HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အရက်သမား

အရက်သမား

ရွာဆိုမှတော့ တောအရက်သောက်ရ တာပေါ့။ တချို့က ချက်အရက်လို့ ပြောကြ သေးတယ်။ အရက်ဆိုမှတော့ ''ချက်''ရတာ ချည်းပါပဲ။ ဒါကို ချက်အရက်လို့ ခေါ်ကြသေး တယ်။ မချက်ရတဲ့အရက်ရှိသလား။ တချို့ က ချက်အရက်ကို ''ထွေးညို'' တဲ့။ ထွေးညို ဆိုတော့ တစ်ချိန်ကတော့ နာမည်ကြီး ဓာတ် ပြားပြဇာတ်ပေါ့။ ကွမ်းတောင်ကိုင် တော သူအချောအလှ ထွေးညိုကို တောအရက်နဲ့ တင်စားထားလိုက်ကြတာ။ အရက်သောက် တဲ့ကဗျာဆရာ တောဘက်ရောက်ခိုက် ဝေါ ဟာရအသစ် ထွင်ခဲ့သလားမသိ။ အခုတော့ ထွေးညိုဆို တောအရက်၊ တောအရက်ဆို ထွေးညိုဆိုတာ အားလုံးသိနေကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် ကျေးလက် စကားဝိုင်းပြုလုပ်တဲ့ ဝမ်းတွင်းမြို့နယ်ထဲက မြေတိုင်ကျေးရွာလေးမှာ ထိုင်း၊ မလေးရှားသွား ပြီး အလုပ်လုပ်ကိုင်တဲ့သူ မရှိသလို၊ အရက် သောက်တတ်တဲ့သူလည်း တစ်ယောက်မှ မရှိဘူးဆိုတော့ အံ့အားသင့်နေကြတယ်။ ကျွန်တော့်သူငယ်ချင်း ဒိတ်ဒိတ် (မုံရွာ)ရဲ့ ငါးရေဝင်ရွာလေးမှာလည်း ထန်းပင်တွေ ပတ်လည်ဝိုင်းနေပေမယ့် ထန်းရေသမား၊ အရက်သမားတစ်ယောက်မှမရှိတာကို တွေ့ ခဲ့ရဖူးတယ်။ သူငယ်ချင်းကတော့ သူ့ရွာ လေးကို ဂုဏ်ယူနေတယ်။ အရက်သောက် တတ်တဲ့ ဝင်းတင်ကတော့ ခေတ်နောက်ကျ ကျန်နေရစ်ခဲ့တာပါလို့ ပြောနေလေရဲ့။ သူ့ စကားအတိုင်းဆိုရင်တော့ ကျွန်တော်တို့ရွာ က ခေတ်ရှေ့ဆယ်ဘူတာလောက် ကျော် ရောက်နေတယ်လို့ ပြောရမယ့်ပုံ။ ဘာပြုလို့ လည်းဆိုတော့ အရက်သမားတွေ ပေါလွန် လွန်းလို့။

အရက်ချက်ဖိုကလည်း ဆယ်ဖိုထက် မနည်းရှိမှာပါ။ ဒီထဲမှာ နိုင်ငံခြားအရက်မျိုး စုံနဲ့ အရက်ဖြူရောင်းတဲ့ဆိုင် ငါးဆိုင်မပါ သေးဘူး။ သောက်သုံးသူပေါသလား မပြော နဲ့။ ချက်ဖိုတွေနဲ့ အရက်ဆိုင်သမားတွေ မျက်စိရှေ့မှာတင် စီးပွားဖြစ်လာလိုက်ကြ တာ။ လိုင်စင်ခွင့်ပြုမိန့်ရှိကြသလားလို့ မမေး နဲ့။ အားလုံးနားလည်မှုဆိုပါတော့။ ကျွန် တော့်ရဲ့သူငယ်ချင်း မောင်ညိုဆိုရင် လူကြီး မဖြစ်ခင်တုန်းက ရေကလွဲပြီး ဘာအရည်မှ သောက်တဲ့သူမဟုတ်ဘူး။ ဟော...လူကြီး လည်းဖြစ်လာရော အရက်ကိုသောက်တတ် ရုံမဟုတ်ဘူး။ မသောက်ရမနေနိုင်အောင်အ ထိကို စွဲသွားတာ။ အရက်ဖိုတွေကခေါ်ပြီး ဧည့်ခံကြတာတဲ့လေ။ အားနာလို့ တစ်ခွက် သောက်၊ နှစ်ခွက်သောက်နဲ့ စွဲသွားတာတဲ့။ အရသာသိသွားတယ် ဆိုပါတော့ကွာတဲ့။

ဒီမှာ မောင်မှူးပြဇာတ်ကို သတိရမိတယ်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်ရဲ့ပြဇာတ်လေ။ အစ်မယောက်ျား ယောက်ဖက ''မင်းတို့သောက်တဲ့အရည်ကို ခွေးတောင် မသောက်ဘူး'' လို့ စိတ်နာအောင်ပြောလိုက် တယ်။ ဒီတော့ မောင်မှူးက ဘာပြန်ပြော သလဲဆိုတော့ ''ခွေးကဘယ်သောက်မလဲကွ။ လူလောက်မှ အရသာမသိတာ'' တဲ့လေ။ အရက်မသောက်တဲ့သူတွေက အရသာမခံ စားတတ်သလို။ ပြောရရင် လူကြီးဖြစ်သွား ရင် ဘယ်လောက်ရိုးတဲ့သူဖြစ်ပစေ။ ''အလ ကားရ ရေတောင်အသေသောက်မယ့် သူတွေ'' ထင်ပါရဲ့။ ဟိုဘက်ခေတ်တုန်းက လူကြီးတွေပြောပါတယ်။

ခုတော့ ရွာမှာလူကြီးက တူတော်မောင် စိုးခိုင်တဲ့။ ဒီကောင်က ငယ်ငယ်ကတည်းက သက်သတ်လွတ်စားတဲ့ကောင်။ အရက်ကို သောက်ဖို့မပြောနဲ့ အနံ့တောင်ခံနိုင်ရည်ရှိ တဲ့ကောင်မဟုတ်ဘူး။ အနံ့မခံနိုင်ရင် နှာ ခေါင်းပိတ်မော့ချလိုက်လို့ပြောပြီး တိုက်တဲ့ သူရှိလည်း မသောက်နဲ့လို့ မှာထားရတယ်။ အခု လူကြီးသက်တမ်း တစ်နှစ်ကျော်လာပြီ။ ခုထိ မမူးတတ်သေးဘူးလို့တော့ အစ်မက ပြောပါတယ်။ စောင့်ကြည့်ရဦးမယ်။ လူဆို တာ မကောင်းမှုမှာ မွေ့လျော်တတ်ကြတယ် မဟုတ်လား။ ''ဦးလေးရာ လူချင်းတူပေမယ့် အသက်ရှူကွာပါသဗျ'' လို့ပြောလို့ ကျိတ်ပြီး ဝမ်းသာရသေးတယ်။

ကျွန်တော်သိရသလောက် ရွာမှာအ ရက်ချက်ဆိုင်တွေရှိတာ အဖေတို့လက်ထက် မတိုင်ခင်က။ အဖေမူးလာတဲ့ရုပ်သွင်ကို မြင်ယောင်မိသေးတယ်။ ကျွန်တော်တို့အ ရွယ်ရောက်စမှ အဖေအရက်မသောက်တော့ ဘူး။ ဒါပေမဲ့ အစ်ကိုက အရက်သောက်လာ တယ်။ ''ဘိုးကွန်သားကွ''။ အစ်ကိုမူးလာရင် ပြောလာတတ်တဲ့စကားပါ။ သူကပဲ အဖေ ဆီက သောက်တဲ့အမွေကို ဆက်ခံတဲ့သဘော။ အဖေ့သားပီပီ အရက်သောက်တဲ့သဘော။ အဲဒီမှာ ကျွန်တော်ကဝင်ပြောမိတယ်။ ''မင်း ဘာသာမူးချင်မူး၊ အဖေသိက္ခာကျအောင် ဆွဲမထည့်နဲ့ပေါ့''။ ဒီတော့ ညီအစ်ကိုနှစ် ယောက် စကားများကြရော။ တစ်ခါတလေ ''လက်ဖွတ်'' တောင် လုံးတတ်ပါသေး။ ''လက် ဖွတ်'' လုံးတယ်ဆိုတာ နှစ်ယောက်သားဖက် ပြီး သူ့အပေါ်ရောက်၊ ကိုယ့်အပေါ်ရောက် ကြိုးစားတာကိုပြောတာ။ လက်ဖွတ်လုံးတယ် လို့ခေါ်တယ်။ မိတူဖတူတွေလည်း ဖြစ်ပြန်။ ကျွန်တော်က မမူးတဲ့ကောင်ဆိုတော့ ကျွန် တော်ပဲအမြဲနိုင်တယ်။ မိတူဖတူဆိုတာ အကြီး၊ အငယ်ဖြစ်ပေမယ့် အရွယ်ရောက်ပုံတူညီ တာကိုပြောတာ။

အစ်ကိုလည်း သူ့ရဲ့တစ်ဦးတည်းသော သမီးလေး ချောအိစံအရွယ်ရောက်တော့ အရက်ပြတ်သွားရှာတယ်။ ဒီမှာ ကျွန်တော် ပြောချင်တာက ကျွန်တော့်အဖေ၊ အစ်ကို တွေ နှစ်ရှည်လများ အရက်သောက်လာကြ လည်း ကိုယ်ခန္ဓာမပြောင်းလဲဘူး။ အခုခေတ် များ နှစ်နှစ်၊ သုံးနှစ်လောက် အရက်သောက် လာရင် ဖုံးမရ၊ ဖိမရဖြစ်လာရော။ ဗိုက်က လေးတွေပြောင်တင်းပြီး ဖောင်းလာတယ်။ ပါးလေးတွေ ဖောင်ြး<ွကလာတယ်။ ခြေဖမိုး လေးတွေ ဖောင်ြး<ွကလာတယ်။ ဟော မကြာပါဘူး။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးကုန်ကြရော။ ဒါကြောင့် တချို့က ခုခေတ်ချက်အရက်တွေကို ''မအိုဆေး'' လို့ ခေါ်ကြတယ်။ အိုတဲ့အရွယ်မရောက်ခင် ငယ်ငယ်ရွယ်ရွယ်သေဆုံးကုန်လို့ ''မအိုဆေး'' တဲ့လေ။ အရက်ချက်တဲ့အထဲကို ဓာတ်မြေ သြဇာတွေထည့်၊ သားရေတင်ဖိနပ်အောက် ခံက ရော်ဘာတွေ ထည့်ကြဆိုပဲ။

ဟိုစဉ်ကတော့ ထန်းလျက်ခဲကြီးတွေကို အချဉ်ဖောက်ထား။ အဲဒီချဉ်ရေကိုမှ အရက် ချက်တာလေ။ အခုတော့ ထန်းလျက်ခဲကလည်း ဈေးကြီး၊ တွက်ခြေမကိုက်လို့ တွက်ခြေကိုက် အောင် ဓာတုဆေးတွေ ကူလာကြဟန်တူပါ ရဲ့။ နောက်ဆို ဒီထက်ပိုဆိုးလာလိမ့်ဦးမယ် ထင်တယ်။ ထန်းပင်တွေခုတ်လှဲ၊ ထန်းလျက် လုပ်ငန်းကလည်း လူပင်ပန်းပြီး နေ့တွက်ခ တောင်မကိုက်လို့ မလုပ်ကြတော့ဘူး။ တချို့ ကလည်း ''သေမှန်းသိရက်နဲ့ လျှာအလိုလိုက် သောက်နေကြတာ သေစမ်းပါစေ'' လို့ ပြော နေကြတယ်။ မဟုတ်သေးဘူးလေ။ ကျေး လက်မှာ လုပ်သားရှားပါးနေကြတာ အဲဒီ အချက်လည်း တစ်ချက်ပါဝင်နေတယ်။ ကျွန်တော်တို့ကျေးလက်က လူငယ်တွေရဲ့ အရေးကို ထည့်သွင်းစဉ်းစားကြရမယ်။

သူဌေး၊ အရက်သမား၊ စာရေးဆရာ တစ်ယောက်ကတော့ ''မင်းရွာကလူငယ် တွေကို ငါ့လို အရက်ကောင်းသောက်လို့ ပြောလိုက်ကွာ'' တဲ့လေ။ ခပ်ထွေထွေနဲ့ပြော လာတယ်။ အရက်ကောင်းမသောက်နိုင်လို့ ချက်အရက်သောက်နေကြတာပေါ့လေ။ မှတ်မိသေးတယ်။ အုန်းကောင်းတို့၊ ကိုသူ တို့ဆိုရင် သူတို့သောက်တဲ့အရက်ဆိုင်ကို အရင်းအနှီးအလုံအလောက် ထုတ်ပေးထား ကြတယ်။ သေတဲ့ထိ သောက်သွားကြတာ ပါပဲ။ အခုခေတ်လို ရုပ်ဆင်းအင်္ဂါမပျက်ပေါင်။ အဲဒီမှာ စဉ်းစားမိတာက စီးပွားရေးကွာဟမှု အကြောင်းပါ။ အုန်းကောင်း၊ ကိုသူတို့က လုပ် ငန်းပေါ်ချိန်ဆို လှည်းတစ်စီး၊ နှစ်စီးတိုက် လောက်ကိုတော့ အရက်ဆိုင်မှာချပေးလိုက် ကြတယ်။ အဲဒါကို မိဘတွေလက်ထက်က လည်း မိဘတွေမသိဘူး။ အိမ်ထောင်ကျတော့ လည်း ဇနီးသည်မသိရဘူး။ လုပ်ငန်းတွေက လည်း ရတာကိုးလေ။ လှည်းတစ်စီး၊ နှစ်စီးစာ လျော့သွားတာလောက် ဘယ်သိပါ့မလဲ။

ဆိုပါစို့။ မြေပဲတောဖော် ဖော်တယ်ဆို ပါစို့။ တောဖော်ဆိုတာ မြေပဲကိုနုတ်ပြီး တောမှာပဲ တစ်ခါတည်း ''မြေပဲတောင့်'' ဆွတ်တာကိုပြောတာ။ ဒီနေရာမှာ မြေပဲသီး လို့ မခေါ်ဘူး။ မြေပဲတောင့်လို့ သုံးနှုန်းတယ်။ ဆွတ်ပြီးသား မြေပဲတောင့်ကိုမှ လှည်းပေါ် ရိုင်နဲ့ပတ်ပြီးတင်ကာ အိမ်ကိုသယ်တယ်။ မြေပဲတောင့်ကို လှည်းအစီးရေ လေး၊ ငါး ဆယ်''တိုက်''ရတယ်။ တိုက်တယ်ဆိုတာ သယ်ယူတာကိုပြောတာ။ ဒီတော့ မြေပဲတစ် စီး၊ နှစ်စီးလောက်ကို အရက်ဆိုင်ရှေ့ လှည်း ဦးထောင်ချပေးလိုက်တာပ။ ဘယ်မှာအိမ်က သိလိမ့်မတုန်း။ အဲဒီလိုပဲ ကုလားပဲ၊ ပဲမျိုးစုံ တို့ကိုလည်း ပို့ကြတာပဲ။

အခုတော့ လုပ်ငန်းတွေက မိုးလေဝသ မမှန်တော့ အရင်ခေတ်လောက် မရရှိတော့ ဘူး။ လုပ်သားရှားပါးလာတော့ ထယ်ရေး နပ်နပ်ပတ်ပတ် မလုပ်နိုင်တာလည်းပါမှာ ပေါ့လေ။ အရင်က ထယ်ရေးလေးခါလောက် ထိုးရမယ့်နေရာကို အခုတစ်ကြိမ်ပဲ ထိုးကြ တော့တယ်။ ထွန်ရေး ''လေး၊ ငါးစပ်'' လောက် ထွန်ရမယ့်နေရာကို နှစ်ကြိမ်လောက် ပဲ လိုက်ကြတော့တယ်။ ထွန်ကိုတစ်ကွက်၊ တစ်ခေါက်မောင်းတာကို ''တစ်စပ်'' လို့သုံး တယ်။ နှစ်ခေါက်ဆို နှစ်စပ်ပေါ့။ ထွန်ရေး၊ ထယ်ရေးမကောင်းတော့လည်း သီးနှံအထွက် လျော့တာပေါ့လေ။ အဲဒီမှာ မိုးလေဝသ လေးမှန်လို့ သီးနှံရကြရင်လည်း ဝမ်းမသာ နိုင်သေးဘူး။ သီးနှံဈေးကောင်းဦးမှ။ ဒီနှစ် ပဲတီစိမ်းဈေးကောင်းလို့ နောက်နှစ် ပဲတီစိမ်း တိုးချဲ့လုပ်ပါတယ်။ ဈေးက ဟိုအဝီစိထိ ရောက်သွားတော့ တောင်သူတွေလည်း ဆင်းရဲ တွင်းနက်ကုန်ရော။ လူငယ်တွေ ရွာမပျော်၊ တောမပျော်တာ အဲဒီအချက်ပါပဲ။ ထား။

''လူပျင်းဆိုတာ နာမည်သာအိုတာဗျ။ အင်မတန်တော့ သက်သာစေတဲ့အလုပ်ကွ'' ကပ္ပိယကြီးဦးပြူးရဲ့ လက်သုံးစကားလိုပါပဲ။ ''အရက်ရောင်းတယ်ဆိုတာ နာမည်သာအို တာ၊ စီးပွားရေးတော့ တွက်ခြေကိုက်ဟန်တူ တယ်'' လို့ ပြောရမယ်ထင်တယ်။ အရက် ရောင်းတဲ့သူတွေဟာ စားနိုင်၊ သောက်နိုင် ဖြစ်လာကြတာတော့ အမှန်ပါပဲ။ ရွာနီးချုပ် စပ်က ရွာတွေကို ဖောက်သည်ပေးပြီး ရောင်း ချနေတဲ့ မောင်လင်းဆိုရင် ''တိုက်ခံအိမ်'' နဲ့ဖြစ်နေပြီ။ တိုက်ခံအိမ်ဆိုတာ နှစ်ထပ်အိမ်။ အောက်ထပ်က အုတ်နဲ့ကာရံထားတယ်။ အပေါ်ထပ်က လျှာထိုးပျဉ်နဲ့ထောင်ပြီး ကာရံထားတယ်။ အဲဒီလို အုတ်တစ်ဝက်၊ ပျဉ်တစ်ဝက်ကာရံထားတဲ့အိမ်ကို တိုက်ခံ အိမ်လို့ခေါ်ကြတယ်။ သူ့ဇနီး မယ်ချစ်ဆိုရင် နဂိုက မျက်ခမ်းစပ်။ အခုတော့ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့ အသားအရေတွေလည်း ဝင်းစို လို့ တစ်သွေးတစ်မွေး။

အဆင်ပြေကြတာလည်း မပြောနဲ့။ သူငယ်ချင်းအောင်ဘဆိုရင် သူကအရက် တော့မချက်ဘူး။ မြို့ကအရက်ဆီဝယ်ပြီး ရေစပ်ရောင်းတယ်။ အရက်ဆီတစ်ပုလင်း ရေငါးပုလင်းရောရတယ်ဆိုလားပဲ။ ဒီမှာ ထန်းရေဆိုင်ကို အမိန့်ခံပြီးရောင်းတဲ့ အမိန့် ရထန်းရေဆိုင်က တရုတ်ကြီးအပိန်းပြော တာကို သတိရမိတယ်။ ''ဟိုကလည်း ရေ ရောလာ၊ ဒီရောက်တော့ ငါလည်းရေရော။ ဒါတောင် ဒီကောင်တွေမူးလိုက်ကြတာ။ ပုဆိုးမနိုင်၊ ပဝါမနိုင် ရယ်စရာဟ'' တဲ့။ ဒီ လိုပဲ အောင်ဘကလည်း သောက်သုံးသူတွေ ဘေးပိုကင်းအောင်ဆိုပြီး ရေတစ်ပုလင်း၊ တစ်ပုလင်းခွဲ ပိုရောလိုက်သတဲ့လေ။ သူ လည်း အစပ်အဟပ်မြည်းသောက်ရင်းနဲ့ မျက်နှာကြီး ဖောနေပြီလေ။ ကိုယ်ကလည်း သူ ငယ်ချင်းကို တစ်ပြားတစ်ချပ်မှ မထောက် ပံ့နိုင်တော့ ''မင်းအရက်မရောင်းပါနဲ့ကွာ'' လို့ မဟန့်တားနိုင်ဘူး။

ဒီမှာ ကျွန်တော်က အရက်ကိုရောင်း ချင်လို့ ရောင်းနေကြတာလားလို့ အရက် ရောင်းတဲ့သူတွေကို မေးကြည့်ဖူးတယ်။ ဘာကလာ လူအထင်အမြင်သေးတဲ့အရက် ကို ရောင်းချင်နေပါ့မလားတဲ့။ မလွှဲသာလို့ ရောင်းနေကြရတာတဲ့။ အရက်သောက်ကြ တဲ့သူတွေကိုလည်း ဘာလို့သောက်နေကြ တာလဲလို့ မေးကြည့်ဖူးတယ်။ တချို့က အလုပ်ပင်ပန်းလွန်းလို့ အညောင်းပြေ၊ အ ညာပြေသောက်တာပါတဲ့။ တချို့ကလည်း မကျေနပ်မှုတွေကို အချိန်ပိုင်းလေး သတိ မရလည်း ကောင်းတယ်ဆိုပြီး သောက်နေ တာတဲ့။ တချို့ကတော့ အရက်ရဲ့အရသာ ကို ကြိုက်လို့သောက်နေတာပါတဲ့။ အဲဒီလူ မျိုးက အယောက်နှစ်ဆယ်မှ တစ်ယောက်။

အမှန်က ဆင်းရဲမွဲတေခြင်းလို့ ဆိုရလိမ့် မယ်ထင်တယ်။ စီးပွားရေးကျပ်တည်းတော့ လူအထင်အမြင် အသေးခံပြီးပြီး အရက်ဆီ ရောင်းနေကြတာ။ အရက်ချက်ရောင်းနေ ကြတာ။ သောက်တဲ့သူတွေကလည်း စိတ် ဖြေရာ ရှာဖွေကြတာတဲ့။ စီးပွားရေးအဆင် ပြေကြရင်တော့ ရွာမှာ အရက်ရောင်းသူမရှိ သလောက် ဖြစ်သွားမှာ။ အရက်သမားတွေ လည်း လျော့ကျသွားမှာ သေချာရဲ့။ ။

ကိုလေးမြတ်/DemocracyToday

Rate this item
(1 Vote)
back to top