HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

သင်ယူခြင်း

သင်ယူခြင်း

ကို ကို လင်း ( အေ မ့ အိ မ် )

_________________________

(၁)

ဝေါဟာရတွေထဲမှာ တချို့ကျစ်လျစ် တဲ့ဝေါဟာရတွေဟာ သေချာတွေးကြည့်ရင် ဘဝတစ်သက်တာလုံး အထောက်အပံ့ဖြစ်စေ တာတွေ့ရမှာပါ။ တွေးလေနက်လေပါပဲ။ အခုတစ်လော ကျွန်တော့်အတွေးထဲ လွှမ်းမိုးနိုင်ဆုံးဝေါဟာရကတော့ ''သင်ယူခြင်း''ဆိုတဲ့ စကားလုံးပဲဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ရင်းနှီးပြီးသားဖြစ်ပေမယ့် သူ့အကြောင်းကို အပေါ်ယံမျှလောက်သာသိခဲ့မိတာ ဝန်ခံလိုပါတယ်။ အခု ဒီစာကိုရေးတာကတော့ သင်ယူခြင်းအကြောင်း ကျွန်တော်တွေးမိတာလေး တွေကို ချရေးလိုက်ရုံပါ။ သိပြီးသားတွေကို ထပ်ပြောမိရင် တောင်းပန်ပါရစေ။ ပြီးတော့ ဒီစာကလည်း ကိုယ့်ကိုယ်ကိုယ်သတိပေးဖို့ နဲ့ သင်ယူခြင်းအကြောင်း စိတ်ဝင်စားသူတွေ အတွက်ပဲရည်ရွယ်ပါတယ်။ ဆက်ကြဦးစို့။

သင်ယူခြင်းဆိုတာ ဘာလဲဆိုတာက စကြည့်ပါမယ်။ မေးလိုက်မှ ဘာဖြေရမှန်းမသိ တဲ့အဖြစ်ပါ။ သင်ယူခြင်းဆိုတာ တစ်စုံတစ် ယောက်ဆီကဖြစ်စေ၊ တစ်စုံတစ်ရာဆီက ဖြစ်စေ ကိုယ်သိချင်တာသိအောင်လုပ်တာ၊ ကိုယ်တတ်ချင်တာတတ်အောင်လုပ်တာလို့ ပဲ ဆိုရနိုင်ပါတယ်။ တစ်စုံတစ်ယောက်ဆိုတဲ့အထဲ မိဘ၊ ဆရာ၊ သူငယ်ချင်း၊ မင်းသား၊ မင်းသမီးစတဲ့ လူပုဂ္ဂိုလ်တွေပါပါတယ်။ တစ်စုံ တစ်ရာဆိုတဲ့အထဲမှာတော့ တိရစ္ဆာန်တွေလည်း ပါနိုင်တယ်။ ပတ်ဝန်းကျင်လောကကြီးလည်း ပါနိုင်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ဆို တော့ သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကဆိုတဲ့ လောကသုံးပါးဆီက သင်ယူတာကိုဆိုလိုပါတယ်။ ဘယ်အချိန်မှာသင်ယူခြင်းအထမြောက်သလဲဆိုတဲ့မေး ခွန်းက ပေါ်လာပြန်တယ်။ ရုပ်ဝါဒီ (Behaviorism) တွေရဲ့အလိုအရတော့ အပြုအမူ ပြောင်းလဲမှသာ သင်ယူခြင်းဖြစ်ပါသတတ်။ ထင်သာမြင်သာရှိတဲ့ အပြုအမူပြောင်းလဲမှု (Observable Behavioral Changes) တွေ ကို အဓိက ထားလေ့လာကြတာ ရုပ်ဝါဒီတွေ ရဲ့သဘာဝပါပဲ။ လူ့စိတ်ရဲ့အတွင်းပိုင်း၊ ခံယူချက်တို့၊ ယုံကြည်ချက်တို့ ပြောင်းလဲမှုတွေ ကိုတော့ တိုင်းတာရခက်ပါလိမ့်မယ်။ လူဆိုတာက မာယာတွေများလေတော့ အပေါ်ယံ အပြုအမူတွေကို အမှန်တကယ်လို့ယူဆလိုက် ပြန်ရင်လည်း မှားနိုင်ပါသေးတယ်။ ထားပါ။ ခြုံပြီးပြောရရင် သင်ယူခြင်းဆိုတာ သင်ယူသူ ရဲ့ရုပ်နဲ့ နာမ် နှစ်ခုစလုံးမှာ ပြောင်းလဲခြင်းဖြစ် စေရပါလိမ့်မယ်။

တကယ်တော့ သင်ယူခြင်းဟာ ကျွန်တော် တို့နဲ့ရင်းနှီးပြီးသားပါ။ လက်တွေ့လည်း သင်ယူနေရတာတွေရှိခဲ့၊ ရှိဆဲ၊ ရှိလတ္တံမဟုတ်လား။ သင်ယူခြင်းကို (Learning)သင်ယူသူကို (Learner)  တစ်သက်တာသင်ယူသူကို တော့ Life-long Learner ဆိုပြီး ကျက်မှတ် လေ့လာခဲ့ရပါတယ်။ ''အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာစေရန်''ဆိုတဲ့စာသားတွေကိုလည်း နံနက်ကျောင်းတက်တိုင်း စာသင်ခန်းထဲမှာ ကျွန်တော်တို့အော်ဆိုခဲ့ရတာပဲမဟုတ်လား။ တကယ်ကော အစဉ်လေ့လာသင်ယူသူတွေ၊ အစဉ်လေ့လာသင်ယူနေတဲ့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်လာပါရဲ့လားဆိုတာက စဉ်းစားစရာပါ။


အမှန်အတိုင်းဝန်ခံရရင် သင်ယူခြင်း သဘောကို ကျွန်တော်တို့ ကောင်းကောင်း သဘောမပေါက်ခဲ့ပါဘူး။ စာသင်ခန်းထဲမှာ၊ ကျောင်းမှာပဲသင်ယူရတာလို့ ထင်မြင်မိခဲ့ တယ်။ ဆရာတွေဆီကပဲ သင်ယူရတယ်ထင် မိခဲ့တယ်။ ကျောင်းစာအုပ်တွေဆီကပဲ သင် ယူရတယ် ထင်မိခဲ့တယ်။ စာသင်ခန်းပြင်ပ ရောက်ရင် သင်ယူစရာမလိုတော့ဘူးလို့ ကျွန် တော်တို့စွဲမြင်မိခဲ့တယ်။ ကုန်ကုန်ပြောရရင် ဆယ်တန်းအောင်သွားရင်၊ ဘွဲ့ရသွားရင်၊ ထမင်းစားဖို့ အလုပ်တစ်ခုရသွားရင်ကိုပဲ ဘဝကသင်ယူစရာမလိုတော့သလို အထင် ရောက်ခဲ့တယ်။ ဆယ်တန်းအောင်ပြီးရင် ဘာဆက်လုပ်ရမှန်းမသိဘဲ အချိန်တွေကို လေလွင့်စေနေတဲ့လူငယ်တွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တွေ့ရနိုင်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲ ကြည့်ပြီး ဆေးလိပ်လေးရှိုက်နေတဲ့လူငယ် တွေကို မြန်မာ့လူ့ဘောင်မှာ မမြင်ချင်မှအဆုံးပါပဲ။ ဘွဲ့ရပြီးသူတချို့လည်း ထိုနည်းလည်း ကောင်းပါပဲ။ အလုပ်ရပြီးသူတချို့လည်း ထို နည်းလည်းကောင်းပါပဲ။ သင်ယူစရာမရှိတော့သလို၊ မလိုအပ်တော့သလိုပါပဲ။ ပညာအရာမှာရောင့်ရဲခြင်းက တိုင်းပြည်ကို ချောက်ထဲဆွဲ ချစေနိုင်ပါတယ်။ တကယ်တော့ လောကကြီးမှာ သင်ယူစရာတွေက မကုန်ခန်းနိုင်အောင်ပါပဲ။


(၂)
လောကကြီးဟာ သင်ယူစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲဒီလောကကြီးထဲက သင်ယူတတ်ဖို့တော့ လိုပါလိမ့်မယ်။ သိတဲ့သူကဖော်စားနေကြပြီး မသိတဲ့သူကတော့ ကျော်သွားနေကြပါတယ်။ စာရေးဆရာတွေက လောကအမူအရာ၊ လူ့သဘာဝတွေကို လေ့လာသင်ယူပြီး စာပေဖန်တီးတတ်ကြတယ်။ ပညာရှင်အသီးသီးက မိမိတို့နဲ့ဆိုင်တဲ့ အသိပညာတွေကို ရှာဖွေဖော်ထုတ်ပြီး သုတေသနတွေ လုပ်ကြတယ်။ ဒါဟာ သင်ယူတတ် ခြင်းပါပဲ။ စာအုပ်တွေဆီကလည်း သင်ယူရ ပါတယ်။ လူတွေဆီကလည်း သင်ယူရပါတယ်။ တိရစ္ဆာန်တွေဆီကလည်း သင်ယူရ ပါတယ်။ အပင်တွေဆီကလည်း သင်ယူရပါ တယ်။ ရုပ်မြင်သံကြား တွေကလည်း သင်ယူ လို့ရပါတယ်။ သင်ယူရာအရင်းအမြစ်တွေ က ပေါများလှပါတယ်။ ကိုယ်ဘာကို ဘယ် လိုသင်ယူရမလဲဆိုတာက အင်မတန်အရေး ပါလာပါတယ်။


လောကကြီးမှာ သင်ယူစရာတွေက အင်မတန်ကိုပဲ ပေါများလှပါတယ်။ လူ့ဘဝ အချိန်တိုတိုလေးအတွင်းမှာ အဲဒီလို အများကြီးသင်ယူသွားနိုင်ဖို့ ခက်ပါတယ်။ အချိန်က ကန့်သတ်ထားသလို ကျွန်တော်တို့ဦးနှောက်ကလည်း အကန့်အသတ်ရှိတယ်မဟုတ်လား။ ဆိုတော့ အကုန်လုံးကို ကျွန်တော်တို့ မသင်ယူနိုင်ပါဘူး။ ဒါဆို ဘာကိုလေ့လာမလဲ။ ကိုယ်နဲ့ဆိုင်တာ ကိုယ်ဝါသနာပါတာကိုပဲ အဓိကထား လေ့လာရပါတယ်။ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)က မြန်မာစာ မြန်မာစကားအကြောင်း နှံ့စပ်အောင်လေ့လာတယ်။ သူ့ဘဝသူ့အချိန်တွေအများစုက မြန်မာစာ မြန်မာစကားအတွက် မြှုပ်နှံခဲ့တယ်။ အိုင်းစတိုင်းကလည်း ရူပဗေဒမှာ သူ့ဘဝကို မြှုပ်နှံခဲ့တယ်။ အင်ဂျင်နီယာဝါသနာပါသူက အင်ဂျင်နီယာပညာအကြောင်း လေ့လာသင်ယူ၊ ဆရာဝန်လုပ်ချင်သူက ဆေးပညာနဲ့ ရောဂါတွေ၊ လူနာတွေအကြောင်း လေ့လာသင် ယူရမယ်ဆိုတာ ရှင်းပါတယ်။ ပညာရေးကို ဦးဆောင်ချင်သူကတော့ ပညာရေးအကြောင်း တော့ သိအောင်လေ့လာသင်ယူရမှာပေါ့။ ဒီသဘောလေးက ရှင်းရှင်းလေးပါ။ ဒါပေမဲ့ ဒီလောက်ရှင်းတာကို ကျွန်တော်တို့က သ ဘောမပေါက်နေတာက ခက်ပါတယ်။


(၃)
သင်ယူတိုင်းကော တတ်ရဲ့လားဆိုတာက မေးဖို့ဖြစ်လာပါတယ်။ သင်ယူခြင်းမှာ ဘာအရေးကြီးဆုံးလဲလို့မေးလာရင် ''သင်ယူလိုစိတ်'' ရှိဖို့က အရေးအကြီးဆုံးပါပဲ။ သင်ယူလိုစိတ်ရှိမှ သင်ယူဖြစ်တာပါ။ သင်ယူလိုစိတ်ပြင်းပြမှုကသာ ကြုံလာရမယ့် အဆီးအတားတွေကို ကြံ့ကြံ့ခံနိုင်တာပါ။ သင်ယူ သူမှာ သင်ယူလိုစိတ်မရှိဘဲ ဘယ်လောက်ပဲ သင်ပေးသင်ပေး မတတ်ပါဘူး။ ကျွဲပါးစောင်း တီးသလို၊ နွားပေါင်မုန့်ကျွေးသလိုပဲ ဖြစ်ပါလိမ့်မယ်။ အချိန်ကုန် လူပန်းရုံပဲ အဖတ်တင် ပါလိမ့်မယ်။ သင်ယူလိုစိတ် ပြင်းပြလာမှသာ သင်ယူလို့တတ်မြောက်နိုင်ပါတယ်။


သင်ယူတိုင်းကော တတ်ရဲ့လားဆိုတဲ့ မေးခွန်းရဲ့နောက်ဆက်တွဲအဖြစ် သင်ယူခြင်း ဖြစ်စဉ်မှာ သင်ယူသူတွေသတိထား လိုက် နာစရာတွေလည်းရှိပါတယ်။ သင်ယူမှုနှလုံး သားကိစ္စပဲဖြစ်ပါတယ်။ ပညာရှာပမာသူ ဖုန်းစားလို့ ရှေးလူကြီးသူမတွေ ဆိုဆုံးမခဲ့ပါတယ်။ မှန်ပါတယ်။ သင်ယူခြင်းမှာ မိမိကိုယ်ကို မနှိမ့်နိုင်သရွေ့ ဘယ်ပညာမှ မတတ်မြောက်နိုင်ပါဘူး။ မာန်မာနကို ချိုးနှိမ် ရပါလိမ့်မယ်။ မာန်မာနခံနေရင် သင်ယူဖို့ခက်ပါတယ်။ ကိုယ့်ထက်ငယ်သူဆီက သင်ယူဖို့ခက်ပါတယ်။ ကိုယ့်ကိုသွန်သင်ဆုံးမလာတဲ့အခါ နာယူတတ်ဖို့ခက်ပါတယ်။ အရှက် အကြောက်ဟာလည်း ပညာသင်ယူရာမှာ မထားရှိသင့်တဲအရာပါပဲ။ အရှက် အကြောက်ကြီးသူအဖို့ သူတစ်ပါးကို မေးရ မြန်းရမှာ ခက်နေပါလိမ့်မယ်။ အမေး အ မြန်း၊ အစူးအစမ်းမရှိဘဲ ပညာမရနိုင်ဘူးဆိုတာ သတိပြုသင့်ပါတယ်။


ဒီနေရာမှာ သင်ယူမှုနှလုံးသားနဲ့ပတ် သက်ပြီး ကျွန်တော်တို့သင်ယူသူအနေနဲ့ အရှင်အာနန္ဒာမထေရ်နဲ့ အရှင်သာရိပုတ္တ ရာမထေရ်မြတ်တို့ကို စံထားအတုယူတတ် ဖို့လိုပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ နံနက်အရုဏ်ကျင်းတိုင်း သဲတစ်ဆုပ်ကိုယူ ပြီး အဲဒီသဲပမာဏနဲ့ညီမျှတဲ့ဆိုဆုံးမမှုကို ရ ချင်ပါသတတ်။ သူတစ်ပါးရဲ့သွန်သင်ညွှန် ပြမှုကို တန်ဖိုးထားတတ်ပြီး မိမိကိုယ့်ကို နှိမ့်ချတတ်တဲ့ သူတော်ကောင်းတို့ရဲ့လက္ခဏာ ပါပေ။ အရှင်သာရိပုတ္တရာကိုယ်တော်ကြီး ကလည်း ယနေ့မှ သင်္ကန်းဝတ်တဲ့ ခုနစ်နှစ် သားကိုရင်လေးက ဆွမ်းခံကြွခါနီးမှာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးရဲ့ သင်္ကန်းစလေး မညီမညာဖြစ်နေတာကို ထောက်ပြ ပေးတော့လက်အုပ်ချီပြီး နာယူပါသတတ်။ သင်္ကန်းကို ပြန်ပြင်ဝတ်ပါသတတ်။ ရဟန်းသံဃာအပေါင်းကို ဘယ်လိုနေဘယ်လိုထိုင် ဘယ်လိုပြုမူရမယ်ဆိုတာ သင်ကြားပေးနေ တဲ့ပညာအရာမှာ ဧတဒဂ်၊ ဘုရားရှင်ရဲ့ လယ်ယာရံအဂ္ဂသာဝကကြီးက မိမိကိုယ်ကိုနှိမ့် ချလိုက်ပုံက သင်ယူသူတို့လိုက်နာစရာပဲဖြစ် ပါတယ်။ သြော်..သင်ယူမှုနှလုံးသား အထား အသိုလှပလိုက်ပုံများ။


(၄)
သင်ယူခြင်းကိစ္စမှာ ဘာကိုသင်ယူရမယ်။ ဘာကို မသင်ယူရဘူးဆိုတာ ခွဲခြားတတ်ဖို့ ကလည်း အင်မတန်အရေးကြီးပါတယ်။ မ ကောင်းတာကိုမသင်ယူဖို့ ကောင်းတာကို သာ သင်ယူဖို့လိုပါတယ်။ လောကသဘာဝအရ လူ့သဘာဝအရ ကျွန်တော်တို့ဟာ ကောင်းတာကိုသင်ယူတတ်မြောက်ဖို့ ခက်ခဲနေတတ်ပြီး မကောင်းတာကိုတော့ မသင် ပေးရဘဲ တတ်မြောက်နေကြပါတယ်။ ကိုရီးယားဇာတ်ကားတွေစိုးမိုးခဲ့စဉ်က ကိုရီးယား မင်းသား၊ မင်းသမီးတွေရဲ့အဝတ်အစား လောက်ကိုသာ ငေးမောအားကျခဲ့ပြီး သူတို့ ဘယ်လိုကြိုးစားရုန်းကန်သလဲဆိုတာကိုတော့ ကျွန်တော်တို့ မသင်ယူမိကြပါဘူး။ သင်ယူမိသူကလည်း အင်မတန်နည်းပါလိမ့်မယ်။


လူငယ်တွေရဲ့သင်ယူခြင်းနှလုံးသား တွေလှပလာဖို့ ကျွန်တော်တို့ လူကြီးမိဘ ဆရာတွေက စံပြဖြစ်နေဖို့ လိုပါလိမ့်မယ်။ ဒါမှ သင်ယူမှုပတ်ဝန်းကျင်ကောင်းဖြစ်မှာ ပါ။ သင်ယူမှုပတ်ဝန်းကျင်ဟာ သင်ယူသူ တွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဖတ်စရာ၊ မှတ်စရာ စာအုပ်စာပေမရှိရင် သင် ယူချင်ပေမယ့် အခက်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မိဘတွေ၊ ဆရာတွေ ကကော အမြဲလေ့လာသင်ယူနေသူတွေ ဖြစ်ပါရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။ စာအုပ်စာပေအတွက် လစဉ်ငွေသုံးနေတဲ့မိသားစု ဘယ်လောက် ရှိနေမလဲ။ အသက်ဝင်ပီပြင်နေတဲ့ ကျောင်းစာကြည့်တိုက်၊ ရပ်ရွာစာကြည့်တိုက်တွေ ဘယ်လောက်ရှိနေသလဲဆိုတာတွေက တိုင်း ပြည်မှာသင်ယူသူဘယ်လောက်များနေသလဲရဲ့ အဖြေပါပဲ။ ကျေးရွာတိုင်းမှာ စာကြည့် တိုက်မရှိပေမယ့် လောင်းကစားဝိုင်းနဲ့ အရက် သေစာဆိုင်တွေကရှိနေပါတယ်။ ဒီအခြေ အနေကို ကျွန်တော်တို့ပြင်ရပါလိမ့်မယ်။ ဒါမှကျွန်တော်တို့ရဲ့အသိဥာဏ်ရေချိန်တွေ မြင့်လာမှာပါ။ ခံစားမှုနှလုံးသားတွေ လှပလာမှာပါ။


(၅)
ဘယ်အချိန်ထိ ကျွန်တော်တို့သင်ယူနေရမလဲ။ သေတဲ့အထိပါပဲ။ သင်ယူခြင်းမရှိတဲ့ နေ့ဟာ သေဆုံးသွားတဲ့နေ့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ပြည့်ဝနေပြီလို့ယူဆပြီး သင်ယူခြင်းကို ရပ်တန့်လိုက်တဲ့နေ့ဟာ ကျရှုံးတဲ့နေ့ပါပဲ။ ဒါကြောင့် လူဟာ ကိုယ့်ကိုယ်ကိုယ် အမြဲ ဖြည့်ဆည်းနေဖို့လိုပါတယ်။ အဲဒီလို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲအကဲဖြတ် နေဖို့လိုပါတယ်။ ကိုယ့်အမှားထဲက သင်ယူတတ်ဖို့လိုသလို သူတစ်ပါးရဲ့အမှားထဲက လည်း သင်ယူတတ်ဖို့လိုပါလိမ့်မယ်။ ဘဝဆို တဲ့တက္ကသိုလ်ကြီးမှာ လှပတဲ့သင်ယူမှုနှလုံးသားတွေနဲ့ ထာဝရကျောင်းသားကြီးအဖြစ် ကိုယ့်ကိုယ်ကိုယ်ခံယူသွားနိုင်သူကသာ တကယ့်ကို ပညာပြည့်ဝသူလို့ ကျွန်တော်ခံစား နားလည် နေမိပါတယ်။ ။

 

ကို ကို လင်း ( အေ မ့ အိ မ် )

#democracytoday

Rate this item
(0 votes)
back to top