HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

စစ်တပ်ကို ပြစ်မှားကြသူများနှင့် ထောင်ထွက် ထဘီသူခိုး  

စစ်တပ်ကို ပြစ်မှားကြသူများနှင့် ထောင်ထွက် ထဘီသူခိုး   

မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)

 +++++++++++++++++++++

'' စစ်အုပ်ချုပ်ရေး အာဏာပြန်သိမ်းလိုက်ပြီ ဝင်းအောင်ရေ။ ဆန္ဒပြပွဲတွေ ပြန်စတော့မယ်နဲ့ တူတယ်ကွ''

''ဟုတ်ရဲ့လား အစ်ကိုကြီးရာ''

''သေချာပါတယ်ကွာ။ သြဂုတ်၂၄ရက် ဒီနေ့မွန်းလွဲ၁နာရီက စရုပ်သိမ်းတာကွ။ စစ်အုပ်ချုပ်ရေးဥပဒေနဲ့ စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းထားတဲ့အမိန့်ကို တစ်ပြိုင်နက်တည်း ရုပ်သိမ်းတာ။ အဓိက,ကတော့ အဲဒီဥပဒေ ထုတ်ထားတဲ့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်း ပြည် မြို့ပေါ့ကွာ၊ နောက်ပြီး ပြည်နယ်နဲ့တိုင်းတွေ မှာ အမိန့်ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်လည်း တစ်ပြိုင်နက် ရုပ်သိမ်းလိုက်တာ''

''ဘယ်သူ့အမိန့်နဲ့လဲ အစ်ကိုကြီး''

''သတင်းအရကတော့ သမ္မတအမိန့်နဲ့ တော့ မဟုတ်ဘူး။ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် အမိန့်နဲ့ကွ။ ငါ့အထင် သမ္မတကလဲ ဒေါက်တာမောင်မောင်ပဲ ဖြစ် မယ်ထင်တယ်ကွ။ နောက်ဆက်တွဲသတင်း တွေ ထပ်လာဦးမယ်ထင်တယ်။ ဝင်းအောင် ငါ ရန်ကုန်ဆေးရုံကြီးဘက်သွားဦးမယ်။ လိုက်ဦးမလား''

''မလိုက်တော့ပါဘူး အစ်ကိုကြီးရာ''

အောင်သိန်းဝင်းနှင့် လက်နှိပ်စက်စာရေး လေး ဝင်းအောင်တို့ ရေဒီယိုအသံလွှင့် ကြေ ညာချက်သတင်းအရ သိရသည့် စစ်အုပ်ချုပ် ရေးဥပဒေနှင့် ညမထွက်ရအမိန့် ရုပ်သိမ်းသည့်သတင်းကို ဆွေးနွေးကြသည်။ အောင်သိန်းဝင်းက သူ့အထင် ဆန္ဒပြပွဲများ ပြန်စတော့ မည်ဟု ဆိုသည်။ ယင်းနောက် အောင်သိန်း ဝင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ လူထု ဟောပြောပွဲသို့သွားရန် ဝင်းအောင်ကို အဖော်စပ်သည်။ ဝင်းအောင် မလိုက်သဖြင့် အောင် သိန်းဝင်း တစ်ယောက်တည်း လမ်း ၅ဝ ရုံးမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လမ်းလျှောက်သွားသည်။


ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှေ့ လူထုဟော ပြောပွဲတွင် ပရိသတ်များနှင့် ပြည့်နှက်နေ သည်။ ဆေးရုံကြီးသို့ အောင်သိန်းဝင်းရောက် သည့်အချိန်မှာ ညနေ ၃နာရီခန့် ရှိပြီဖြစ်သည်။ ဟောပြောသူများနှင့် ပရိသတ်များမှာ အပေး အယူ မျှနေသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လူထုဟောပြောပွဲသို့ အောင်သိန်းဝင်း ရောက် ပြီး နာရီဝက် တစ်နာရီခန့်အကြာတွင် ဗိုလ် ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစု ကြည် ရောက်လာသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် စာရေးဆရာ မောင်သော်ကနှင့် အကယ်ဒမီ ရုပ်ရှင်မင်းသမီး ခင်သီတာထွန်း တို့ ဝဲယာခြံရံလျက် လူထုပရိသတ်ကို စကား ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်ကို အောင်သိန်း ဝင်း နာမည်ကြားဖူးသော်လည်း ပထမဆုံး အကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ယင်း၏အသံ ကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင် ဆန်းနှင့် တူသယောင်ရှိသည်။ အသံက ကရု ဏာသံမျိုး မဟုတ်၊ သြဇာသံ ပါရှိသည်ကို အောင်သိန်းဝင်း သတိထားမိသည်။ ဒေါ် အောင်ဆန်းစုကြည်က လူထုဟောပြောပွဲသို့ လာရောက်ဟောပြောခြင်းမဟုတ်။ သတင်း စကားပြောခြင်းမျှသာ ဖြစ်သည်။ သြဂုတ် ၂၆ ရက်တွင် ရွှေတိဂုံဘုရား အနောက်ဘက်မုခ် တွင် ကျင်းပမည့် လူထုအစည်းအဝေးသို့တက် ရောက်ကြရန် နှိုးဆော်သည့် စကားများကို လိုရင်းတိုရှင်းပြော၍ စည်းရုံးလှုံ့ဆော်ခြင်းဖြစ် သည်။ ယခုအကြိမ်မှာ ဒေါ်အောင်ဆန်းစု ကြည်နှင့် လူထုပရိသတ် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အား လူထုပရိသတ်များက လက်ခုပ်လက်ဝါး တီးကာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။


ဒေါ်အောင်ဆန်းစုကြည် ဟောပြောမှု မှာ တစ်မိနစ်၊ နှစ်မိနစ်၊ တစ်ခဏကြာမျှသာဖြစ် သည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း မှ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာ သွားသော်လည်း လူထုဟောပြောပွဲက ဆက် လက်ကျင်းပနေဆဲ ဖြစ်သည်။ ညနေစောင်း လာပြီ ဖြစ်သည်။ အောင်သိန်းဝင်းက ဆက် လက် နားမထောင်တော့ဘဲ ဗိုလ်ချုပ်လမ်း အတိုင်း လမ်းလျှောက်၍ စံပြရုပ်ရှင်ရုံရှေ့ ကား မှတ်တိုင်သို့ သွားသည်။ ဘတ်စ်ကားလာသဖြင့် မြေနီကုန်းသို့ ကားစီး၍ပြန်သည်။ မြေနီကုန်း ညဈေးက စည်ကားနေသည်။ အောင်သိန်း ဝင်းက မြေနီကုန်းညဈေးတွင် ညစာစားပြီးမှ အိမ်သို့ပြန်သည်။


အောင်သိန်းဝင်း အိမ်ပြန်ရောက်သည့် အခါ ကိုသန်းအောင်က ရေဒီယို နားထောင် နေသည်။ ရေဒီယိုသတင်းများအရ နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေး ကျင်းပရန်နှင့် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ အရေးပေါ်ပါတီညီလာခံ ကျင်းပရန် သတင်းထုတ်ပြန်ချက်များကို နား ထောင်ရသည်။ အထူးသဖြင့် နိုင်ငံတော် ကောင်စီ၏ ကြေညာချက်အဖြစ် ပြည်သူ့ဆန္ဒ လေ့လာရေး ကော်မရှင်ကို ဖျက်သိမ်းခဲ့သည်။ သတင်းနားထောင်နေရင်း ကိုသန်းအောင်က ရေဒီယိုကို ဟိုကလိ သည်ကလိ လုပ်သည်။


''ကိုသန်းအောင်ရာ ဟိုကလိသည်ကလိ မလုပ်စမ်းပါနဲ့ဗျာ။ ရေဒီယိုကလိတာ ကိုသန်း အောင် အကျင့်ပါနေပြီဗျ''

''ကလိတာမဟုတ်ပါဘူး အောင်သိန်း ဝင်းရာ။ သတင်းတွေနားထောင်ရတာ အား မလိုအားမရ ဖြစ်လို့ပါကွာ။ ဘယ်လိုင်းကများ သတင်းတွေ လာဦးမလဲလို့ပါ''

''အဲဒါ ခက်တာပေါ့ ကိုသန်းအောင်ရ။ VOA က ည ၆နာရီ၊ ၉ နာရီ၊ မြန်မာ့အသံက ည ၈ နာရီ၊ BBC က ည ၈ နာရီ ၁၅ လေဗျာ''

''အေးပါ အောင်သိန်းဝင်းရာ။ နောက်ထပ် ဘာများသတင်းထူးဦးမလဲလို့ သတင်း ဆာလောင်နေလို့ပါ''

''အဲဒါ ကိုသန်းအောင်တစ်ယောက်တည်း မဟုတ်ပါဘူးဗျာ။ အကုန်လုံးပါ။ ဒီည ၈ နာရီ သတင်းထူးလိမ့်မယ်ဗျ။ မြန်မာ့အသံ နားထောင်''

အောင်သိန်းဝင်းက ကိုသန်းအောင်အား သတင်းထူးလိမ့်မည်ဟု ပြောသဖြင့် ကိုသန်း အောင်က ရေဒီယိုခလုတ်ကိုလှည့် မြန်မာ့အသံလိုင်း ပြန်ဖမ်းသည်။ ဘာသတင်းမျှ မထူး။ သီချင်းများသာ လာနေသည်။ ကိုသန်းအောင်က စိတ်မရှည်သဖြင့် အောင်သိန်းဝင်းကို လှမ်း မေးသည်။


''ဟ အောင်သိန်းဝင်းရ မင်းပြောတော့ သတင်းထူးမယ်ဆိုကွ။ ဘာသတင်းမှမထူးဘူး သီချင်းတွေပဲလာနေတာ''

''ထူးမှာပေါ့ ကိုသန်းအောင်ရာ။ ၈နာရီ မှ မထိုးသေးတာလေဗျာ လာမှာပေါ့''

အောင်သိန်းဝင်းက ကိုသန်းအောင်အား ပြောပြောဆိုဆိုနှင့် ရေချိုးဆင်းသည်။ ကိုသန်း အောင်က မြန်မာ့အသံရေဒီယိုလိုင်းကို ကြည် အောင်ဖမ်း၍ သတင်းလာမည့်အချိန်ကို စောင့်၍နားထောင်နေသည်။ အောင်သိန်းဝင်း ရေချိုးပြီးသည့်အခါ ၈နာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်။ ယင်းအတွက် အောင်သိန်းဝင်းလည်း ကိုသန်းအောင်အနားထိုင်၍ သတင်းနားထောင်နေသည်။ ည၈နာရီ သတင်းလာသည်။ နိုင်ငံတော်သမ္မတ ဖြစ်လာသည့် ဒေါက်တာမောင်မောင်က မိန့်ခွန်းပြောသည်။


''နောက်ကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲမှာ နိုင်ငံတော်ကောင်စီဝန်ကြီးအဖွဲ့ တွေ ပြည်သူ့တရားသူကြီးအဖွဲ့၊ ဥပဒေအကျိုး ဆောင်အဖွဲ့၊ ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ တွေကပုဂ္ဂိုလ်တွေ ဝင်ရောက်အရွေးခံခွင့် ခွင့် ပြုမှာ မဟုတ်ပါဘူး''

''သမ္မတမိန့်ခွန်းက ဘာမှမထူးခြားပေမယ့် ဒေါက်တာမောင်မောင် သမ္မတဖြစ်သွားတာတော့ ထူးခြားတယ်ဗျ။ ဒေါက်တာမောင် မောင်က စစ်တပ်ကလာတာမဟုတ်ဘူး။ ဥပဒေ ပညာရှင် အရပ်သားဗျ၊ အဲဒါထူးခြားတာပဲ ကိုသန်းအောင်ရ''
''အေးကွ သမ္မတအသံ နားထောင်ရတာ တော့ ပျော့ပျောင်းမယ့်သဘောရှိတယ်''

''အေးဗျာ ဘာဖြစ်လာဦးမယ်တော့ မသိဘူးဗျ။ အခု ကျွန်တော်တော့ ပင်ပန်းပြီ အိပ် တော့မယ်ဗျာ။ မနက်ဖြန်ဆန္ဒပြပွဲတွေရှိမှာဗျ''

အောင်သိန်းဝင်းက ပြောပြောဆိုဆိုနှင့် အိပ်ရာဝင်သည်။ ကိုသန်းအောင်က BBC သတင်းနားထောင်ရန် လိုင်းရွှေ့ရင်း ကျန်ရစ် သည်။ အောင်သိန်းဝင်းမှာ လူငယ်ပီပီ တချိုး တည်း အိပ်လိုက်ရာ မနက်မိုးလင်းမှနိုးသည်။ အောင်သိန်းဝင်း အိပ်ရာမှနိုးသည့်အခါ ကို သန်းအောင်က VOA သတင်းနားထောင်နေ သည်။ ကိုသန်းအောင်က နယ်မြို့တွင် ဆန္ဒ ပြပွဲများ ဆက်ဖြစ်နေသည့်အကြောင်း ပြော ပြသည်။ အောင်သိန်းဝင်းက အင်္ကျီအဝတ် အစားလဲ၍ လက်ဖက်ရည်သောက် ထွက် သည်။ ပြည်လမ်းဘက်ဆီမှ ဆန္ဒပြကြွေးကြော် သံများ ကြားရသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့်အဖွဲ့များ လွတ်လာကြောင်း သတင်းကြားသိရသကဲ့သို့ အခြားဖမ်းဆီးထားသူများ သုံးထောင်နီးပါး ပြန်လွတ်လာကြောင်း အောင်သိန်းဝင်း သတင်းရသည်။ ထို့အတူ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ထောင်မှလွတ်သည့် သြဂုတ်၂၅ရက် ညနေပိုင်းတွင် လူထု ဟောပြောပွဲလုပ်မည့်သတင်းလည်း ရသည်။ အောင်သိန်းဝင်းက မနက်ပိုင်းတွင် RIT မှ ကျောင်းသား ပြောင်ကြီးခေါင်းဆောင်သည့် အဖွဲ့နှင့် ရွှေဂုံတိုင်တွင် သွားရောက်ဆန္ဒပြသည်။


ညနေပိုင်းတွင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ လူထုဟောပြောပွဲကျင်းပသည့် မြေနီကုန်း ပဒုမ္မာကွင်းသို့ သွားရောက်နား ထောင်သည်။ ဦးအောင်ကြီး၏ လူထုဟော ပြောပွဲသို့ လူတန်းစားပေါင်းစုံ လာရောက်နား ထောင်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်းအောင် ကြီး၏ စာမျက်နှာ ၄ဝပါ ဦးနေဝင်းထံ အိတ် ဖွင့်ပေးစာ အရှိန်အဝါလည်း ပါသည်။ ဒေါ် အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲထက် တစ်ရက်စော၍ ကျင်းပသဖြင့် ပရိသတ်များ ရာပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ ဗိုလ် မှူးချုပ်ဟောင်း အောင်ကြီး၏ ဟောပြောမှု များကို ပရိသတ်များက လက်ခုပ်သြဘာပေး ကြသည်။


''ဒါပေမဲ့ ခင်ဗျားတို့ စစ်တပ်ကို စိတ်နဲ့ တောင် မပြစ်မှားနဲ့''

''စစ်သားက စစ်သားစကားပဲပြောတယ်''

''ကျုပ်တို့ကျောင်းသားတွေကို ဘယ်သူ တွေက သတ်တာလဲ''

''ကျောင်းသားတွေကိုသတ်တာ စိတ်နဲ့ တောင် မပြစ်မှားရရင် ကျုပ်တို့က ပြုံးပြုံး လေးနဲ့ ထိုင်ကြည့်နေရမှာလား''


ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး၏စကား တစ်ခွန်းကြောင့် လူထုဟောပြောပွဲပရိသတ် များက အော်ဟစ်လှောင်ပြောင်ကြသည်။ တစ် ယောက်တစ်ပေါက် ဝေဖန်ပြစ်တင်ကြသည်။ ကိုင်ဆောင်ထားသည့် စက္ကူပိုစတာများကို စုတ်ဖြဲ၍ လွှင့်ပစ်ကြသည်။ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၏ လူထုဟောပြောပွဲမပြီးမီ ပွဲပျက် သွားသည်။ ပရိသတ်များ ရုတ်ရုတ်နှင့်အော် ဟစ်လှောင်ပြောင်ကြသဖြင့် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးနှင့်အဖွဲ့ စင်ပေါ်ကဆင်းသွားသည်။ လူထုဟောပြောပွဲမှာ ပျက်သွားသဖြင့် အောင် သိန်းဝင်းလည်း မြေနီကုန်းမှ လမ်းလျှောက် ၍ အိမ်ပြန်သည်။ အောင်သိန်းဝင်း ဘောင်ဒရီလမ်းနှင့် လင့် လမ်းထိပ်ရောက်သည့်အခါ လူတစ်ယောက် ကို ဝိုင်းရိုက်နေသည်ကို တွေ့သည်။ အောင် သိန်းဝင်းက ရိုက်နေသူများကို တားသည်။ ဘာကြောင့်ရိုက်သည်ကို မေးမြန်းစူးစမ်းသည်။

''ကိုအောင်သိန်းဝင်းတို့အိမ်နားက ထဘီ ဝင်ခိုးလို့ဗျ''

''ဒီကောင် ထောင်ထွက်သူခိုး''

ရိုက်နေသူများက တစ်ယောက်တစ် ပေါက် ဖြေသည်။ အောင်သိန်းဝင်း အရိုက်ခံ ရသူကို မေးမြန်းသည်။ ထောင်ကလွှတ်၍ လွတ်လာကြောင်း ပြောသည်။ အပြန်လမ်း စရိတ်မရှိ၍ ထဘီခိုးမိကြောင်း ဝန်ခံသည်။ အောင်သိန်းဝင်းက သူ့ပတ်ဝန်းကျင်ရှိလူငယ် များ၏ ခေါင်းဆောင်မဟုတ်သော်လည်း သြဇာ ရှိသည်။ သူ့အိတ်ထဲမှ ငွေတစ်ဆယ် ထုတ် သည်။ ယင်းနောက် ရိုက်သည့်သူများနှင့် ပတ် ဝန်းကျင်အိမ်များသို့ ထောင်ထွက် ထဘီသူခိုး အတွက် လမ်းစရိတ်အလှူခံပေးသည်။ ထောင် ထွက်ကို ဆေးလိမ်းပေးကာ လမ်းစရိတ်ပေး၍ ပြန်လွှတ်လိုက်သည်။ သူခိုးဖမ်းသူများက မေး သည့်အခါ ရိုးရိုးရှင်းရှင်း ပြန်ဖြေသည်။

''ဒီကောင် အပြန်လမ်းစရိတ်မရှိလို့ ရန် ကုန်မှာ သောင်တင်နေရင် ထဘီတင်ခိုးမှာ မဟုတ်တော့ဘူး။ နောက်ဆက်တွဲပြဿနာ တွေ အများကြီးဖြစ်လာနိုင်တယ်ဟ။ ဒါ ကြောင့် ပြန်လွှတ်လိုက်တာ'' 

 

မောင်ခိုင်ခန့်(အမျိုးသားစာပေဆု)

#theyangontimes

Rate this item
(0 votes)
back to top