HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ကိုယ်ကျင့်တရား  

ကိုယ်ကျင့်တရား   

ကိုမင်းအို

----------------

ကိုယ်ကျင့်တရားဆိုတဲ့စကားလုံးမှာကိုက အဓိပ္ပာယ် အပြည့်အဝပါနေပါတယ်။ ကိုယ်က ကျင့်ရသောတရား၊ ကိုယ်ကိုယ်တိုင်ကျင့်ကြံရမယ့် မှန်ကန်မှု၊ ကိုယ် ကျင့်တရားဆိုတာ သူများနှင့်မဆိုင်ပါဘူး။ ကိုယ့်တစ်ကိုယ်ရေအတွက် ကိုယ်တိုင်တန်ဖိုးထားပြီး အမြဲမပြတ်ကျင့်ကြံနေရမယ့် အလေ့အကျင့်တွေကို ဆိုလိုတာဖြစ်ပါတယ်။ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ လိုက်နာရမယ့်သီလဆိုတာရှိပါတယ်။ သူများအသက်မသတ်နဲ့၊ သူများ ပစ္စည်းမခိုးနဲ့။ လိမ်မပြောနဲ့၊ သူများအိမ်ထောင်ကို မဖျက်ဆီးနဲ့ စတာတွေဟာ ကိုယ့်ကြောင့် တခြားလူတွေမှာ အနှောင့်အယှက်မဖြစ်စေဖို့ ရည်ရွယ်သလို ဒါတွေ ကိုလိုက်နာရင်းနဲ့ ကိုယ့်ဘဝလည်း အေးချမ်းသာယာ လာမှာဖြစ်ပါတယ်။ သီလအများစုကတော့ လူ့လောက အေးချမ်းဖို့အတွက်ကို အဓိကရည်ရွယ်ပါတယ်။

ကိုယ်ကျင့်တရားဆိုတာမှာတော့ ဒီလိုစောင့်ထိန်း ရှောင်ကြဉ်ရမှာတွေတင်မကပါဘူး။ စောင့်သိရိုသေ ရမယ့် လူ့တန်ဖိုးတွေလည်းပါဝင်ပါတယ်။ မလုပ်ရလို့ တားထားတာတွေကိုမလုပ်ရင် တာဝန်ကျေပြီလို့ မထင် ပါနဲ့။ တကယ်တော့ လုပ်ကိုလုပ်နေရမယ့်ကိစ္စတွေ အမြဲမပြတ်သတိကပ်ပြီး ကျင့်သုံးရမယ့်ကိစ္စတွေလည်း ရှိနေပါသေးတယ်။ လူအချင်းချင်းကို မေတ္တာထားရမယ်ဆိုတာမျိုး ကနေ အမှိုက်ကို အမှိုက်ပုံးထဲကိုထည့်တယ်ဆိုတဲ့အ ထိ ကိုယ်ကျင့်တရားဆိုတာက ပုံစံအမျိုးမျိုးနဲ့ ရှိနေနိုင် ပါတယ်။ ကျွန်တော်တို့ငယ်ငယ်က အမေ အဖေများ၊ အဘိုးအဘွားများက ကိုယ်ကျင့်တရားကောင်းအောင် နေဖို့ အမြဲဆုံးမကြလေ့ရှိပါတယ်။ ရိုးဂုဏ်ကိုထိန်းပါ လို့ပြောလေ့ရှိပြီး အရပ်ထဲကရိုးသားသူတွေကို ဥပမာ ပေးပြီး ဆုံးမကြပါတယ်။ အဲဒီခေတ်အဲဒီအခါရဲ့ တန် ဖိုးထားမှုက ရိုးသားမှုပဲဖြစ်ပါတယ်။


ခေတ်တွေစနစ်တွေပြောင်းလာတဲ့နောက်မှာ လူ တွေရဲ့တန်ဖိုးထားမှုတွေကလည်း ပြောင်းလဲလာကြပါ တယ်။ အရင်ကရိုးသားတဲ့အစိုးရဝန်ထမ်းကို ချီးမွမ်း ကြတယ်။ မဟုတ်တာလုပ်ပြီး ချမ်းသာလာတဲ့လူဆိုရင် ရှုတ်ချကဲ့ရဲ့ကြတယ်။ အခုနောက်ပိုင်းမှာတော့ ရာထူး ချင်းတူတဲ့လူနှစ်ယောက်မှာ ရိုးရိုးသားသားနေတဲ့သူကို ချီးမွမ်းဖို့မေ့နေကြရုံတင်မကဘဲ ညံ့လိုက်တာ၊ လုပ်ရည် ကိုင်ရည်မရှိလိုက်တာ၊ ကြီးပွားအောင်မလုပ်နိုင်တဲ့သူ အဖြစ် အပြစ်ပြောလေ့ရှိကြတာကို တွေ့လာရတယ်။ လာဘ်ပေးလာဘ်ယူလုပ်ပြီး ချမ်းသာလာတဲ့ဝန်ထမ်း ကိုတော့ ကြံရည်ဖန်ရည်ကောင်းတယ်၊ လုပ်တတ်ကိုင် တတ်ရှိတယ်၊ သူ့မယားကို ရွှေတွဲလွဲစိန်တွဲလွဲ ဆင်နိုင် တဲ့သူလို့ ချီးမွမ်းပြောဆိုနေကြတော့တယ်။ ပိုဆိုးတာ က ရိုးသားသူနဲ့ မရိုးသားသူကိုယှဉ်ပြီး မရိုးသားသူတွေ ကမှန်သယောင် ကိုယ့်သားသမီးတွေရှေ့မှာ ပြောဆို နေကြတာပါပဲ။


ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်ဖို့ ပထမ ဆုံးသင်ပြပေးခွင့်ရှိတာ မိဘတွေပါပဲ။ မိဘတွေက သားသမီးတွေရဲ့စံပြဖြစ်အောင် နေထိုင်သင့်ပါတယ်။ ဒီလိုပဲ ကိုယ့်သားသမီးကို အစွမ်းကုန်ဆိုးသွမ်းခွင့်ပေး တာဟာလည်း ချစ်တာမဟုတ်ပါဘူး။ နှစ်တာပဲဖြစ်ပါ တယ်။ ကိုယ့်မှာပိုက်ဆံရှိတယ်။ ဖြစ်ခဲ့သမျှကို ငွေထုပ် ပိုက်ပြီး မိဘကလိုက်ရှင်းပေးမယ်ဆိုတာမျိုးဟာ မှန် ကန်တဲ့လုပ်ရပ်မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ် ပေါ်ကနေ နိုင်ငံတော်အဆင့်အထိ ဟိုးလေးတကျော် ဖြစ်ခဲ့ရတဲ့လူသတ်မှုမှာ မိဘတချို့ရဲ့ သားသမီးပေါ် အချစ်လွန်မှုဟာ ဘယ်လောက်အထိဆိုးရွားတဲ့ သက် ရောက်မှုတွေကိုဖြစ်စေတယ်ဆိုတာ အားလုံးအမြင်ပါ ပဲ။ ကိုယ့်သားသမီးကို အမှုကနေလွတ်အောင် လာဘ် ငွေပေးခဲ့တာ ပေါ်ပေါက်သွားတဲ့အတွက် တရားခံတွေ ကိုလွှတ်ပေးလိုက်တဲ့ ခရိုင်တရားသူကြီးကစလို့ ရာ ထူးအမြင့်ဆုံး တိုင်းဒေသကြီးဥပဒေချုပ်အဆင့်အထိ အဆင့်ဆင့်သော တရားရေးအရာရှိတွေဟာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အရေးယူမှုကို ခံလိုက်ရတာပါပဲ။ သူတို့ရဲ့သားသမီးတွေအနေနဲ့လည်း အမှုကို အစကနေ သေသေချာချာပြန်စစ်တာကို ခံရ တော့မှာမို့လို့ အပြစ်ရှိတယ်လို့သာ သက်သေထင်ရှား စီရင်ခံရရင် ပြစ်ဒဏ်ကလည်း မူလကထက်တောင် ပြင်းထန်သွားနိုင်ပါသေးတယ်။


မိဘတွေဟာ ကိုယ့်သားသမီးကို ငယ်စဉ်ကတည်းက မလိမ်တတ်ဖို့၊ မခိုးတတ်ဖို့၊ သူများပေါ်မှာ အနိုင်မကျင့်ဖို့၊ ရုပ်ဝတ္ထုတွေအပေါ်သာယာပြီး မမောက်မာတတ်ဖို့ သင်ကြားပေးကြရပါမယ်။ ဆရာမကြီး လူထု ဒေါ်အမာရဲ့ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်ခဲ့ဖူးပါတယ်။ ဆရာမကြီးအပျိုတုန်းက သူ့မိဘတွေက ဆေးလိပ်ခုံ လုပ်တယ်လို့ဆိုပါတယ်။ ဆေးလိပ်ခုံဆိုတာက ဆေးလိပ်လိပ်တဲ့အလုပ်သမလေးတွေ အများကြီးရှိတဲ့နေ ရာပေါ့။ ဆရာမကြီးကို သူ့အမေက အဝတ်အစားတွေ ပေါ်တိုင်း အသစ်ချုပ်မဝတ်ဖို့နဲ့ လက်ဝတ်လက်စား တွေ အများကြီးထုတ်မဝတ်ဖို့ကို ဆုံးမပါသတဲ့။ ဆေးလိပ်ခုံက အလုပ်သမလေးတွေမြင်ရင် ဆရာမကြီးနဲ့က ရွယ်တူတွေဖြစ်နေတော့ လိုက်မဝတ်နိုင်တဲ့အတွက် စိတ်ဆင်းရဲကြမှာစိုးလို့ပါတဲ့။ မိဘဆိုတာ ကိုယ့်သား သမီးကို အဲဒီလိုသင်ပြကြရမှာပါ။ ကိုယ့်နားကလူတွေ ကို မေတ္တာထားဖို့။ ကိုယ်ရှိလို့ ကိုယ်ဝတ်တာတောင် မဝတ်နိုင်တဲ့သူတွေ စိတ်မဆင်းရဲအောင် ဆင်ခြင်သင့် ရင် ဆင်ခြင်ရမယ်ဆိုတဲ့ ကရုဏာတရားကိုပါ ထည့်သင် ပေးသင့်ပါတယ်။


ကျောင်းနေအရွယ်ရောက်ပြီဆိုရင်တော့ ကလေး တွေကို ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး သင်ပြမယ့် ဆရာတွေ ထပ်တိုးလာပါတယ်။ ကျောင်းကဆရာတွေဟာ ကလေးကို မုဒိတာပွားနိုင်အောင်ပါ များများသင် ပေးကြရပါမယ်။ ကျောင်းစာမေးပွဲတွေမှာ အမှတ်များ တဲ့ကျောင်းသားကို အမှတ်နည်းတဲ့ကျောင်းသားတွေ မနာလိုဝန်တိုစိတ်မျိုးမဖြစ်စေဘဲ တို့သူငယ်ချင်းက ဥာဏ် ကောင်းလိုက်တာ။ အမှတ်တွေအများကြီးရအောင်၊ ဂုဏ်ထူးတွေအများကြီးဖြစ်အောင် ဖြေနိုင်တယ်။ တို့ လည်းသူ့လိုပဲ ကြိုးစားမှပဲဆိုတဲ့စိတ်ဓာတ်မျိုးဖြစ်အောင် သင်ပြပေးသင့်ပါတယ်။ ဒါ့အပြင် စာခိုးချလို့ စာမေးပွဲ အောင်တာဟာ ဂုဏ်ယူစရာမဟုတ်ဘူး။ ကိုယ်ကြိုးစား အားထုတ်မှုနဲ့ရလာတဲ့အမှတ်အပေါ်မှာပဲ ဂုဏ်ယူတတ် အောင်လည်း အမြဲသွန်သင်ပေးရပါမယ်။ ကျွန်တော် တို့နိုင်ငံက စာသင်ကျောင်းတွေရဲ့ဆောင်ပုဒ်ကိုက စိတ် ဓာတ်၊ စည်းကမ်း၊ ပညာလို့ ဆိုထားပါတယ်။ ကလေးတွေ ရဲ့စိတ်ဓာတ်ကို အကောင်းဆုံးပြုပြင်တည့်မတ်ပေးနိုင်တာ ကျောင်းတွေ ကဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်။


ရုပ်ရှင်ဇာတ်လမ်းတွေက လူတွေကို ကိုယ်ကျင့်တရားကောင်းတဲ့သူတွေဖြစ်အောင် ပြုပြင်ပေးနိုင်ကြပါတယ်။ တစ်ခါက အိမ်နီးချင်းနိုင်ငံမှာ နှစ်ပေါင်းများ စွာနေထိုင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြ ဖူးပါတယ်။ အဲဒီနိုင်ငံမှာ ယောက်ျားလေးတွေဟာ ရည်း စားထားရင်လည်း နှစ်ယောက်ထားတတ်သလို၊ အိမ် ထောင်ပြုရင်လည်း နောက်တစ်ယောက်ကို အလွယ် တကူထပ်ယူထားလေ့ရှိပါသတဲ့။ အဲဒီလို သုံးပွင့်ဆိုင် ဇာတ်လမ်းတွေဖြစ်လာပြီဆိုရင် မိန်းကလေးနှစ်ယောက်က ယောက်ျားလေးကို အပြစ်တင်လေ့မရှိဘဲ သူတို့ချင်း ချိန်းလို့ ပြဿနာရှင်းတတ်ကြတယ်လို့ ဆိုပါတယ်။ ပထမ တစ်ယောက်က ဒုတိယတစ်ယောက်ကို အပြစ်တင်တယ်။ ဒုတိယတစ်ယောက်က ပထမတစ်ယောက်ကို နောက်ဆုတ်ခိုင်းလေ့ရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ် တာလဲဆိုတာကို သူကဒီလိုရှင်းပြပါတယ်။ အဲဒီနိုင်ငံမှာ နှစ်ကာလအတော်ကြာကြာ သုံးပွင့်ဆိုင်အချစ်ဇာတ် လမ်းနဲ့ တီဗွီဇာတ်လမ်းတွဲတွေ ခေတ်စားခဲ့ပါတယ်။

 

နေ့စဉ် ဒီဇာတ်လမ်းတွဲမျိုးစုံကိုကြည့်ပြီး အရွယ်ရောက် လာတဲ့မိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်နဲ့ မိန်းမနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းဆိုတာ ပုံမှန်ပဲလို့ မြင်လာကြသလို၊ ယောက်ျားလေးကို ဖောက်ပြန်သူ လို့မစွပ်စွဲဘဲ တခြားမိန်းကလေးကိုသာ ပြိုင်ဖက်လို့ သဘောထားပြီး ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်တဲ့။ ကျွန်တော်တို့ဆီမှာလည်း အခုနှစ်ပိုင်းတွေမှာ ဆက် တိုက်ပြနေတဲ့ တီဗွီဇာတ်လမ်းတွဲတွေထဲက တစ်ယောက် နဲ့တစ်ယောက် အစွမ်းကုန်ယုတ်မာကြတာတွေ။ ဒုက္ခ ပေးကြတာတွေ။ အလုပ်ခွင်ထဲမှာ နေရာလုကြတာတွေ။ အိမ်ထောင်ရေးဖောက်ပြန်မှုကနေ ဘယ်သူနဲ့ရလို့ရ မှန်းမသိတဲ့ သားသမီးအရှုပ်တော်ပုံတွေကိုကြည့်ပြီး ကြီးပြင်းလာမယ့် မျိုးဆက်သစ်လူငယ်တွေဟာ စိုးရိမ် စရာ အတုယူမှားကုန်ကြမှာ ပူပန်စရာဖြစ်ပါတယ်။ ဒါကြောင့် ကြိုးစားလို့အောင်မြင်သူတွေ၊ ရိုးသားလို့ ဂုဏ်ယူစရာအဖြစ်မျိုးတွေ၊ မိသားစုကြားကမေတ္တာတ ရားကို ပေါ်လွင်အောင်ရိုက်ကူးပြတာမျိုးတွေ၊ စသဖြင့် ဒီလိုအတုယူစရာတွေပါဝင်တဲ့ ဇာတ်လမ်းတွဲတွေကို လည်း ရိုက်ကူးပြသပေးကြဖို့ တိုက်တွန်းချင်ပါတယ်။


ဝတ္ထုဆိုရင်လည်း ကျွန်တော်တို့လူပျိုပေါက်ဘဝက ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ ဝတ္ထုတွေကို စွဲစွဲ လမ်းလမ်းဖတ်ခဲ့ရပါတယ်။ ဇာတ်ကောင်မင်းသားရဲ့ သူ့ချစ်သူပေါ်မှာထားတဲ့ စောင့်ထိန်းမှုဆိုတာမျိုးတွေ ဟာ ကျွန်တော်တို့အတွက် စံနမူနာဖြစ်ခဲ့ရပါတယ်။ ချစ်သူ့နှုတ်ခမ်းဖျားကို လက်ညှိုးလေးနဲ့ထိလိုက်မိတာ သုံးရက်လောက်အိပ်မပျော်ဘူးဆိုတာမျိုးကို ကျွန်တော် တို့တစ်တွေစိတ်ကူးယဉ်ခဲ့ကြတယ်။ အခုခေတ်လူငယ် တွေကတော့ ရယ်မှာပေါ့။ နှစ်ဦးသဘောတူရင် ဘာ မဆိုဖြစ်လို့ရတယ်ဆိုတဲ့ခေတ်ကို ရောက်နေပြီမဟုတ် လား။ ဒါပေမဲ့ ချစ်သူအပေါ် သစ္စာရှိရှိနဲ့စောင့်ထိန်း တာဟာလည်း ကိုယ်ကျင့်တရားတစ်မျိုးပဲဖြစ်ပါတယ်။ နေ့သုံးတည်းခိုခန်းတွေပေါလာတာ။ ပြဿနာမဖြစ်ခင် အလွယ်တကူသောက်လို့ရတဲ့ဆေးဝါးတွေ ပေါ်လာ တာ။ စိတ်သွားတိုင်း ကိုယ်ပါလို့ရတဲ့ခေတ်မှာ မြတ်နိုး ခြင်းဆိုတဲ့စကားလုံးကို မေ့ထားလိုက်ကြတော့မှာလား။ ချစ်တာထက်ပိုတဲ့မြတ်နိုးမှုဟာ စောင့်ထိန်းခြင်းတွဲပါတဲ့ ချစ်ခြင်းဘွဲ့တစ်မျိုးဖြစ်ပါတယ်။ စာရေးသူတွေရဲ့ ဖွဲ့နွဲ့မှုအောက်မှာ အချစ်ဟာနူးညံ့ချင်တိုင်း နူးညံ့လို့ ရသလို၊ ကြမ်းတမ်းချင်တိုင်းလည်း ကြမ်းတမ်းခွင့်ရှိနေတာပါပဲ။ အနုပညာကိုဘောင်မခတ်သင့်ပေမယ့် အနုပညာဆိုတာ အကြမ်းပညာမဟုတ်ဘူးဆိုတာကိုလည်း ဖန်တီးသူတွေက သတိပြုကြရမှာဖြစ်ပါတယ်။


ကျွန်တော်တို့တစ်တွေဟာ ခေတ်သစ် စနစ်သစ်ကို တောင့်တခဲ့ကြတယ်။ လူ့သဘာဝအရ ပိုကောင်းမယ် ထင်တဲ့စနစ်ကို တောင်းဆိုကြတာပါပဲ။ သူများကိုလို နီဘဝကနေ လွတ်လပ်ရေးကိုတောင်းဆိုခဲ့ကြတယ်။ အာဏာရှင်လက်အောက်ကနေလွတ်လပ်တဲ့ ဒီမိုကရေစီ ကို တောင်းဆိုခဲ့ကြတယ်။ နိုင်ငံရဲ့စနစ်ကြီးတစ်ခုလုံး ကိုတောင်မှ ပိုကောင်းလာအောင်ကြိုးစားနိုင်ခဲ့ကြတဲ့ ကျွန်တော်တို့တစ်တွေဟာ ကိုယ်ကိုယ်တိုင်လည်း ပို ကောင်းတဲ့လူတွေဖြစ်အောင် အားထုတ်သင့်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပိုကောင်းတဲ့လူတွေ ပါဝင်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် ဆောင်ရွက်ကြရပါမယ်။ ကိုယ်ကျင့်တရားကိုတန်ဖိုးထားတဲ့ လူ့အဖွဲ့အ စည်းဖြစ်ဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိနေပါတယ်။ ကျွန်တော်တို့ရဲ့နောက်မျိုးဆက်ကို ဘယ်လို မျိုးဆက်အဖြစ် ထားခဲ့ချင်တာပါလဲ။ ကျွန်တော်တို့ရွေး ချယ်ရမယ့်အချိန်ကို ရောက်နေပြီဖြစ်ပါတယ်။ ။

ကိုမင်းအို

#democracytoday

Rate this item
(0 votes)
back to top