HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

အသျှင်ဦးဥတ္တမနှင့် ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ သံဃသာမဂ္ဂီ

အသျှင်ဦးဥတ္တမနှင့် ၀ိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ သံဃသာမဂ္ဂီ

ဒေါက်တာ စံလှကျော်

 ---------------------------

နယ်ချဲ့ဗြိတိသျှတို့၏ ကိုလိုနီလက်အောက်ခံအဖြစ်မှ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းလှုပ်ရှားမှုများတွင် နိုင်ငံတကာအတွေးအမြင်များနှင့်ယှဉ်၍ မြန်မာလူမျိုးတို့အား အစဦးဆုံးလွတ်လပ်ရေးစိတ်ဓာတ်နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်၊ နိုင်ငံရေးမျက်စိဖွင့်ပေးခဲ့သော မျိုးချစ်ပုဂ္ဂိုလ်မှာ ဆရာတော်အသျှင်ဥတ္တမဖြစ်ကြောင်း သမိုင်းမှတ်တမ်းကား ဓမ္မဓိဋ္ဌာန်ကျသော သမိုင်းမော်ကွန်းဖြစ်ပေသည်။ ၁၈၇၉ ခုနှစ်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပမြောက်ရပ်ကွက်၌ ရခိုင်လူမျိုးမိဘနှစ်ပါးဖြစ်ကြသော ဦးစံမြ၊ ဒေါ်အောင်ြွကဖြူတို့မှ မွေးဖွားသန့်စင်ခဲ့သော ငယ်မည် မောင်ပေါ်ထွန်းအောင် အမည်ရှိ ဆရာတော်အသျှင်ဥတ္တမသည် မြန်မာ့လွတ်လပ်ရေး၏ မီးရှူးတန်ဆောင်အဖြစ် ပေါ်ထွန်းလာခဲ့ခြင်းဖြစ်၏။

မောင်ပေါ်ထွန်းအောင်သည် (၁၆)နှစ်သားအရွယ်တွင် အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့တွင် သုံးနှစ်ခန့် နေထိုင်ပညာသင်ကြားကာ အင်္ဂလိပ်စာ ၁ဝ တန်း အောင်မြင်ခဲ့၏။ မြန်မာပြည်သို့ ပြန်လာခဲ့ပြီး ရှင်သာမဏေဘဝဖြင့် ပခုက္ကူမြို့တွင် ဗုဒ္ဓပိဋကတ်စာပေများကိုသင်ယူခဲ့၏။ ဆွေမျိုးတော်စပ်သူ ဘုံဘေဘားမား ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပဉ္ဇင်းဒါယကာပြုပြီး ရဟန်းခံပေး၍ အသျှင်ဥတ္တမဖြစ်လာခဲ့၏။ ရဟန်းဖြစ်ပြီးနောက် အသျှင်ဥတ္တမသည် အိန္ဒိယသို့ ဒုတိယအကြိမ် ပြန်ကြွသွားခဲ့၏။ ယင်းအချိန်တွင် ဗြိတိသျှကိုလိုနီအိန္ဒိယနိုင်ငံ၏ နိုင်ငံရေးဦးဆောင် ပုဂ္ဂိုလ်များသည် နိုင်ငံလွတ်လပ်ရေးအတွက် ထကြွနှိုးကြားနေခိုက်နှင့် ကြုံကြိုက်ခဲ့၏။ အသျှင်ဥတ္တမလည်း မိမိတို့ မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အမျိုးသားရေးစိတ်ဓာတ်များ နိုင်ငံရေးစွန့်စားလိုစိတ်များ ပေါ်ပေါက်တက်ကြွလာခဲ့လေ၏။ အိန္ဒိယအမျိုးသားကောလိပ်တွင် ဧည့်ပါမောက္ခအဖြစ်ဖြင့် ပါဠိနှင့် ဗုဒ္ဓစာပေများကို သင်ကြားပြသခဲ့၏။

 

သက္ကတ၊ နာဂရီ၊ ဘင်္ဂလီ စသော ရှေးဟောင်းစာပေများကို သင်ယူတတ်မြောက်ခဲ့၏။ အိန္ဒိယနိုင်ငံရေးသမားကြီး ဆာပီစီရွိုင်း၏ ''ငါတို့ကား ကျွန်မျိုးမဟုတ်''ဆိုသော ဇာတိမာန်စကားက အသျှင်ဥတ္တမ၏ အမျိုးသားရေးဇာတိမာန်စိတ်ဓာတ်ကို လျှမ်းလျှမ်းတောက်စေခဲ့၏။ မိမိတို့ မြန်မာနိုင်ငံ ကိုကိုလိုနီကျွန်ဘဝမှ လွတ်မြောက်လိုစိတ်အထွတ် အထိပ်ရောက်စေခဲ့၏။ ထိုစဉ်က ၁၉ဝ၄ ခုနှစ်တွင် ရုရှားနှင့် ဂျပန်တို့ စစ်ပွဲဖြစ်ပွားခဲ့ကြရာ နိုင်ငံငယ်ဖြစ်သော ဂျပန်က နိုင်ငံကြီးရုရှားကို အနိုင်ရရှိခဲ့မှုကြောင့် ဂျပန်နိုင်ငံကို အားကျအတုယူလိုစိတ်ဖြင့် သွားရောက် လေ့လာခဲ့၏။ ဂျပန်စာနှင့် စကားကို တတ်ကျွမ်းအောင် သင်ယူခဲ့၏။ ဂျပန်ဗုဒ္ဓဘာသာသိပ္ပံကျောင်းကြီးတွင် ပါဠိနှင့် သင်္သကရိုက်ဘာသာ ပါမောက္ခအဖြစ် နှစ်နှစ်ခန့် ဆောင်ရွက်ခဲ့၏။ ထိုစဉ်က ဂျပန်ပြည်တွင် အခြေချနေပြီး တရုတ်ပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ဒေါက်တာဆွန်ယက်ဆင်နှင့် တရုတ်ကျောင်းသားအများအပြားတို့သည် ဆရာတော်ထံချဉ်းကပ်ပြီး နိုင်ငံရေးသြဝါဒများခံယူခဲ့ကြ၏။ နိုင်ငံတကာနိုင်ငံရေးအခြေအနေများ၊ ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးအတွက် ဆောင်ရွက်စရာများကို ဆရာတော်ထံမှ အကြံဥာဏ်များ၊ အတွေးအမြင်များဖြင့် ဆွေးနွေးသိမြင်ရယူခဲ့ကြ၏။ ဆရာတော်သည် ကိုရီးယား၊ တရုတ်၊ ပြင်သစ်၊ အင်ဒိုချိုင်းနားဒေသတို့ကို ဝင်ရောက်လေ့လာပြီးနောက် ၁၉၁၁ ခုနှစ်တွင် မြန်မာ ပြည်သို့ ပြန်လာခဲ့၏။


၁၉ဝ၆ ခုနှစ်တွင် ဦးဘဘေ(ဘကြီးဘဘေ)၊ အမ်အေဦးမောင်ကြီး၊ ဝတ်လုံတော်ရ ဦးစိန်လှအောင်တို့ ဗုဒ္ဓကလျာဏယုဝအသင်း(Young Men's Buddhist Association-YMBA)ကို ဦးစီးခေါင်းဆောင်ပြု တည်ထောင်ခဲ့ကြသည်။ နယ်မြို့များတွင်လည်း အသင်းခွဲများ စည်းရုံးတိုးပွားလာခဲ့ကြသည်။ ထိုစဉ်က အိန္ဒိယနိုင်ငံ၌ ကွန်ဂရက်အသင်း၏ ဦးဆောင်လှုံ့ဆော်မှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေး နိုင်ငံရေးအဆင့်အတန်းသည် တော်တော်မြင့်မားပြင်းထန်လျက်ရှိနေပြီးဖြစ်သော်လည်း မြန်မာနိုင်ငံ၏ YMBA အသင်းမှာကား ဗုဒ္ဓစာပေယဉ်ကျေးမှုများကို လေ့လာသင်ကြားကြကာ နေမဝင်အင်ပါယာအရှင် ဂျော့ဘုရင်မင်းမြတ်ဘုန်းတော်ကြီး၍ သက်တော်ရှည်ပါစေဟု ဆုတောင်းပတ္ထနာပြုလျက် အင်္ဂလိပ်အစိုးရမင်းတို့၏ ကျေးဇူးသစ္စာတော်ကို စောင့်သိရိုသေသည့်အဆင့်၌သာရှိနေသေး၏။ ၁၉၁၂ ခုနှစ်တွင် အသျှင်ဥတ္တမသည် ဂျပန် ပြည်မှ မြန်မာပြည်သို့ ပြန်ရောက်ခဲ့၏။ ထိုအချိန်တွင် YMBA မှ ဦးဘဖေနှင့် ဦးလှဖေတို့သည် သူရိယသတင်းစာ၊ မန္တလေးမြို့တွင် ဦးကျော်ရန်သည် မြန်မာ့တာရာ သတင်းစာတို့ကို ထုတ်ဝေနေကြသည်။ နိုင်ငံခြားပြန် အသျှင်ဥတ္တမ၏ ပညာရည်နှင့် နိုင်ငံခြားတွင် လုပ်ဆောင်ခဲ့မှုများကို YMBA လူကြီးများက အရေးတယူပြုလုပ်ခဲ့ကြပြီး ဆရာတော်နှင့် ပညာရေးနိုင်ငံရေးတို့ကို ဆွေးနွေးတိုင်ပင်သြဝါဒခံယူကြကာ ဆရာတော်၏ ဟောပြောချက်များကို သူတို့၏ သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြသည်။ ရုရှားအပေါ် အောင်ပွဲခံခဲ့သော ဂျပန်အကြောင်းကို မြန်မာတို့ အထူး စိတ်ဝင်စားနေခဲ့ကြရာ YMBA လူကြီးများ၏ မေတ္တာ ရပ်ခံချက်အရ ဆရာတော်သည် ဂျပန်လူမျိုးတို့၏ မျိုးချစ်စိတ်ဇာတိမာန်၊ လုံ့လဝီရိယ၊ ပညာကြိုးစားကြပုံနှင့် ကောင်းမွန်အတုယူဖွယ်ရာများကို စာအုပ်တစ် အုပ်ရေးသားပြုစုခဲ့ပြီး သူရိယသတင်းစာတိုက်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။

 

ဆရာတော်သည် လေ့လာခဲ့သမျှ နိုင်ငံတကာမှ နိုင်ငံရေးသဘောတရားများကို အများပြည်သူသိရှိနိုင်ရန် သူရိယသတင်းစာတွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ကိုယ်တိုင်လည်း ဆွေးနွေးဟောပြောခဲ့သည်။ ဆရာတော်၏ ရေးသားချက်များတွင် မြန်မာတို့ ဝံသာနုရက္ခိတတရားကို စောင့်စည်းဖို့ရာနှင့် နိုင်ငံခြားဖြစ် အဝတ်အထည်အသုံးအဆောင်တို့ကို အတတ်နိုင်ဆုံးပယ်ရှားပြီးလျှင် မြန်မာများကိုယ်တိုင် ပြုပြင်ရက်လုပ်ကြသော ပြည်တွင်းဖြစ် ဝံသာနုပင်နီနှင့် ယောထဘီ၊ ယောလုံချည်တို့ကိုသာ ဝတ်ဆင်အားပေးကြရန် လှုံ့ဆော်မှုများ ပါဝင်ခဲ့သည်။ ထိုစဉ်က ဆရာတော်သည် ကမာရွတ်ရှိ ကျောင်းခန်းတစ်ခန်းတွင် တစ်ပါးတည်း သီတင်းသုံးနေထိုင်ခဲ့ရာ ဆရာတော်အား တွေ့ဆုံရန် လာရောက်ကြသော ပုဂ္ဂိုလ်များကိုလည်း တိုင်းရင်းဖြစ် အဝတ်အထည်များကို ဝတ်ဆင်လာကြသူများကိုသာ လက်ခံတွေ့ဆုံခြင်းဖြင့် မိမိ၏ ဝံသာနုစိတ်ဓာတ်၊ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တို့ကို လက်တွေ့ကျင့်သုံးပြသခဲ့သည်ဟုသိရ၏။


ခေတ်ကာလအခြေအနေအလျောက် ဆရာတော်အသျှင်ဥတ္တမ၏ ပညာပေးလှုံ့ဆော်စည်းရုံးမှုများကြောင့် နိုင်ငံရေးသြဇာကြီးမားကျယ်ပြန့်လာခဲ့သော YMBA အသင်းကြီးတွင် လူပုဂ္ဂိုလ်များသာမက ရန်ကုန်နှင့် အနယ်နယ်အရပ်ရပ်မှ မျိုးချစ်စိတ်ဓာတ် ထက်သန်တက်ကြွကြသော ရဟန်းတော်များလည်း ပူးပေါင်းပါဝင်လာခဲ့ကြသည်။ မိမိတို့ အရပ်ဒေသမြို့ရွာများတွင် လူထုကို ထပ်ဆင့်စည်းရုံးလာခဲ့ကြသည်။ YMBA အသင်းကြီးသည် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတပ်ဦးအဖြစ် ပီပြင်လာခဲ့သည်။ အသျှင်ဥတ္တမ၏ ဤကဲ့သို့ နိုင်ငံရေးအမြင် မျက်စိဖွင့်ပေးခဲ့မှုကြောင့် ဗြိတိသျှအစိုးရထံမှ မြန်မာနိုင်ငံအတွက် ဒိုမီနီယံဟုမ္မရူးခေါ် အုပ်ချုပ်ရေးစနစ် အဆင့်မြှင့်ရရှိရေး အရေးဆိုရန် YMBA  ၏ ကိုယ်စားလှယ်သုံးဦးဖြစ်ကြသည့် ဦးဘဖေ(သူရိယ)၊ ဦးပု(ဝတ်လုံတော်ရ)နှင့် ဦးထွန်းရှိန်တို့ကို ဘိလပ်ပါလီမန်သို့ စေလွှတ်သည်အထိ တက်ကြွလှုပ်ရှားခဲ့ကြ၏။ အသျှင်ဥတ္တမက ဒိုမီနီယံဟုမ္မရူး အကြောင်းပညာပေး ''ဟုမ္မရူးမဂ္ဂဒီပနီ''စာအုပ်ကိုလည်း ရေးသားထုတ်ဝေခဲ့၏။


၁၉၂ဝ ပြည့်နှစ် အောက်တိုဘာ ၂၉ ရက်နေ့တွင် ပြည်မြို့၌ ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် YMBA  ပြည်လုံးကျွတ်ကွန်ဖရင့်အစည်းအဝေးကြီးတွင် YMBA ကို အခြားနိုင်ငံရေး၊ အမျိုးသားရေး အသင်းအဖွဲ့များနှင့်ပူးပေါင်းကာ မြန်မာအသင်းချုပ်ကြီး (General Council of Burmese Associations- GCBA) ဟု နိုင်ငံရေးအမျိုးသားရေးအနှစ်သာရပြည့်ဝသော အမည်သို့ ပြောင်းလဲခဲ့ကြသည်။ အသျှင်ဥတ္တမ၏ သြဝါဒအကြံပေးချက်အရ ဘာသာရေးလူမှုရေး အသင်းအဖွဲ့များအဆင့်မှ အမျိုးသားနိုင်ငံရေးအသင်း ကြီးအဖြစ် လုံးဝအသွင်ပြောင်းလဲ ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်၏။ မော်လမြိုင်မြို့မှ ချမ်းသာကြွယ်ဝပြီး မျိုးချစ်စိတ်ဓာတ်ထက်သန်သော ဝတ်လုံတော်ရလူငယ် ဦး ချစ်လှိုင်အား GCBA ၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြသည်။


ယင်း ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ (၁၂၈ဝ ပြည့်နှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက်)တွင် ရန်ကုန်ကောလိပ်ကျောင်းသားများ မှောက်ခဲ့ကြသော ပထမသပိတ်ကြီးအပြီးတွင်လည်း အသျှင်ဥတ္တမသည် GCBA  ခေါင်းဆောင်များနှင့် တိုင်ပင်ဆွေးနွေးပြီး အိန္ဒိယမှနည်းနာများကိုညွှန်ပြကာ မြန်မာလူမျိုးတို့၏ သခင်ပညာသင်ကြားရေးအတွက် အမျိုးသားကျောင်း များကို ထူထောင်ကြရန် တစ်ဆင့်မြင့်နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ကြလေသည်။ နိုင်ငံအနှံ့တွင် အင်္ဂလိပ်ခရစ်ယာန်စာသင်ကျောင်းများနှင့်အပြိုင် မြန်မာအမျိုးသားကျောင်းများ ပေါ်ထွန်းလာခဲ့ကြသည်။ ဤသို့ဖြင့် ဆရာတော်အသျှင်ဥတ္တမသည် မြန်မာ့နိုင်ငံရေးလောကတွင် လူသိများ ထင်ပေါ်ကျော် ကြားလာခဲ့ရာ ဗြိတိသျှအစိုးရစုံထောက်များ၏ လိုက်ပါချောင်းမြောင်း စုံစမ်းထောက်လှမ်းမှုများကို မပြတ်ခံနေခဲ့ရသည်ဟု သိရ၏။


''ဆာရယ်ဂျီနယ်ကရက်ဒေါက်၊ မင်းမြန်မာပြည်က ထွက်သွား''ဆိုသော စကားရပ်ကား အသျှင်ဥတ္တမ၏ ထူးခြားသိသာသော သင်္ကေတအမှတ်အသားစကား၊ သမိုင်းဝင်သမိုင်းတွင် စကားဖြစ်ကြောင်း အများသိဖြစ်၏။ မိုးကြိုးပစ်သကဲ့သို့ စူးရှပြင်းထန်သော စကားအဖြစ် တင်စားခဲ့ကြ၏။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်မှ ဝေလမင်းသားသည် မြန်မာပြည်သို့ အလည်လာရန် စီစဉ်ခဲ့ရာ မန္တလေးမြို့ GCBA အသင်းကြီးက ဝေလမင်းသား၏ခရီးစဉ်ကို သပိတ်မှောက်ဖို့ ဆုံး ဖြတ်စီစဉ်ခဲ့ကြလေသည်။ GCBA ဥက္ကဋ္ဌ ဦးချစ်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးဘစီ၊ သတင်းစာဆရာ ဦးဘလှိုင်တို့ကို ပုလိပ်မင်းကြီးက ဖမ်းဆီးပြီး ရပ်ဝေးသို့ နယ်နှင် ဒဏ်ပေးကာသပိတ်ကို ဖြိုခွဲခဲ့လေ၏။ ဘုရင်ခံဆာ ရယ်ဂျီနယ်ကရက်ဒေါက်၏ တင်းမာခက်ထန်ဖိနှိပ် သော အုပ်ချုပ်ရေးအစီအမံကို ဆန့်ကျင်တိုက်ခိုက်ရန် အသျှင်ဥတ္တမသည် ''ကရက်ဒေါက် မင်းမြန်မာ ပြည်ကထွက်သွား''ဟု စာရေးကာ ဘုရင်ခံထံပေးပို့ ခဲ့၏။ ထိုစာကို သူရိယသတင်းစာတွင်လည်း တိုင်းသိပြည်သိဖော်ပြခဲ့၏။ အင်္ဂလိပ်အရေးပိုင်နှင့် ပုလိပ်အရာရှိလောက်ကိုပင် မြန်မာများ ဒူးတုန်အောင် ကြောက်ရွံ့ရိုသေကြရသော ယင်းခေတ်ကာလတွင် အသျှင်ဥတ္တမက ဤမျှ ရဲရဲတောက် အော်ငေါက်ဝံ့ ပေသည်ဟု အံ့အားသင့်ချီးကျူးကြကာ မြန်မာများ ဇာတိမာန်တက်ကြွလာခဲ့ကြ၏။ အမှန်စင်စစ် ဆရာတော်၏ စကားကြောင့် ဘုရင်ခံသည် မြန်မာပြည်မှ ထွက်သွားခဲ့သည်မဟုတ်ချေ၊ သို့သော်လည်း ပြည် ကြီးရှင် ငါတို့မြန်မာတွေမှာ ဤသို့ ပြောနိုင်သော အခွင့်အရေးရှိသည်။ ပြောရဲကြရမည်ဟု စိတ်ဓာတ် မြှင့် ရဲဆေးတင်ပေးလိုက်ခြင်းသာဖြစ်သည်။


ထိုအချိန်တွင် ဆရာတော်အသျှင်ဥတ္တမကို ဗဟိုပြုကာ ရဟန်းတော်များကလည်း နိုင်ငံရေးကိစ္စဟူသည် လူရေးလူရာသက်သက်မျှမဟုတ်၊ ရဟန်းတော်များနှင့်လည်း သက်ဆိုင်သည်ဟု ခံယူကာ ရဟန်းများ အချင်းချင်းစုစည်းညီညွတ်မှုဖြင့် သံဃသာမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းခဲ့ကြလေသည်။ နိုင်ငံအနှံ့တွင် ၁၉၂၁ ခုနှစ်မှစ၍ ဒေသအလိုက် သံဃသာမဂ္ဂီအဖွဲ့များကို ဖွဲ့စည်းပေါ်ပေါက်လာခဲ့ကြရာ နှစ်နှစ်အကြာ ၁၉၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ သံဃသာမဂ္ဂီအဖွဲ့ခွဲအားလုံးစည်းလုံးညီညွတ်စုပေါင်းပြီး ''သမ္မာသမ္ဗုဒ္ဓသာသနာ တော်လုံးဆိုင်ရာ မဟာသံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီး''ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြလေသည်။ အဖွဲ့ဝင် ရဟန်းသံဃာပေါင်း ငါးသောင်းခန့်ဖြင့် ပါဝင်ဖွဲ့စည်းခဲ့သော သံဃသာမဂ္ဂီအဖွဲ့ချုပ်ကြီးသည် ပြည်သူပြည်သား ဒကာဒကာမတို့နှင့် ကြည်ဖြူညီညာ လက်တွဲပြီး ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးအင်အားစုကြီးဖြစ်ထွန်းလာခဲ့၏။ ပခုက္ကူမှ သံဃသာမဂ္ဂီအဖွဲ့ဝင် ရဟန်းပျို ဦးဝိစာရသည် အသျှင်ဥတ္တမ၏ အနီးကပ်လေ့ကျင့်ပျိုးထောင်ပေးမှုကြောင့် ထွန်းပေါက်လာခဲ့သော ရဲရဲတောက်တော်လှန်ရေးရဟန်းတော်တစ်ပါးဖြစ်ခဲ့၏။ နိုင်ငံလွတ်လပ်ရေးအတွက် ရဲရဲတောက်လှုပ်ရှားမှုများကြောင့် ထောင်ဒဏ်အကြိမ် ကြိမ်ကျခံခဲ့ရပြီး ၁၆၆ ရက် အစာငတ်ခံဆန္ဒပြကာ ထောင်တွင်း၌ ပျံလွန်တော်မူခဲ့ရှာသော ရဟန်းအာဇာ နည်ဖြစ်ခဲ့၏။


ဆရာတော်အသျှင်ဥတ္တမသည် နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသားလွတ်မြောက်ရေးအတွက် နိုင်ငံရေး တရားများ ဟောကြားမှုကြောင့် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးထောင်သွင်းအကျဉ်းချမှု နှစ်ကြိမ်ခံခဲ့ရ၏။ ၁၉၂၂ ခုနှစ် ဒေးဒရေးအပိုင် ဆုကလပ်ကျေးရွာ၌ နိုင်ငံရေးတရားပွဲကြောင့် ပထမအကြိမ် ထောင်ဒဏ် လေးနှစ်ကျခံခဲ့ရ၏။ ၁၉၂၇ ခုနှစ် ရန်ကုန်မြို့ လမ်းမ တော်ရှိ ရုပ်ရှင်နန်းတော်၌ ကျင်းပခဲ့သည့် နိုင်ငံရေး တရားပွဲကြောင့် အစိုးရကို အကြည်ညိုပျက်စေမှုပုဒ်မ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ်ကျခံခဲ့ရ၏။


ဆရာတော်အသျှင်ဥတ္တမ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးစိတ်ဓာတ်မျိုးစေ့ချခဲ့မှုမှ ဆက်နွှယ်၍ အကျိုးဆက်များအဖြစ် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် သာယာဝတီနယ်မှ ဂဠုန်ဆရာစံ ဦး ဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကြီး ပေါ်ပေါက်ကာ နယ်ချဲ့တို့အား တော်လှန်ခဲ့ကြ၏။ ထို့နောက် ဒို့ဗမာအစည်းအရုံးအမည်ဖြင့် သခင်ပါတီပေါ် ပေါက်လာခဲ့၏။ ဒို့ဗမာသခင်ဟူ၍ ကျောင်းသားများ ဦးဆောင်ကာ ၁၉၃၆ ခုနှစ် ကျောင်းသားသပိတ်ပေါ်လာခဲ့၏။ သခင်လူငယ်များထဲမှ သခင်အောင်ဆန်း ခေါင်းဆောင်သော လူငယ်သုံးဆယ်ဦးတို့ ဂျပန်သို့ ထွက်ခွာပြီး စစ်ပညာသင်ကြားခဲ့ကြရာမှ မြန်မာ့တပ် မတော်၏ အမြုတေရဲဘော်သုံးကျိပ်ပေါ်ထွန်းလာခဲ့ကာ လွတ်လပ်ရေးအတွက် စစ်ရေးဖြင့် တိုက်ပွဲဝင်ခဲ့၏။ ရဲဘော်သုံးကျိပ်၏ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ စစ်ရေး၊ နိုင်ငံရေး၊ စွမ်းဆောင်မှုများဖြင့် တော်လှန်ရေးအဆင့်ဆင့်ဆင်နွှဲခဲ့ကြကာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မြန်မာ့လွတ်လပ်ရေးရရှိခဲ့ကြ၏။ ထိုသို့ လွတ်လပ်ရေးရသည်အထိ အစဉ်အဆက်အဆင့်ဆင့်သော ကြိုးပမ်းမှုများတွင် ဆရာတော်အသျှင်ဥတ္တမ၏ ရှေးဦးမဆွ နယ်ချဲ့ဆန့်ကျင်ရေးအမျိုးသား လွတ်လပ်ရေးစိတ်ဓာတ်မျိုးစေ့ချပေးခဲ့မှု၊ ကိုယ်တိုင်ရဲရဲတောက်စွမ်းဆောင်ပြသခဲ့မှုများသည် အဓိကအကြောင်းအရင်းခံဖြစ်ကြောင်း ဓမ္မဓိဋ္ဌာန်ကျသောသမိုင်း ကြောင်းကို တွေ့မြင်နိုင်၏။


အသျှင်ဥတ္တမသည် မြန်မာနိုင်ငံတော်လွတ်လပ်ရေးရရှိသည်ကို မြင်တွေ့မသွားခဲ့ရချေ။ လွတ်လပ်ရေးမရရှိမီ နိုင်ငံရေးလောက၏ လောကဓံလှိုင်းဂယက်များ၏ဒဏ်ကို အလူးအလှိမ့်ခံယူခဲ့ပြီး ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပျံလွန်တော်မူသွားခဲ့ရှာလေ၏။ ပျံလွန်တော်မူပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြသော ကိုလိုနီခေတ်မြန်မာပြည်ဥပဒေပြုလွှတ်တော်အစည်းအဝေး၌ အမတ်များအားလုံး ဝမ်းနည်းမှုအထိမ်းအမှတ်အဖြစ် ငါးမိနစ်ငြိမ်သက်ပြီး အရိုအသေဂါရ ဝပြုခဲ့ကြသည်။ ယင်းလွှတ်တော်အစည်းအဝေး၌ မန္တလေးမြို့ရှိ အိန္ဒိယအမျိုးသားများ၏ ကိုယ်စားလှယ်အမတ် မစ္စတာဂန်ဂါဆင်က ဆရာတော်၏ ဂုဏ်ပုဒ်များကို ဤကဲ့သို့ ဂုဏ်ပြုပြောကြားခဲ့၏။ ''ဆရာတော်အသျှင်ဥတ္တမသည် ဤနိုင်ငံတွင် အကြီးမြတ်ဆုံး ခေါင်းဆောင်ကြီးဖြစ်သည်ဟု ကျွန်ုပ် ပြောသောစကားသည် အပိုမပါသော စကားဖြစ်ပါသည်။ ဆရာတော်သည် မြန်မာ့နိုင်ငံရေးကို အစပြုလာခဲ့သော ပုဂ္ဂိုလ်ဖြစ်ပြီး မြန်မာပြည်တိုးတက်မှုဟူသမျှသည်လည်း ဆရာတော်ကို အကြောင်းပြုပြီး ပေါ်ပေါက်ကြရသည်ဟု ကျွန်ုပ်ထပ်လောင်းပြောကြားလိုပါသည်''


မစ္စတာဂန်ဂါဆင်၏ ပြောကြားချက်ကို အမတ်အားလုံး သဘောတူထောက်ခံကြပြီး ကောင်းချီးသြဘာပေးခဲ့ကြ၏။ ၁၉၆၇ ခုနှစ် ဧပြီလထုတ် ငွေတာရီ မဂ္ဂဇင်းပါ ဆရာကြီးပါရဂူ၏ ဆရာတော်ဦးဥတ္တမအကြောင်း ဆောင်းပါးတွင် ရေးသားချက်အဓိကကို ကောက်နုတ်ဖော်ပြရသော်-
''ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ထိုက်သင့်သည့်နေရာကို ပေးဖို့ရန် ယနေ့ကျွန်တော်တို့ မေ့မေ့လျော့လျော့ဖြစ်နေကြသော်လည်း နိုင်ငံခြားကမူ ဦးဥတ္တမကို မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ၏ ခေါင်းဆောင်အဖြစ်ဖြင့် သတိပြုလျက်ပင်ရှိကြသည်။ ဦးဥတ္တမသည် မြန်မာ့လွတ်လပ်ရေးသမိုင်း၌ ရွှေစာလုံးဖြင့် ကမ္ပည်းထိုးထိုက်သူဖြစ်ပေသည်တကား''ဟု သမိုင်းဖြစ်ရပ်မှန်ကို ဓမ္မဓိဋ္ဌာန်ကျကျရေးသား ဖော်ကျူးထားခဲ့သည်ကို တွေ့ရ၏။ ။

ဒေါက်တာ စံလှကျော်

#democracytoday

Last modified onSaturday, 08 September 2018 15:15
Rate this item
(0 votes)
back to top