HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

တန်ပြန် လူသတ်ပွဲနှင့် လေယာဉ်ပေါ်မှ ကြဲစာများ

တန်ပြန် လူသတ်ပွဲနှင့် လေယာဉ်ပေါ်မှ ကြဲစာများ

မောင်ခိုင်ခန့်( အမျိုးသားစာပေဆု )

အောင်သိန်းဝင်း စာရေးနေသည်။ မြန်မာ့အလင်း သတင်းစာ အထူးဆောင်းပါးအတွက် ဖြစ်သည်။ မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ် ချစ်ကြည်ရေး ကြည်ညွန့်၏ တောင်းစာမူဖြစ်သည်။ နိုင်ငံရေးစာမူမဟုတ်၊ စိုက်ပျိုးရေး ပညာပေးဆောင်းပါးများ ဖြစ်သည်။ ယင်းအတွက် အောင်သိန်းဝင်းက မနက်စောစောထ၍ စာရေး နေခြင်း ဖြစ်သည်။ သူကျွမ်းကျင်သည့် ဘာသာရပ်ဖြစ်သဖြင့် ဆောင်းပါးတစ်ပုဒ်ကို တစ်ထိုင်တည်း ရေးသည်။ စာရေး ပြီးသည်နှင့် ရေမိုးချိုးကာ ရွှေဂုံတိုင်ရှိ မြန်မာ့အလင်းသတင်းစာတိုက်သို့ စာမူသွားပို့သည်။

''လာကွ အယ်ဒီတာချုပ် ရှိတယ်။ မင်း ဝင်တွေ့ လိုက်ဦး''
အောင်သိန်းဝင်း သတင်းစာတိုက်သို့ ရောက်သည့် အခါ အယ်ဒီတာဦးထွန်းအောင်က နှုတ်ဆက်သည်။ ယင်း နောက် အယ်ဒီတာချုပ် ဆရာဦးကြည်ညွန့်နှင့် ဝင်တွေ့၍ စာမူပေးသည်။ အောင်သိန်းဝင်း၏စာမူကို အယ်ဒီတာချုပ် က ချက်ချင်းဖတ်၍ ပြန်ပြောသည်။
''အေး မင်းစာမူ တနင်္ဂနွေနေ့တိုင်း သုံးမယ်ကွာ။အထူးဆောင်းပါးအနေနဲ့ပေါ့။ အခုရေးသလို စိုက် ပျိုးရေးဆောင်းပါးတွေပဲ ရေးကွာ။ စာမူခလဲ ငါးဆယ် ကနေ ခုနစ်ဆယ့်ငါးကျပ် တိုးပေးထားတယ်။ ရေး နိုင်ပါ့မလား''
''ဟုတ် ဆရာ ကျွန်တော် ရေးနိုင်ပါတယ်''
အယ်ဒီတာချုပ် စကားကြောင့် အောင်သိန်းဝင်း ပျော်သွားသည်။ အောင်သိန်းဝင်း အယ်ဒီတာချုပ်အခန်းက ပြန်ထွက်လာသည့်အခါ စာမူခထုတ်ရန်သွားသည်။ အောင်သိန်းဝင်းနောက်မှ အယ်ဒီတာ ဦးထွန်းအောင် လိုက်လာသည်။ ဦးထွန်းအောင်က အောင်သိန်းဝင်းကို တီးတိုး တောင်းပန်စကား ဆိုသည်။


''ညီလေး အစ်ကိုတောင်းပန်ပါတယ်ကွာ။ ညီလေးကို ခွင့်မတောင်းဘဲ ညီလေးစာမူခ ထုတ်သုံးမိလို့''
''ဗျာ''
''ဒီလိုကွာ အစ်ကို့သားက စိုက်ပျိုးရေးတက္ကသိုလ် တက်နေတာ။ အဲဒါ ငွေလိုနေတော့ ညီလေးစာမူခ ထုတ်ပြီး ပို့လိုက်မိတယ်။ အခုဟာက ဆန္ဒပြပွဲတွေ လုပ်နေကြတော့ အခက်အခဲရှိလို့ပါ''
အယ်ဒီတာ ဦးထွန်းအောင်၏ တောင်းပန်စကား ကြောင့် အောင်သိန်းဝင်း ဘာဆက်ပြောရမှန်းမသိ။ သို့ သော် အောင်သိန်းဝင်းက အပြုံးမပျက်၊ ဦးထွန်းအောင် တောင်းပန်စကားကို နားထောင်ရင်း ငြိမ်နေသည်။ ခဏ ကြာမှ အောင်သိန်းဝင်း စကားပြန်ပြောသည်။
''ဟာ ရပါတယ်ဆရာ ကိစ္စမရှိပါဘူး။ ခဏခဏတော့ အခက်အခဲမဖြစ်စေနဲ့ပေါ့ ဆရာ''
''ကျေးဇူးတင်ပါတယ်ကွာ။ နောက်တော့ အဆင်ပြေ သွားမှာပါ။ အခုဟာက အရေးအခင်းကာလ ဖြစ် နေလို့ပါ''


အောင်သိန်းဝင်းက အယ်ဒီတာ ဦးထွန်းအောင်အား အပြုံးမပျက် နှုတ်ဆက်၍ မြန်မာ့အလင်းသတင်းစာတိုက် မှ မြို့ထဲသို့ ခရီးဆက်သည်။ ရန်ကုန်မြို့ထဲတွင် ဆန္ဒပြသူ ကျဲသွားသည်။ အောင်သိန်းဝင်း ရုံးရောက်တော့ ရုံးတက် သည့်ဝန်ထမ်း တစ်ဝက်မျှပင်မရှိ။ အောင်သိန်းဝင်းနှင့်ရှေ့ဆင့်နောက်ဆင့် ဆိုသလို လက်နှိပ်စက်စာရေးလေး ဝင်းအောင် ရောက်လာသည်။ ဝင်းအောင်နှင့်အတူ သတင်း စကား ပါလာသည်။


''အစ်ကိုကြီးရေ..ဒီနေ့ လမ်းလျှောက်ဆန္ဒပြပွဲတွေ သိပ်မရှိဘူးဗျ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေး ပေါ်ဌာန ရှေ့မှာတော့ လူငါးရာတစ်ထောင်လောက် တော့ ရှိမယ်။ ဆန္ဒပြရင်း ဟောပြောပွဲလုပ်နေတာ တွေ့ခဲ့တယ်ဗျ''
''ဟေ ဟုတ်လား၊ နောက် ဘာသတင်းကြားသေး လဲဟ''
''မြောက်ဥက္ကလာဘက်မှာ ပွဲတော်တော်ကြမ်းတယ် တဲ့ အစ်ကိုကြီးရေ။ မေဓာဝီလမ်းမှာ ဆန္ဒပြတဲ့လူ တစ်သောင်းလောက်က လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့ကို ဝိုင်းထားလို့ နောက်ထပ် လုံခြုံရေးတပ်ရင်းတစ်ရင်း တပ်ကူဖြည့်ထားရတယ်ဗျ''
''တကယ်လား''
''တကယ်ပေါ့ အစ်ကိုကြီးရာ။ လုံခြုံရေးတပ်ဖွဲ့တွေ က လူစုခွဲဖို့ပြောတာ လူစုမခွဲလို့ တပ်မတော်လေ တပ်က လေယာဉ်သုံးစင်းနဲ့ဝဲပြီး စာတွေကြဲတယ်တဲ့။ အထဲမှာ လူစုခွဲဖို့ မေတ္တာရပ်ခံတာ။ လူစုမခွဲရင် တာဝန်အရ ပစ်ခတ်လူစုခွဲမယ်လို့ သတိပေးထား တယ်ဆိုပဲ''
''ဒါနဲ့ လူစုခွဲသွားကြလား''
''လူစုမခွဲတဲ့အပြင် ပိုတောင်များလာတယ်တဲ့ဗျ''
အောင်သိန်းဝင်းကလည်း ဝင်းအောင်ကို သူကြား သည့် သတင်းများကို ပြန်၍ပြောပြသည်။ ဗြိတိသျှသံရုံးက စစ်သံမှူးတစ်ဦးက စစ်ကြောင်းမှူးကို ဓာတ်ပုံရိုက်သဖြင့် ကားပေါ်ခေါ်တင်ခံရသည့် သတင်းအပါအဝင် မြောက် ဥက္ကလာ ပြည်သူ့ကောင်စီရုံး၊ ရဲစခန်း၊ မရမ်းကုန်းက ရပ် ကွက်ကောင်စီရုံး၊ ပုဇွန်တောင်ပြည်သူ့ကောင်စီရုံး၊ တာမွေ ပါတီယူနစ်ရုံးများ မီးရှို့ဖျက်ဆီးခံရသည့် သတင်းများကို ပြောပြသည်။


''ဗျာ..အစ်ကိုကြီးသတင်းတွေက စုံလို့ပါလား၊ ဘယ်ကသတင်းတွေရလာလဲ အစ်ကိုကြီး''
''ထူးထူးဆန်းဆန်းမဟုတ်ပါဘူးကွာ။ သတင်းစာထဲမှာပါတဲ့ သတင်းတွေပါ။ မင်္ဂလာတောင်ညွန့်မှာ ဆန် စက်တွေ အဖောက်ခံရတယ်လို့လဲပါတယ်''
''ဒါနဲ့ အစ်ကိုကြီး ရဲဘော်သုံးကျိပ်ဝင် ဗိုလ်တာရာ အဖမ်းခံရတဲ့သတင်းကရော တကယ်လားဗျ''
''ကောလာဟလပါကွာ။ ဗိုလ်တာရာရဲ့ မျိုးချစ်တော် လှန်ရေးအဖွဲ့က အဖမ်းမခံရတဲ့အကြောင်း ရှင်းပြီးပါပြီ''

 

အောင်သိန်းဝင်းနှင့် ဝင်းအောင် စကားပြောနေစဉ် ကိုအုန်းမြင့် ရောက်လာသည်။ ကိုအုန်းမြင့်၏ သတင်းစကားအရ ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် နေ့လယ်ပိုင်း ဆန္ဒပြပွဲများဖြစ်နေကြောင်းသိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်လူစုခွဲနေသည်ဟုဆိုသည်။ ကိုအုန်းမြင့် သတင်းအရ ထူးခြားသည့်သတင်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနသို့ ရောက်လာသည့် လုံခြုံရေး တပ်ဖွဲ့ယာဉ်နှစ်စီးနှင့် လူနာယာဉ်တစ်စီးပေါ်တွင် ဆရာဝန် တစ်ဦး၊ ရဲအရာရှိ တစ်ဦးနှင့် လူနာခြောက်ဦးတို့ ရောက်ရှိလာစဉ် ဆန္ဒပြသူများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းသတင်းစကားကြောင့် အောင်သိန်းဝင်းက ချက်ချင်းပင် ရုံးမှ ရန်ကုန်ဆေး ရုံကြီး အရေးပေါ်ဌာနသို့ သွားသည်။
အရေးပေါ်ဌာနရှေ့တွင် လူစုလူဝေးမရှိ၊ ဆန္ဒပြသူများ မရှိ၊ ဟိုတစ်စု သည်တစ်စု လူစုများကိုသာ တွေ့ရသည်။ အောင်သိန်းဝင်း သူနာပြုဆရာမတစ်ဦးထံ ချဉ်းကပ်၍ သတင်းစုံစမ်းသည်။ ယင်းသူနာပြုက သူမသိဟုဆိုသည်။ နောက် သူနာပြု တစ်ဦးအားထပ်မံမေးမြန်းသည်။ သူက သူသိသမျှပြောပြသည်။


''ကျွန်မ သိသလောက်တော့ အစ်ကိုရယ် ဆန္ဒပြသမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြဿနာတက်ပြီး ပစ်ခတ်မှုဖြစ်တာပါပဲ''
''လူအသေအပျောက် ရှိသေးလား ဆရာမ''
''လူသေတယ်လို့တော့ ကျွန်မ မကြားမိဘူးရှင့်၊ သူနာပြုဆရာမသုံးဦးနဲ့ အမျိုးသားတစ်ဦးတော့ ဒဏ်ရာရတာ ကျွန်မသိတယ်''
''နာမည်တွေ သိလား''
''အင်း..နာမည်တွေတော့မသိဘူးရှင့်။ ကျွန်မ အဲဒီလောက်ပဲသိတာ''


သူနာပြုဆရာမထံမှ သတင်းကွင်းဆက် ပြတ်သွားသည်။ အောင်သိန်းဝင်းလည်း အရေးပေါ်ဌာနမှ ပြန်ထွက်လာပြီး ဗိုလ်ချုပ် လမ်းအတိုင်း လမ်းလျှောက်ကာ စံပြရုပ်ရှင်ရုံဘက်သို့ သွားသည်။ ရုပ်ရှင်ရုံအောက်ရောက်သည့်အခါ ကြည့်မြင်တိုင်ရဲစခန်းမှ ရဲတပ် ကြပ်ကြီး အေးသောင်းဆိုသူအား ဖမ်းဆီးသတ်ဖြတ်ခြင်း ခံရသည့်သတင်း ထပ်မံကြားသိရပြန်သည်။ စံပြရုပ်ရှင်ရုံမှ မြေနီကုန်းသို့ ဘတ်စ်ကားများ အသွားအလာကျဲနေသည်။ ယင်းအတွက် အောင်သိန်းဝင်း ဘတ်စ်ကားများ စိတ်ရှည်ရှည်မစောင့်နိုင် လမ်းလျှောက် ပြန်ခဲ့သည်။
မြေနီကုန်းပန်းခြံအနီးမှ ဘီအီးအရက်ဆိုင်များက မပိတ်၊ ပုံမှန်စည်ကားစွာ ရောင်းချနေဆဲဖြစ်သည်။ ကျွန်တော် တော်လှန်ရေး ပန်းခြံဘက်သို့ လမ်းဆက်လျှောက်လာစဉ် လူလေးငါးယောက်ခန့်စု၍ လမ်းပေါ်တွင် စကားပြောနေသည်။


''ရန်ကုန်မှာ ဆန္ဒပြတဲ့သူတွေကို စစ်တပ်ကသေနတ်နဲ့ပစ်ပြီး လူစုခွဲတာ ဆယ့်ငါးနေရာ ရှိတယ်တဲ့ကွ။ သေတဲ့လူ သုံးဆယ့်သုံးဦး တဲ့ကွာ၊ ခြောက်ဆယ်လောက်ဒဏ်ရာရတယ်၊ တစ်ရာကျော် အဖမ်းခံရတယ်တဲ့''
''အေး အဲဒါကြောင့်နေမှာဟ။ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာနဲ့ သာကေတမြို့နယ်က ရဲစခန်းတွေ မီးရှို့ခံရတယ်တဲ့''
''ဟုတ်ရဲ့လားကွာ''
''သေချာပါတယ်ကွာ တောင်ဥက္ကလာရဲစခန်းက ရဲတပ်ကြပ်ကြီးညွန့်မောင်နဲ့ ရဲတပ်ကြပ်တင်ငွေတို့ ခေါင်းဖြတ်အသတ်ခံရ တယ်တဲ့''


အောင်သိန်းဝင်း ခဏရပ်၍ နားထောင်ခဲ့ရသည့် သတင်းစကားများက အမှန်တကယ်ဆို ကြောက်မက်ဖွယ် ကောင်းလှသည်။ ဆန္ဒပြသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လူစုခွဲရာမှ ဆန္ဒပြသမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ခေါင်းဖြတ်သတ် ဖြတ်သည့်အဆင့်သို့ ရောက်ရှိလာသည်။ သြဂုတ် ၈ရက်၊ ၉ရက်၊ ၁ဝရက် သုံးရက်ကြာ ဆန္ဒပြပွဲများအတွင်း တန်ပြန်လူသတ်ပွဲများနှင့် တပ်မတော်လေယာဉ်ပေါ်မှ သတိပေးစာများကြောင့် အောင်သိန်းဝင်းမှာ အိမ်ပြန်မရောက်မီ လမ်းမပေါ်တွင် ''ဝူး''ကနဲ လေကိုမှုတ်ခါ သက်ပြင်းချမိသည်။

#theyangontimes


Rate this item
(0 votes)
back to top