (မြို့သာ)
Rate this item
(0 votes)

ဇင်မင်း (မြို့သာ)

============

ယနေ့ခေတ်တွင် ပညာရေးဌာနနှင့်ပတ်သက် သောသတင်းများ ဖေ့စ်ဘွတ်ခ်ပေါ်တွင်မကြာ ခဏတွေ့နေရ၏။ သတင်းစာများတွင်လည်း မကြာခဏ ဖတ်ရှုတွေ့မြင်နေရသည်။ ဆရာတစ်ဦးက တပည့်တစ်ဦးအား အကြောင်းတစ်ခုခုကြောင့်ရိုက်သည့်အခါ လက်လွန်၍အညိုအစင်းများထင်ခြင်း၊ ဆရာမတစ်ဦးမှ ကျောင်းသားတစ်ဦးအားလက်သည်း ဖြင့်ဆွဲဆိတ်သည့်သတင်းများနှင့် အခြားသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ဆရာ၊ ဆရာမများရိုက်နှက်ဆုံးမကြသည်မှာ လက်လွန်ကြသည်များကို လူမှုကွန်ရက်တွင်မကြာခဏတွေ့နေရ၏။


ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော်အမြင်နှစ်မျိုး မြင်မိသည် ပထမအမြင်ကတော့ ထိုကဲ့သို့ရိုက်နှက်ဆုံးမကြသည့် ဆရာ၊ ဆရာမများသည်''အိုးကောင်းလိုချင်လျှင် နာနာရိုက်''ဆိုသည့်စကားပုံကိုလက်စွဲထားကြသည်ဟု ကျွန်တော်ထင်မြင်ယူဆမိသည်။ ဤကဲ့သို့တွေးခေါ်ယူဆထားကြသည့်အတွက် ယခုလို ခြေလွန်လက်လွန်ဒဏ်ရာများထင်အောင်ရိုက်ကြသည်မှာ စေတနာအမှားဟုလည်းပြော၍ရပေသည်။ ထိုသို့ကျွန်တော်ပြောခြင်းအတွက် ရိုက်နှက်ခံရသော ကလေးမိဘများမှ ကျွန်တော့်အားအထင်လွဲမှားစရာ ဖြစ်နိုင်သည်။


ဒုတိယအမြင်အားဖြင့်ပြောရလျှင် အခြားမဟုတ်။ ဆရာ၊ ဆရာမများ ရိုက်နှက်ဆုံးမကြသည့် အကျင့်များကို ပြုပြင်သင့်သည်ဟုအကြံပြုချင်မိပါသည်။ အဘယ်ကြောင့် ထိုကဲ့သို့အကြံပြုသနည်း၊ မေးကောင်း မေးနိုင်ပါသည်။ ငယ်ရွယ်သူကလေးများသည် ရိုက်နှက်ဆုံးမသင့်သည့်အရွယ်လည်းမဟုတ်သလို ရိုက်နှက်သည့်ဒဏ်ကိုခံနိုင်သည့်အရွယ်များလည်းမဟုတ်ကြပါ။ ကျောင်းသား၊ ကျောင်းသူလေးများကို ထိုကဲ့သို့ရိုက်နှက်ဆုံးမကြပါလျှင် ကလေးများ၏စိတ်ထဲတွင် ဆရာ၊ ဆရာမများသည်ကြောက်စရာဟု ထင်မှတ်သွားနိုင်သည် ဆရာ၊ ဆရာမကို ရိုသေလေးစားချစ်ခင်ရမည်ထက် ဆရာ၊ ဆရာမများအား တွေ့မြင်ရမည်ကိုပင် ကြောက်ရွံ့နေကြမှာအမှန်ပင်ဖြစ်နေလိမ့်မည်။ ထိုကဲ့သို့ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ဆရာ၊ ဆရာမများအား ကြောက်စရာဟုထင်မှတ်သွား ကြလျှင် နိုင်ငံ၏အနာဂတ်အတွက်လည်း မကောင်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းသူ ကျောင်းသားကလေးများသည် အနာဂတ်သားကောင်း နိုင်ငံခေါင်းဆောင်လောင်းများဖြစ်ကြပေသည်။


ကျောင်းသူ၊ ကျောင်းသားကလေးများ ဆရာ ဆရာမများအားကြောက်ရွံ့၍ ကျောင်းတော်မှထွက်ခွာသွားကြမည်ဆိုပါလျှင် ထိုကလေးငယ်များ၏ဘဝသည် မတွေးဝံ့စရာဖြစ်ပေသည်။ နိုင်ငံအနာဂတ်အတွက်လည်း အထိနာမည်ဖြစ်သည်မှာအမှန်ပင် ဖြစ်နေပေလိမ့်မည်။ မိမိနိုင်ငံအတွင်းမှ ကျောင်းနေအရွယ်ကလေးများသည် ''ကျောင်းနေပျော်၍ စာတော်နေရမည်''သို့မှာသာ မိမိနိုင်ငံအတွက်သား ကောင်းရတနာများ များစွာထွက်ပေါ်လာမည်မှာ အမှန်ပင်ဖြစ်လိမ့်မည်ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးကိုလည်း လူကြီးမိဘများနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်သင့်ပေသည်။


မိမိနိုင်ငံအတွင်းမှ ကလေးငယ်များပညာတတ်များစွာပေါ်ထွက်လာအောင်စွမ်းဆောင်ကြမည်ဖြစ်သည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများအနေဖြင့်သတိပြုဆင်ခြင်ကြဖို့ အထူးလိုအပ်ပေလိမ့်မည်။ မည်သည့်အကြောင်းကိစ္စများပေါ်ပေါက် ကြုံလာသည်ဖြစ်စေ အမြင်ဖြင့်ဆုံးဖြတ်ခြင်းသည် အမှားများသည်ဟု ကျွန်တော်ကိုယ်တွေ့အတွေ့အကြုံ ဖြင့်နှိုင်းယှဉ်၍ပြောပြစေလိုသည်။ လွန်ခဲ့သောငါးနှစ်ခန့်က ကျွန်တော်သည် စေတနာဆရာတာဝန်ကိုထမ်းဆောင်ဖူးခဲ့သည်။ ကျွန် တော်သင်ကြားရသည့်အခန်းမှာ တတိယတန်းအခန်း ဖြစ်သည်။ ထိုစာသင်ခန်းအတွင်းမှာ ပညာသင်ကြား နေသောတပည့်များမှာ ၃၅ ဦးရှိ၏။ ကျွန်တော်သည် ကလေးများအား ''အချိန်ရှိခိုက် လုံ့လစိုက်''ဆိုသော စကားကိုလက်ကိုင်ထား၍ အချိန်ကိုလေးစားတန်ဖိုးထားတတ်သောကလေးများဖြစ်ဖို့ အချိန်နှင့်ပတ်သက်၍ ကျောင်းဆင်းကျောင်းတက်၊ အတန်းဝင်အတန်းထွက် မုန့်စားဆင်းချိန်ကအစ တစ်မိနစ် နောက်မကျ တစ်မိနစ်မစော တိတိကျကျလေ့ကျင့် ပေးထားသည်။


ထိုကဲ့သို့ အချိန်နှင့်ပတ်သက်၍အချိန်ကိုအလေးထား တိတိကျကျလုပ်ဆောင်တတ်ရန် လေ့ကျင့်ပေးထားသော်လည်း ကျွန်တော်သင်ကြားသည့်အခန်းထဲတွင် ကျောင်းသားတစ်ယောက်အတန်းဝင်ချိန် ငါးမိနစ်နောက်ကျ၏။ သူ့အား ပထမအကြိမ်မို့ နှုတ် ဖြင့်ဆုံးမလိုက်၏။ ဒုတိယနေ့တွင်လည်း ယခင်နေ့ကဲ့သို့ နောက်ကျပြန်၏။ ကျွန်တော်ဆုံးမစကားအား အလေးမထားသည်ဟုယူဆကာ ၎င်းကျောင်းသားအား ဝါးခြမ်းပြားဖြင့်လက်ဖဝါးအား ခပ်ပြင်းပြင်းရိုက်မိ၏။ တတိယအခါတွင်လည်း ၎င်းကျောင်းသားထပ်မံ၍ အတန်းဝင်ချိန်နောက်ကျပြန်၏။ ကျွန်တော်အတော်ပင်စိတ်ဆိုး၏။ အချိန်နှင့်ပတ်သက်လျှင်တန်ဖိုးထား တတ်စေရန်လေ့ကျင့်ပေးထားသော်လည်း အချိန်ကိုတန်ဖိုးမထားဟုယူဆကာ ထိုနေ့တွင် ၎င်းကျောင်းသားအား ဝါးခြမ်းပြားဖြင့်လက်ဖဝါးအား ခပ်ပြင်းပြင်း အားနှင့်ငါးချက်မျှရိုက်နှက်မိသည်။ နောက်တစ်နေ့မှာ ကျွန်တော်ကျောင်းမသွားခင် ရပ်ကွက်ထဲတွင်လမ်းလျှောက်နေ၏။ ကျွန်တော်လမ်းလျှောက်လာစဉ် အတွင်းမှာပဲ ကျွန်တော့်မြင်ကွင်းထဲ၌ အချိန်နောက်ကျ၍ ကျွန်တော်ရိုက်နှက်သည့်ကျောင်းသားအား တွေ့မိသည်။ အဖြူအစိမ်းလေးနှင့်စက်ဘီးဖြင့် တစ်အိမ်ဆင်းတစ်အိမ်တက် သတင်းစာများပို့နေသည်ကိုတွေ့လိုက်ရ၏။

 

ထိုမြင်ကွင်းကို ကျွန်တော်ကြာကြာ မကြည့်နိုင်၊ မျက်ရည်များလည်းမခိုင်တော့ပြီ။ ကျောင်းကိုရောက်သည့်အခါတွင် ၎င်းကျောင်းသားနောက်ကျနေပြန်၏။ ခဏအကြာတွင် ၎င်းကျောင်းသား ဝင်လာ၍ ကျွန်တော်ရှေ့တွင်မတ်တတ်ရပ် ယခင် နေ့ကဲ့သို့ရိုက်ဖို့ သူရဲ့လက်ဖဝါးအား ဖြန့်ပေးသည်။ ကျွန်တော်ရိုက်ထားသည့်အတွက် သူ့လက်ဖဝါးနုနု လေးမှာ သွေးခြေဥများမပျောက်သေး၊ ကျွန်တော့် မျက်ဝန်းမှာ မိုးပြိုသလိုငိုချရင်း ၎င်းကျာင်းသားအား ခပ်တင်းတင်းလေးဖက်ပြီး အားရပါးရငိုမိသည်။ ကျွန် တော်သည် ကျွန်တော့်အတွေး ကျွန်တော့်အမြင်ဖြင့်ဆုံးဖြတ်၍ အမှားများစွာနောင်တရမိ၏။ သို့ပါသော ကြောင့် ယနေ့ခေတ်တွေ့ကြုံနေကြသည့် ပြဿနာ ကိစ္စအဝဝတို့အားအမြင်ဖြင့်မဆုံးဖြတ်ကြရန် ''အမြင် ဖြင့်ဆုံးဖြတ်ခြင်းသည် အမှားများ၏''ဟူ၍ သာဓကထားရေးသားတင်ပြလိုက်ပါသည်။ ။

 

ဇင်မင်း (မြို့သာ)

#democracytoday

Read 1341 times
Login to post comments