HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

မိုးခေါ်တဲ့ ပွဲ

မိုးခေါ်တဲ့ ပွဲ

ရွှေကူမေနှင်း

*******************

 ' မိုးတွေ ရွာပြီ'

တစ်လောကလုံး ပြုံးရွှင်ဝမ်းမြောက်ကြရတယ်။ တောင်ဆီကဝေ့တက်လာတဲ့ မိုးသားတိမ်လိပ်တွေနဲ့ မိုးသက်လေကို ခံစားရင်း မိုးကိုကြိုကြတယ်။ မိုးကို လူတွေ တော်တော်ချစ်ကြတယ်။ လူတွေတင်မဟုတ်ပါဘူး။ သစ်ပင်မြက်ပင်တွေလည်း မိုးကိုချစ်ကြတာပါပဲ။ တောင်သူလယ်ယာလုပ်၊ ဓားမခုတ်သမားတွေဆိုရင် ပီတိတွေဝေလို့ပေါ့။

မိုးဟာ လူသားတွေရဲ့ မိတ်ဆွေကြီးပါ။ မိုးသာမရှိရင် လူတွေ၊ သစ်ပင်တွေ၊ နွမ်းခြောက် သေကျေကြမှာပဲ။ ပူပြင်းလောင်မြိုက်တဲ့ နွေအပူ၊ လေအပူကြီးဟာ အဲကွန်းကိုလည်း မမှုဘူး။ တိုက်တာတွေရဲ့နံရံတွေထဲ ဝင်အောင်းပြီး ညဘက်ကျ ပြန်ထုတ်သေးတယ်။ ခံရခက် လေစွ။ ထွက်ပြေးလို့လည်း မရ။ နွေလယ်ည တွေဟာ လူကို ဒုက္ခအပေးဆုံး။ မုန်းစရာအ ကောင်းဆုံးလို့ ဆိုချင်တယ်။ ဒီတော့ လူတွေက မိုးကို မျှော်ကြရတာပဲ။ မိုးရွာရင် တစ်လောကလုံး အေးသွားမှာ သေချာတယ်။ မိုးရယ် မြန်မြန်ရွာပါတော့လို့တမ်းတကြတယ်။ အဲသလို စိတ်ထဲက တမ်းတရုံတင်မက မိုးကိုခေါ်တဲ့'ပွဲ'တွေကိုတောင် တီထွင် ပြုလုပ်လာခဲ့ကြပါတယ်။


မိုးခေါင်လို့ လွန်ဆွဲကြတယ်ဆိုတာ မြန်မာ့ ကျေးလက်ဓလေ့တစ်ခုပါ။ မိုးတွေ တော်တော် နဲ့မရွာဘူးဆိုရင် လွန်ဆွဲပွဲလုပ်ကြပါတော့တယ်။ ရိုးရာယုံကြည်မှုအရ 'မိုးခေါင်ကျော်စွာ'နတ်ကို ပူဇော်ကြတာလို့ဆိုတယ်။ ကျွန်မတို့ငယ်ငယ် သိတတ်ခါစတုန်းက 'မိုးခေါင်ကျော်စွာရုပ်ရှင်' ကြည့်ဖူးတယ်။ ကောင်းကောင်းမမှတ်မိတော့ဘူး။(ကြားဖူးတဲ့လူရှိရင် ပြောပေးစေချင်တယ်။) ရုပ်ရှင်ကတော့ စိတ်ကူးယဉ်ဒဏ္ဍာရီဖြစ် ပါလိမ့်မယ်။ ရုပ်ရှင်ထဲက ကျော်စွာဆိုတဲ့လူက နတ်ဖြစ်သွားတာ။ မိုးမရွာအောင် လုပ်ထားတာဆိုလား။ ကျော်စွာနတ်ရုပ်ကို လှည်းရထား ပေါ်တင်ပြီး ကြိုးချည်လို့ ဟိုဘက် ဒီဘက်ဆွဲကြတယ်။ နောက်တော့ မိုးတွေ ရွာလာရော ..တဲ့။ ကျွန်မတို့မိဘများခေတ်မှာ လွန်ဆွဲပြီး မိုးခေါ်တဲ့ဓလေ့ ထွန်းကားနေပါပြီ။ လွန်ကြိုး ကို အုန်းဆံကြိုးအကြီးကြီးသုံးတယ်။ နတ်ရုပ် မပါတော့ပေမယ့် ငှက်ပျောသီး၊ အုန်းသီးနဲ့ ကန်တော့ပွဲတင်ကြတယ်။ ယုံယုံကြည်ကြည် ရှိခိုးတောင်းပန်ကြတယ်။ မိုးရွာစေကြောင်း ဆုတောင်းကြတယ်။ ပြီ ဟိုဘက်ဒီဘက် ဆွဲကြ တာပါပဲ။


လွန်ဆွဲပွဲတွေကို ပိုပြီးစိတ်ဝင်စားလာ အောင်လည်း လုပ်လာကြတယ်။ ဟိုဘက်ရွာနဲ့ ဒီဘက်ရွာ ပြိုင်ဆွဲတာမျိုး မိန်းမတစ်ဖက် ယောက်ျားတစ်ဖက်ဆွဲတာမျိုးဖြစ်ပါတယ်။ ရွာအလိုက် ပြိုင်ဆွဲကြတဲ့အခါ ဆွဲသူကတစ်ဖက် ၁ဝ ယောက်ပဲရှိပြီး အားပေးသူက တစ်ရွာလုံး။ သူ့ရွာ ကိုယ့်ရွာ အသာရအောင် အားပေးကြ၊ အော်ဟစ်ကြ၊ အိုးစည်ဗုံမောင်းတီးကြ၊ စကား နာထိုးကြနဲ့ ပျော်စရာကြီးဖြစ်ပါတယ်။ အပြိုင်လွန်ပြီး ရန်ဖြစ်တာလည်း ကြုံတတ်တယ်။ ကိုယ့်ရွာမှာပဲ ယောက်ျားတွေက တစ်ဖက်၊ မိန်းမတွေက တစ်ဖက်ဆွဲရတာလည်း ပျော်စရာကောင်းလှတယ်။ မိန်းမမှန်သမျှ ဝင်ဆွဲ၊ အရေအတွက်မလို၊ ဟိုဘက်ကလည်း ယောက်ျားမှန်သမျှ ဝင်ကူရတာမို့ အားချင်း မမျှပေမယ့် မိန်းမများရင် မိန်းမတွေ နိုင်တတ်တယ်။ နိုင်ပြီဆိုရင်တော့ ယောက်ျားတွေ ပြေး ပေါက် မှားလိမ့်မယ်။ ဝိုင်းအားပေးတဲ့ မိန်းမထု ကပါ ယောက်ျားတွေကို ကလူကျီစယ်ကြ၊ စာ ချိုးကြ၊ အနိုင်ကျင့်ကြနဲ့ မခံနိုင်သူ ပြေးရရော။ အားလုံးပျော်ကြတဲ့ပွဲပါ။


တချို့ရွာတွေမှာ ဒီလိုလွန်ဆွဲပွဲကို သုံးရက် လောက်ဆက်တိုက်ကျင်းပပါတယ်။ အလေးအနက် ယုံယုံကြည်ကြည်နဲ့ ကျော်စွာနတ်ကို ပသကြတာပါ။ မိုး တကယ်ရွာ မရွာကတော့ သဘာဝတရားကြီးမို့ မသေချာသည့်တိုင် ပူ လောင်နေတဲ့ နွေကာလရဲ့ လောင်မြိုက်မှုကို စိတ်ဓာတ်အရ သက်သာစေတာတော့ အမှန်ပါပဲ။ နောက်ပိုင်း မြန်မာ့ရိုးရာအားကစားပွဲ တွေမှာလည်း လွန်ပွဲကို တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ ပြုလုပ်လာကြတာ တွေ့ရပါတယ်။ ဒါကတော့ ကျော်စွာနတ်နဲ့ မဆိုင်တော့ပါဘူး။ အားကစားနည်းတစ်မျိုးအနေနဲ့ပဲ လုပ်တာဖြစ်ပါတယ်။ လူတွေ စုစည်းပြီး အဖွဲ့လိုက်ပါဝင် ရတဲ့ပွဲမို့ အားလုံး စိတ်ဝင်စားပျော်ရွှင်ကြရမြဲ ပါ။ နှောင်းလူတွေကတော့ ဒီလိုလွန်ပွဲ ဘယ်လို စတင်ပေါ်ပေါက်လာသလဲဆိုတာ မစပ်စုကြ တော့ပါဘူး။ မိုးခေါင်ကျော်စွာက စခဲ့ကြောင်း ရုပ်ရှင်ပြန်ရိုက်ပြရင် ကောင်းမှာပဲ။ သဘာဝလွန်အကောင်တွေ၊ အရုပ်တွေ၊ တိုက်ခိုက်မှု တွေကို ရုပ်ရှင်အဖြစ် မြင်နေရတာနဲ့စာရင် ရှေးဟောင်းယဉ်ကျေးမှုတစ်ရပ်အဖြစ် (သဘာဝ ကျတာ၊ မကျတာထား) ရှိသင့်တယ်လို့ တွေးမိ ပါတယ်။


နောက် မိုးခေါ်တဲ့ပွဲတစ်မျိုး ရှိပါသေးတယ်။ အမေတို့ခေတ်မှာပါပဲ။ အဲဒါကတော့ 'အောင်ကျော်'တဲ့။ ဝါခင်းစောင့်အလုပ်သမား လေးတဲ့။ ဘယ်လိုကဘယ်လို နတ်ဖြစ်သလဲ တော့မသိ။ အဲဒီအောင်ကျော်ကို ခေါ်ပြီး မိုး ခေါ်ခိုင်းတာပါ။ အောင်ကျော်ကို 'ဖိုးအောင်ကျော်'လို့ ချစ်စနိုးခေါ်ကြသတဲ့။ မိုးမရွာလို့ မိုးခေါင်ပြီ ဆိုရင် ကျော်စွာနတ်တင်ပြီး လွန်ဆွဲတာမျိုးလုပ်သလို ဖိုးအောင်ကျော်ကို ခေါ်တာလည်း လုပ်ပါတယ်။ ရွာမှာတော့ ဒီပွဲမျိုးကို အမေက ဦးဆောင်လေ့ရှိတာမို့ ကောင်းကောင်းမှတ်မိ နေတာပါ။ ဖိုးအောင်ကျော် 'ကပွဲ' လုပ်မယ်ဆိုရင် ပထမဆုံး ပလိုင်းလို့ခေါ်တဲ့ နှီးပုံးလေးရှာရပါ တယ်။ ပုပုလုံးလုံးလေးမျိုးပါ။ ရေငင်တဲ့ပုံး ဖြစ် ချင်ဖြစ်မယ်။ ငါးရှာဖားရှာတဲ့အခါ လွယ်တဲ့ ပုံး ဖြစ်ချင်ဖြစ်မယ်။ အသစ်ဖြစ်ဖို့တော့ မလိုပါဘူး။


အဲဒီနှီးပုံးလေးရရင် အလယ်မှာ တုတ် လျှိုပြီး အင်္ကျီဝတ်ပေးရတယ်။ ထိပ်မှာ ခေါင်း ပေါင်းလုပ်ပေးရတယ်။ ပြီးတော့ ခါးနေရာမှာ ပုဆိုးဝတ်ပေးရတယ်။ ပုဆိုးနဲ့ တိုက်ပုံအင်္ကျီ (ရှမ်းအင်္ကျီ)နဲ့၊ ခေါင်းပေါင်းနဲ့ လူပုပုလေးပုံ ဖြစ်လာပါတယ်။ အဲဒီလူပုလေးကို ဟိုဘက် ဒီဘက် ကြိုးချည်ပြီးထားရတယ်။ သူ့ကျတော့ လွန်မဆွဲဘူး။ ကြိုးခုန်တန်းကစားသလို နှစ်ဖက်ကနေ 'လှုပ်ရမ်း'ပေးရတာပါ။ အဲသလို ဟိုဘက် ဒီဘက် ကြိုးစမှာ သူကကိုင်ပြီး လှုပ်ရမ်းတဲ့အခါ အလယ်က အရုပ်ကလေးက ခုန်ဆွခုန်ဆွဖြစ် တယ်။ မြန်မြန်လှုပ်ရင် မြန်မြန်ခုန်တယ်။ ဒီလိုလှုပ်ရမ်းတဲ့အခါ ဘေးကလူတွေက ဝိုင်းပြီးလက်ခုပ်တီးပြီး သံပြိုင်သီချင်း ဆိုပေး ရပါတယ်။ 'ဝါခင်းစောင့်တဲ့ ဖိုးအောင်ကျော်၊ မိုးခေါ်ခဲ့..မိုးခေါ်ခဲ့..'တဲ့။ ကျန်တဲ့အပိုဒ်တွေ မမှတ်မိပါ။ ထူးဆန်းတာက အဲသလိုသံပြိုင်ဆိုရင်း ကြိုးကစားရင်း အလယ်က ဖိုးအောင်ကျော် လေးဟာ မနားမနေ ခုန်နေရာက ထိန်းမနိုင် အောင် ယိမ်းခါခုန်ပေါက်လာခြင်းပါပဲ။


ဒါဟာ ကြိုးကိုင်တဲ့လူတွေ စိတ်လှုပ်ရှားမှု များလာရင်း အင်အားသုံးမိလို့ လှုပ်ရှားမှု ပြင်းလာတာလည်း ဖြစ်နိုင်တယ်။ အမေတို့ ယုံကြည်တာကတော့ အဲသလိုထိန်းမရအောင် ခုန်လာတာဟာ 'ဖိုးအောင်ကျော် နတ်ဝင်လာတာ'တဲ့။ အဲလိုဖြစ်လာရင် လူတွေလည်း စိတ်လှုပ်ရှားကြ။ ထိုင်ရှိခိုးတဲ့လူနဲ့၊ လက်အုပ်ချီတဲ့လူနဲ့၊ ဆုတောင်းတဲ့လူနဲ့၊ အပြစ်ရှိရင် ခွင့်လွှတ်ဖို့ တောင်းပန်တဲ့လူနဲ့၊ ရင်ခုန်ကြတဲ့အချိန်ပါပဲ။ တစ်ချိန်တည်းမှာလည်း နှစ်ဖက်ကြိုးကိုင်သူ (အမျိုးသမီးတွေကိုင်တာပါ) အဲဒီအမျိုးသမီး နှစ်ဖက်စလုံးဖြစ်စေ၊ တစ်ဖက်ဖြစ်စေတာ၊ လက်ရမ်းရတာများပြီး ချွေးတွေပြန်၊ သူ့ဘာသာသူလည်း ရပ်လို့မရ၊ အရှိန်အုပ်လို့မရ။ (ဒါက သူ့ကိုယ်ထဲ နတ်စီးပြီလို့ ယူဆကြတယ်) တချို့ဆိုရင် မျက်ရည်တွေကျ။ တဟီးဟီးငိုကြတယ်။ လူကြီးလုပ်တဲ့ အမျိုးသမီးကြီးများက တောင်းပန်ကြတယ်။ ဖိုးအောင်ကျော် ပျော်တာလို့ ယုံကြည်ကြတယ်။ မိုးခေါ်ပွဲ အောင်မြင်ပြီလို့လည်းယူဆကြတယ်။ တချို့အရုပ် အောင် ကျော်တွေက နှီးပုံးပေါ် အဝတ်ချည်ထားတာ တွေကို ကျွတ်ကျတဲ့အထိ လှုပ်ရမ်းကြတာ မြင်ဖူးပါတယ်။


ရမ်းနေတဲ့အလျဉ်၊ အရှိန်ဖြစ်ကောင်းဖြစ်မှာပါ။ ဘေးကဝိုင်းနေတဲ့ ပရိသတ်ကတော့ တကယ့်ကိုပဲ။ ဖိုးအောင်ကျော်နတ် ကြွလာတာလို့ ခံစားကြလေ့ရှိတယ်။ မိုးရွာတော့မယ်လို့လည်း ယုံကြည်သွားကြတယ်။ အတော်ကြီး လှုပ်ခါခုန်ပေါက်(သောင်းကျန်းပျော်မြူး)လေ့ ရှိတယ်။ ပွဲကျင်းပသူ မိန်းမကြီးတွေလည်း ဖတ်ဖတ်မောကြတော့တယ်။ တောင်းပန်ပြီး လက်နဲ့အုပ်ကြရတယ်။ ဒီတော့မှ အရုပ်က ငုတ်တုတ်ထိုင်သွားပြီး ငြိမ်တော့တယ်။ ခုလို နွေရာသီပူပြင်းတဲ့အချိန် မိုးသံလေသံ မကြားရလို့ အောင့်အီးကြိတ်မှိတ်ခံနေရတဲ့ အချိန်မျိုးမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ အဖေနဲ့အမေကို အထူးသတိရပါတယ်။ အဖေတို့၊ အမေတို့သာရှိရင်ဆိုပြီး တွေးမိတယ်။ အဖေက လွန်ပွဲတိုင်း ခေါင်းဆောင်ဆွဲခဲ့တာ ဖင်တရွတ်တိုက်ပါသွားလို့ တင်ပါးမှာ အနာဖြစ်ခဲ့ဖူးတယ်။ အမေက တပြုံးပြုံးနဲ့ ဖိုးအောင် ကျော်အရုပ်လုပ်လေ့ရှိတယ်။ ဝါခင်းစောင့်တဲ့ ဖိုးအောင်ကျော် မိုးခေါ်ခဲ့ မိုးခေါ်ခဲ့လို့ လက်ခုပ်ညီညီတီးရင်း တေးဆိုခဲ့ကြတာကို မြင်ယောင်နေမိပါတယ်။ 

ရွှေကူမေနှင်း

#theyangontimes

Rate this item
(0 votes)
back to top