HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး ခင်ယွန်းစံ ဇာတိမွေးရပ်မြေက ကွက်လပ် တစ်နေရာ

အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး ခင်ယွန်းစံ ဇာတိမွေးရပ်မြေက ကွက်လပ် တစ်နေရာ

ရောင်နီတင်ဝင်း

*****************

 တစ်နေ့သ၌ ကျွန်ုပ်စာရေးသူသည် စီးပွားရေးလည်းမပါ အိမ်ကဇနီးမယားလည်း အမြင်ကပ်နေသည့် စာရေးစာဖတ်အလုပ်ကို လုပ်နေသည့် အလျောက်စာရေးရန် ကုန်ကြမ်းရှာဖို့အရေး အခွင့်အရေးမျှော်လင့်နေလေ၏။ ထိုစဉ် ခင်ဦးမြို့နယ် မဒေါင်းလှရွာက ရှင်ပြုမင်္ဂလာဖိတ်ကြားစာ တစ်စောင်ရာက်လာ၏။ ရေငတ်နေသူ ရေတွင်းထဲကျသည့်အလား ဝမ်းသာစွာဖြင့် ရှင်ပြုပွဲလည်းသွားရင်းစာရေးရန် ကုန် ကြမ်းရှာရင်း ခရီးထွက်ဖြစ်ခဲ့၏။ ရှင်ပြုမင်္ဂလာပွဲကျင်းပသည့် မဒေါင်းလှကျေးရွာအနီးက ရွှေကာရွာသို့ရောက်ရှိသွားတော့၏။


အဆိုပါရွှေကာရွာကား-
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ လူသိများထင်ရှားသည့် စည်ပုတ္တရာမြို့ဟောင်းကျေးရွာအနီးရှိသော အလောင်းမင်းတရားကြီး၏မိဖုရားခေါင် ကြီးခင်ယွန်းစံ၏ မွေးရပ်ဇာတိမြေဖြစ်နေလေတော့၏။ ခင်ယွန်းစံသည် ကုန်းဘောင်ခေတ်တွင် ရှင်ဘုရင်နောင်တော်ကြီး၊ ရှင်ဘုရင်ဆင်ဖြူရှင် စသည်ဖြင့် ရှင်ဘုရင်တို့၏ မယ်တော်ကြီးဖြစ်ကြောင်း မှတ်သားမိ၏။ အမှန်ဆိုရသော် မိဖုရားခေါင်ကြီး ခင်ယွန်းစံသည် စည်ပုတ္တရာသူမဟုတ်ဘဲ ယင်းစည်ပုတ္တရာကျေးရွာနှင့် မလှမ်းမကမ်းဖြစ်သော နှစ်မိုင်အကွာရှိ မ ဒေါင်းကြီးကျေးရွာအုပ်စု ရွှေကာကျေးရွာသူဇာတိချက်မြှုပ် မွေးဖွားသူဖြစ်ကြောင်း သိရလေတော့၏။အဆိုပါ မိဖုရားခေါင်ကြီး ခင်ယွန်းစံမှာစည် ပုတ္တရာသူမဟုတ်ဘဲ ရွှေကာရွာသူဖြစ်နေကြောင်းကို သမိုင်းဖြစ်ရပ်မှန်နှင့် အောက်ပါအထောက်အထားများ ဖြင့် ခိုင်လုံစွာတင်ပြလိုက်ရပေ၏။


တတိယမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ မဟာမင်္ဂလာရတနာဓိပတိသီရိစန္ဒာဒေဝီ အရှင်မိဖုရား ခေါင်ကြီးခင်ယွန်းစံ မွေးရပ်မြေဇာတိမှာ စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ မဒေါင်းကြီးကျေးရွာ အုပ်စု ရွှေကာကျေးရွာဖြစ်ပေ၏။ ရာဇဝင်သမိုင်းကျမ်းတို့၌ ခင်ယွန်းစံ၏ဇာတိရပ်ရွာကိုဖော်ပြရာတွင် ပုဂံခေတ်မှကုန်းဘောင်ခေတ်ထိ မြို့အဖြစ်ထင်ရှားခဲ့သော ''စည်ပုတ္တရာမြို့'' ဟုသာ သိလွယ်မြင်လွယ်အောင် ရေးသားဖော်ပြခဲ့ကြ၏။ ဇာတိအမှန်အကန်အပြည့်အစုံမှာ စည်ပုတ္တရာ မြို့(ကျေးရွာအဆင့်)မှ အနောက်မြောက်ဘက်တာ တစ်ထောင်(နှစ်မိုင်)ခန့်အကွာရှိ ''ရွှေကာရွာ'' ဖြစ်၏။ အရှင်မိဖုရားခေါင်ကြီး ဖွားမြင်ရာဒေသသို့ ရောက် အောင် သွားရောက်လေ့လာသုတေသနပြုပြီးမှ သမိုင်း ရေးသူများလည်းရှိ၏။


ပုံစံအားဖြင့် သတင်းစာဆရာကြီး ဦးသိမ်းမောင်က သူ၏မြန်မာသူရဲကောင်းအမှတ် (၄)၊ ဦးအောင် ဇေယျဝတ္ထု၌- ''ဦးအောင်ဇေယျ၏ဇနီး ခင်ယွန်းစံမှာ စည်ပုတ္တရာ အနီးရွှေကာရွာမှ ဖြစ်လေသည်။ ထို့ကြောင့် မုံဆိုးဘိုနှင့် စည်ပုတ္တရာ- ရွှေကာတို့မှာ တစ်ရွာနှင့်တစ်ရွာမှာ အိမ်ဦးနှင့် ကြမ်းပြင်ကဲ့သို့ ဖြစ်လေ၏'' ဟု ရေးသားထား၏။ ''ကျွန်တော်တို့ မုံဆိုးဘိုကအလောင်းဘုရား ဦး အောင်ဇေယျဘဝတုန်းက ဒီစည်ပုတ္တရာနဲ့ကပ်လျက် ရွှေကာရွာသူ ခင်ယွန်းစံနဲ့ အကြောင်းပါခဲ့တာ မဟုတ်လားဗျ။ ရွှေဘိုနဲ့ စည်ပုတ္တရာဟာ (၁၄) မိုင် ဝေးတယ်။ ရွှေကာက စည်ပုတ္တရာနဲ့ကပ်လျက်ဗျ'' ဟု နိုင်ငံကျော်စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦးက အတွဲ (၁၅)၊ အမှတ် (၉၄)၊ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီ လထုတ် မြဝတီမဂ္ဂဇင်းတွင် ''စည်ပုတ္တရာသူ'' ဝတ္ထု၌ ဖော်ပြခဲ့၏။ အရှင်မိဖုရားခေါင်ကြီး ခင်ယွန်းစံ၏မိဘများမှာ ဒုတိယရွှေကာ တစ်ထောင်မှူး (ကာလက်နက်ကိုင် စစ်သားတစ်ထောင်အုပ်ချုပ်ရသူ) သီရိဂန္တဇ (အချို့ ကျမ်း၌ သီရိဂန္တစ) ဦးဖြိုးမြနှင့် မယ်ပလောင်တို့ ဖြစ် ကြ၏။


ရွှေဘိုနိဒါန်းကျမ်း၊ ဒုတိယအကြိမ် ပုံနှိပ်စာမျက်နှာ (၂၅) အရ ဦးအောင်ဇေယျ အသက် (၁၉)နှစ်နှင့် ခင်ယွန်းစံ အသက် (၁၆) နှစ် တနင်္ဂနွေသမီး ထိမ်း မြားသည်ဟုပါရှိရာ ခင်ယွန်းစံသည် မြန်မာသက္ကရာဇ် (၁ဝ၇၉) ခုနှစ်၌ ဖွားမြင်ခဲ့သည်ဟု ခန့်မှန်းရပေ၏။ ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်၌ ဖွားမြင်ခဲ့၏။ ကုန်းဘောင်ခေတ် သားတော်ဆင်ဖြူရှင် မင်းကြီး လက်ထက် မြန်မာသက္ကရာဇ် ၁၁၃၃ ခုနှစ် ဝါခေါင်လ ပြည့်ကျော် ၅ ရက်၊ ဗုဒ္ဓဟူးနေ့၊ ဇေတဝန်ဆောင်တွင် သက်တော် (၅၄) နှစ်၊ အရှင်မိဖုရားခေါင်ကြီး ခင်ယွန်းစံ ကံကုန်တော်မူသည်ဟု ကုန်းဘောင်ဆက် ဒုတိယတွဲ၌ ပါရှိပေ၏။ ခင်ယွန်းစံ၏ မိဘများနေထိုင်ခဲ့ကြသည့် ''ရွှေကာရွာ'' တွင် ယနေ့ခေတ်တိုင် အိမ်ဝင်းခြံမြေနေရာ ကျန်ရှိနေသေး၏။ မဒေါင်းကြီးကျေးရွာအုပ်စု ရွှေကာကျေးရွာ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး မိဖုရားခေါင်ကြီးကို ဂုဏ်ပြုလေးစားသည့်အနေဖြင့် လူနေအဆောက်အ အုံဆောက်လုပ်နေထိုင်ကြခြင်းမရှိဘဲ ခြံစည်းရိုးလုံ ခြုံစွာကာရံလျက် ကွက်လပ်အဖြစ်အစဉ်အလာထိန်း သိမ်းခဲ့သည်မှာ လွန်စွာကျေးဇူးတင်စရာကောင်းလှ ပေ၏။

 

azzz

ယခုအခါ ထိုအိမ်ဝန်းခြံမြေကို ရွှေကာရွာ ''ဦးစိတ်ကောင်းနှင့် ဒေါ်ရာ'' တို့၏ သားမြေးမြစ်တို့က ပိုင်ဆိုင်ထားကြသော်လည်း ရှေးအစဉ်အလာအတိုင်း အိမ်ဆောက်နေထိုင်ခြင်း မပြုလုပ်ကြပေ။ ခင်ယွန်းစံလက်ထက်ကတည်းက ရှိခဲ့သည်ဟု လက်ဆင့်ကမ်းမှတ်သားထားကြသည့် ညောင်ပင်ကြီး တစ်ပင်မှာ အရွယ်ရောက်သူလူငါးယောက်ခြောက် ယောက်လက်ချင်းဆက်ကာဆက်ကာ တိုင်းထွာမှသာ ပင်စည်လုံးပတ်တစ်ပတ်ပတ်မိ၏။ ယင်းညောင်ပင်ကြီးသည် အသက်ကြီးရင့်လာ မှုကြောင့်ပေလား အနိစ္စသဘောကိစ္စချောကာ သေဆုံး နေမှုကြောင့် ချိန်းဆော(လွှစက်)၏ ဖြတ်တောက်ခြင်း ကို ခံနေရ၏။ ပင်စည်အရင်းကို ပေကြိုးဖြင့်တိုင်းထွာ ကြည့်ရာတွင် ၃၁ ပေ တိတိရှိ၏။ ခင်ယွန်းစံအိမ် လှေကားဦးရှိ ထန်းပင်ကြီးမှာ မကြာမီနှစ်ပိုင်းအတွင်းက လေဒဏ်ကြောင့်လဲကျသွားခဲ့ရာ ယင်းနေရာကိုပြသ၍ ကြည့်ရှုခဲ့ကြ၏။ ခြံဝင်းမှာ လက်ရှိအနေအထားအရ ထောင့်မှန်စတုဂံပုံရှိပြီး အလျားပေ ၂ဝဝ၊ အနံ ၁၆၉ ပေ၊ ဝ ဒသမ ၇၈ဧက ကျယ်ဝန်းလှ၏။


ဒေါ်ခင်ဆွေဦးက သူ၏ ''စည်ပုတ္တရာသူ'' ဝတ္ထု၌ စည်ပုတ္တရာမြို့ဟောင်းကျေးရွာ၊ ရွှေကာကျေးရွာ ဒေသ၏ လူနေမှုအဆင့်အတန်း ဘဝဆင်းရဲနိမ့်ကျပုံကို ရေးသားထားပေ၏။ အလောင်းမင်းတရားကြီးနှင့် မိဖုရားခေါင်ကြီး ခင်ယွန်းစံတို့ တည်ထောင်ခဲ့သည့် တတိယမြန်မာ နိုင်ငံတော်ကြီးသည်ပင်လျှင် နှစ်ပေါင်း (၁၃၂) နှစ်သာ တည်တံ့ခဲ့ရာ စည်ပုတ္တရာမြို့အဆင့်က ကျေးရွာအဆင့်သို့ ရောက်ရှိခြင်းကား သင်္ခါရသဘောပင် မဟုတ်ပါလား။ သို့သော် ''စည်ပုတ္တရာသူ'' ဝတ္ထုရေးခဲ့သည့် လွန်ခဲ့သော နှစ် (၅ဝ) ခန့်က မြင်ကွင်းမျိုးလုံးဝမဟုတ်တော့ပေ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အစိုးရလက်ထက်တွင် သဖန်းဆိပ်ဆည်၊ ကင်းတပ်ဆည်တို့နှင့် မဟာနန္ဒာကန်တူးမြောင်းတို့ ဆက်သွယ်ပေါင်းစပ်ပေးနိုင်လာမှုကြောင့် စည်ပုတ္တရာနှင့် ရွှေကာကျေးရွာဒေသသည် နွေမိုးဆောင်းတစ် နှစ်ပတ်လုံး တစ်သီးစားမှ နှစ်သီးစား၊ စပါးသာမကအခြားသီးနှံမျိုးစုံ စိုက်ပျိုးနိုင်ခဲ့သဖြင့် လူမှုဘဝစီး ပွားရေးတိုးတက်လာကာ အလှူမင်္ဂလာပေါများလျက် စည်ဗြောသံဆူညံနေကြောင်း သိရှိရ၏။


သို့သော်လည်း အဆိုပါ ရွှေကာကျေးရွာသည် အလောင်းမင်းတရားကြီး၏ မိဖုရားခေါင်ကြီး ခင်ယွန်းစံ မွေးရပ်ဇာတိမြေဖြစ်နေပါလျက် နောင်လာမည့်သားသမီးတွေ သိရှိလေ့လာနိုင်ဖို့ရာ မှတ်တမ်းတင်ရေးထိုးထားသည့် ''သမိုင်းမှတ်တိုင်'' ''ကမ္ပည်းကျောက်စာ'' တစ်ခုမျှမရှိကြောင်း တွေ့မြင်ရ၏။ သို့ပါ၍ ကျွန်ုပ်စာရေးသူ၏စိတ်ထဲမှာ ကွက်လပ်တစ်နေရာ ပေါ်ပေါက်လာကာ ယင်းကွက်လပ်ကို သက်ဆိုင်ရာ တာဝန်ရှိသူတို့က ''သမိုင်းမှတ်တိုင်'' ''ကမ္ပည်းကျောက်စာ'' စိုက်ထူနိုင်ကြပါစေကြောင်း ဆု တောင်ရင်း အပြန်ခရီးကို ဝမ်းနည်းစွာနှင့် ပြန်ခဲ့ရပါ တော့၏။

 

ရောင်နီတင်ဝင်း

#democracytoday


မှီငြမ်း
၁။ သတင်းစာဆရာကြီး ဦးသိမ်းမောင်၏ မြန် မာသူရဲကောင်းအမှတ်(၄)၊ ဦးအောင်ဇေယျ၊
၂။ ဒေါ်ခင်ဆွေဦး၏ အတွဲ(၁၅)၊ အမှတ်(၉၄)၊ ၁၉၆၇ ခုနှစ် ဖေဖော်ဝါရီလထုတ် မြဝတီမဂ္ဂဇင်းတွင် ''စည်ပုတ္တရာသူ''၊
၃။ ဒေါက်တာသန်းထွန်း(ရွှေဘို)၏ ရွှေဘိုနိ ဒါန်းကျမ်း၊
၎။ ခင်ဦးမြို့၊ သမိုင်းသုတေသီပညာရှင် ဦး လှငွေ(လှငွေ၊ ထွေအုပ်၊ ခင်ဦး)၏မှတ်စုများ၊
၅။ ဒေသခံရွှေကာရွာသား ဦးတင်သိန်း၏ ပြော ကြားချက်၊
၆။ ကိုယ်တိုင်ကွင်းဆင်းလေ့လာမှု၊ ။

Rate this item
(0 votes)
back to top