HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ပညာရေးနှင့် နိုင်ငံရေးသိပ္ပံ သင်ကြားရေး

ပညာရေးနှင့် နိုင်ငံရေးသိပ္ပံ သင်ကြားရေး

<<<<<<<>>>>>>>>

ဒေါက်တာမောင်သင်း

 <<<<<<<>>>>>>>>

ပညာရေးဟာ နိုင်ငံတိုင်းရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးရေးကို စွမ်းဆောင်သူများမှာ လူသားပင်ဖြစ်ပါသည်။ လူသားဆိုပေမယ့် အရည်အသွေးနိမ့်ကျသူများဖြင့် ဖော်ဆောင်၍ မဖြစ်နိုင်ကြောင်း သမိုင်းကသက်သေပြခဲ့ပါသည်။ လူသားရဲ့ စွမ်းဆောင်ရည်မြင့်မားအောင် သမိုင်းစဉ်ဆက် လေ့ကျင့်ပေးသည့်လုပ်ငန်းကတော့ ပညာရေးပင် ဖြစ်ပေသည်။ သို့ပါ၍ နိုင်ငံတစ်နိုင်ငံလုံးရဲ့ အရေးအရာတွေ ဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေမှာ ပါဝင်စွမ်းဆောင်ကြမည့် အရည်အသွေးမြင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွေးထုတ်ပေးတဲ့ လုပ်ငန်း ဖြစ်လို့ ပညာရေးဟာ နိုင်ငံရေးပဲဖြစ်ပါသည်။ ထို့အတူ နိုင်ငံရေးရဲ့အရေးအရာထဲမှာ ''ပြည်သူများတွင်လည်း နိုင်ငံရေးအသိအမြင်ကျယ်ခြင်း'' ဆိုတဲ့ အင်္ဂါရပ်တစ်ခုလည်း ပါဝင်ပါသည်။

ယနေ့ ကျွန်တော်တို့ချီတက်နေတဲ့ လူ့ဘောင်အဖွဲ့အစည်းဟာ ''စံပြည့်ဒီမိုကရေစီ လူ့အဖွဲ့အစည်း''ဖြစ်ပါသည်။ အဲဒီလူ့အဖွဲ့အစည်းမှာ ပညာရည်ပြည့်ဝသူ နိုင်ငံသူ၊ နိုင်ငံသားကောင်းတွေ ပြည့်လျှံနေဖို့လိုအပ်ပါသည်။ အဲဒီလို နိုင်ငံသားတွေ ဖြစ်လာဖို့အတွက် တော့ ပထမအဆင့်အနေဖြင့် အခြေခံကျောင်းတွေမှာ ''ပြည့်သူ့နီတိ'' သင်ကြားပေးရမှာမို့ ပညာရေးကမဖြစ်မနေ ဖြည့်ပေးနေပါသည်။ နိုင်ငံသားတွေမှာ ပြည့်သူ့ နီတိကျင့်ဝတ်တွေ ပြည့်လျှံနေရုံနဲ့လည်း မပြီးသေးပါ။ နိုင်ငံရေးအသိအမြင် အခြေခံလည်း ရရှိရန်လိုအပ်ပါသေးသည်။ ပြီးနောက် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူတွေ ရဲ့အကျိုး စွမ်းစွမ်းတမံသည်ပိုးမယ့် နိုင်ငံရေးသမား ကောင်း (Good Politicians)တွေလည်း ရှိကိုရှိရပေမည်။ ကျွန်တော်တို့ရဲ့အနာဂတ်မှာ အခြေအနေအရ၊ အချိန်အခါအရ၊ ရုတ်တရက်ပေါ်ထွန်းလာတဲ့ ခါတော်မီနိုင်ငံရေးသမားတွေအစား စနစ်တကျလေ့ကျင့်ပျိုး ထောင်ပေးထားသည့် နိုင်ငံရေးသမားကောင်း(Well- trained and experiented) တွေ စဉ်ဆက်မပြတ်ပေါ် ထွန်းလာဖို့လိုပါသည်။

 

 

ပညာရေးဆိုတာ အနာဂတ် လူ့ဘောင်အတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းမို့ နိုင်ငံ ရေးဖွံ့ဖြိုးမှုကို ဦးစားပေးမည့် ပြည့်ဝနိုင်ငံရေးသမား (Politician) များကို လေ့ကျင့်ပေးရန်လည်း တာဝန်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံရေးအခြေခံဖြစ်တဲ့ ရပ်ရေး၊ ရွာရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးအကြောင်းအရာတွေကို အခြေခံပညာရေးမှာ ''ပြည်သူ့ရေးအသိပညာ'' အဖြစ် အလယ်တန်းနှင့် အထက်တန်းအဆင့်များတွင်သင်ကြားပေးရန် လိုအပ်ပါလိမ့်မည်။ ထို့နောက်အရွယ် ရောက်ပြီးသူတွေတက်တဲ့ မြန်မာ့တက္ကသိုလ် တော် တော်များများမှာ နိုင်ငံရေးသိပ္ပံပညာရပ် (Political Science) ကို ဘွဲ့အပ်နှင်းနိုင်တဲ့ အထူးပြုဘာသာရပ် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်သင်ကြားပေးပြီး နိုင်ငံရေး သမားကောင်းတွေ လေ့ကျင့်မွေးထုတ်ပေးဖို့ လိုမယ် ထင်ပါသည်။

 

နိုင်ငံရေးသိပ္ပံဆိုလို့ ပါတီတစ်ခုရဲ့ ''မူဝါဒ''လောက် သာသိစေတဲ့ နိုင်ငံရေးသိပ္ပံမျိုးတော့ မဖြစ်သင့်ပါ။ နိုင်ငံရေးပါတီတစ်ခုရဲ့ မူဝါဒသက်သက်ကိုသာ သိစေပြီး အခြားမူဝါဒတွေ၊ စနစ်တွေကို ကန့်သတ်လိုက်တာဟာ လူငယ်တွေကို နိုင်ငံရေးအသိÓဏ်ပညာတံခါးကို ပိတ်လိုက်ခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ မ.ဆ.လ ခေတ်မှာကြုံခဲ့ရပြီးပါပြီ။ ဆက်မမှားသင့်တော့ပါဟု မြင်မိပါသည်။ ယနေ့သင်ကြားသင့်တဲ့ ''နိုင်ငံရေးသိပ္ပံ''ဆိုတာ ဘောင်ခတ်ထားတဲ့ပညာရပ် လုံးဝမဟုတ်ရပါ။ ဘာလို့လဲဆိုတော့ ''ဝါဒတစ်ခုတည်းကိုသာ တညီတညွတ် လက်ခံရမည်ဆိုသော အယူအဆသည် သေးသိမ်၏။ ထိုဝါဒကိုကိုင်ဆွဲရင်း ညီညွတ်ရေးပျက်စီးရသော နိုင်ငံ တွေများလှပြီ။ မတူသောအမြင်တွေကို ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်သောစနစ်ကြောင့် ကမ္ဘာ့သမိုင်းတစ်လျှောက် ထိုမျှလောက် မပျက်စီးဖူးပါ။ တစ်ယူသန်ဒိဋ္ဌိ ကြောင့် ဆိုးကျိုးတွေပေါ်ပေါက်ခဲ့သည်။ ဤဆိုးကျိုးကိုကာကွယ် ပေးရန် ကျောင်းဆရာတွင် အဓိကတာဝန်ရှိပေသည်''တဲ့။

 

 

ဘာထရန် ရပ်ဆယ်ရဲ့အဆိုပါ။ သူ့အချိန်တုန်း (သက္ကရာဇ် ၁၉၈ဝ ကာလ)ကတော့ ဟိုဝါဒ၊ ဒီဝါဒတွေ ခေတ်စားသည့်အချိန်ဖြစ်ပါသည်။ ယနေ့အခါမှာ တော့ ဟိုအခွင့်အရေး၊ ဒီအခွင့်အရေး ပေါ်ပြူလာဖြစ်သည့်အချိန်ပါ။ ဥပမာ-လူ့အခွင့်အရေးဆိုတဲ့ ရှုထောင့်တစ်ခုတည်းကကြည့်ပြီး ပြောဆိုလုပ်ကိုင်နေရင်တော့ လူ့အဖွဲ့အစည်းရဲ့ ပကတိလူမှုအခြေခံတွေကိုထိပြီး ပျက်စီးသွားနိုင်ပါသည်။ မတူကွဲပြားမှုတွေကို လက်ခံ နိုင်ပြီး ယနေ့ရေပန်းစားနေတဲ့ ''စားပွဲဝိုင်းယဉ်ကျေးမှု နိုင်ငံရေး''ရဲ့ ကြီးမားတဲ့တန်ဖိုးကို အကောင်အထည် ဖော်ရပါမည်။ ဒါကြောင့်မို့ ယနေ့ကျွန်တော်တို့ တက္ကသိုလ်တွေက သင်ပေးရမည့် နိုင်ငံရေးသိပ္ပံဆိုတာဟာ ယခင်နှင့်ယခုဖြစ်ပေါ်နေဆဲ နိုင်ငံတကာနှင့် မြန်မာ့နိုင်ငံရေးအခြေအနေတွေကိုအခြေခံပြီး အနာဂတ် မြန်မာ့လူ့ဘောင် (မိမိနိုင်ငံရဲ့ဖွံ့ဖြိုးရေး၊ နိုင်ငံရေး၊ စီး ပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကို အခြေပြုတဲ့) သွားရမယ့်လမ်းကြောင်းကို ပြတ်ပြတ်သားသားမြင်နိုင်စွမ်း ရှိတဲ့ နိုင်ငံရေးအရည်သွေးမျိုး မျိုးဆက်သစ်တွေမှာ ရှိလာအောင်သင်ကြားလေ့ကျင့်ပေးရန် ဖြစ်ပါသည်။ နိုင်ငံနှင့်လူမျိုး၏ ရှေ့ရေးအတွက် လုပ်ဆောင်ရန်ဖြစ်ပါသည်။

 

၁၉၈၅ ခုနှစ်မှာ ကျွန်တော်ပါရဂူဘွဲ့ယူရန် အနောက်ဂျာမဏီကို ပညာသင်သွားတုန်းက အဆောင်မှာ အခန်းချင်းကပ်လျက်နေတဲ့သူက နိုင်ငံရေးမဟာသိပ္ပံဘွဲ့တက်နေသူပါ။ အဲဒီအချိန်က မြန်မာပြည်မှာ ကွန်မြူနစ်ပါတီဟာ တောတွင်းကနေ ဆန့်ကျင်သူတွေပါ။ အရှေ့ဂျာမဏီကို ဘာကြောင့် အနောက်ဂျာမဏီက ကူညီနေတဲ့အကြောင်း သတင်းတွေနဲ့ပတ်သက်ပြီး သူ့ကိုမေးတဲ့အခါမှာ ''သူဟာသူ ကွန်မြူနစ်ဖြစ်နေပေမယ့် တကယ်တော့ အရှေ့ဂျာမဏီဟာလည်း ဂျာမန် တွေမို့ ညီရင်းအစ်ကိုမောင်နှမတွေပါပဲ။ ဒါကြောင့် ဝါဒချင်းမတူတဲ့ အရင်းရှင်အနောက်ဂျာမဏီက ကွန် မြူနစ်အရှေ့ဂျာမဏီကို တစ်အူထုံဆင်းညီအစ်ကိုရင်း စိတ်ထားနဲ့ကူညီတာပါတဲ့။ သွေးရင်း၊ သားရင်းစိတ်ထားက အားလုံးသောဝါဒထက် ပိုကောင်းတဲ့ နိုင်ငံရေး စိတ်ထားပါ''ဆိုပြီး ရှင်းပြပါတယ်။ ကျွန်တော်က မြန်မာပြည်က ကွန်မြူနစ်တွေကိုကြည့်ပြီး ဝါဒမတူရင် လူမျိုးအတူတူတောင် ရန်သူလို့ထင်ခဲ့တာ နိုင်ငံရေး သိပ္ပံကိုစနစ် တကျသင်ထားတဲ့သူရဲ့ ''သွေးသားအ ရင်းထက် မြင့်မြတ်တဲ့ နိုင်ငံရေးဝါဒမရှိပါ'' ဆိုတဲ့ အပေါ်ယံကအရောင်ဆိုးထားတာကို ဖယ်ပြီး အနှစ်သာရကို ကြည့်ရမယ်ဆိုတဲ့အသိကို ရခဲ့ပါသည်။ နိုင်ငံ ရေးသိပ္ပံ စနစ်တကျလေ့လာထားတဲ့ ဂျာမန်သူငယ်ချင်းနဲ့ အဲဒီဘာသာရပ်မသင်ခဲ့တဲ့ ကျွန်တော့်ရဲ့နိုင်ငံ ရေးအမြင် အတော်ကွာပါလားလို့ အဲဒီကတည်းက သတိပြုမိခဲ့ပါသည်။

 

ကျွန်တော့်သူငယ်ချင်းဆီမှာ ဘာတွေသင်လဲဆိုတာ မေးကြည့်မိပါတယ်။ သူသင်ရတာက ဘွဲ့ကြိုတန်းမှာ မယူမနေရဘာသာရပ်(Foundation Course) အနေနဲ့ သမိုင်း၊ စီးပွားရေး၊ ဥပဒေ၊ ပထဝီဝင်ဘာ သာရပ်တွေနဲ့အတူ နိုင်ငံရေးဒဿန၊ နိုင်ငံရေးသမိုင်း၊ နိုင်ငံတကာစစ်ပွဲများ၊ နိုင်ငံရေးစနစ်များ (ဒီမိုကရေစီ၊ ဖယ်ဒရယ်စနစ်၊ ပါလီမန်စနစ်၊ သမ္မတစနစ်၊ သက်ဦး ဆံပိုင်ဘုရင်အုပ်ချုပ်ရေး၊ အာဏာရှင်စနစ်၊ စည်းမျဉ်း ခံဘုရင်စနစ်များ) နိုင်ငံရေးဝါဒများ (အရင်းရှင်၊ ကွန် မြူနစ်၊ ဆိုရှယ်လစ်၊ ဖက်ဆစ်နှင့် နာဇီဝါဒ)၊ ပြည်သူ့ အုပ်ချုပ်ရေး၊ ရွေးကောက်ပွဲများနှင့်မဲဆွယ်ခြင်း အနုပညာ၊ အစိုးရအမျိုးမျိုး၊ ကမ္ဘာတစ်လွှားမှ ပါတီအမျိုး မျိုး၊ အချုပ်အခြာအာဏာ၊ ဥပဒေပြုပြင်ခြင်း၊ တရား စီရင်ခြင်း၊ အာဏာခွဲဝေပုံအမျိုးမျိုး စသည်ဖြင့် သင် ကြားရတယ်လို့ မှတ်မိခဲ့ပါသည်။

 

နိုင်ငံရေးအမြင်ကျယ်မှုဟာ မြန်မာတွေကို ''ကျွန်ဘဝ''ကနေ ''သခင်ဘဝ''ကို ရောက်စေခဲ့ပါသည်။ ကျွန်တော်တို့ရဲ့ တက္ကသိုလ်ရောက်လာကြတဲ့ ဦးနု၊ သခင်အောင်ဆန်း၊ ကိုဗဟိန်းတို့လို လူငယ်တွေဟာ ပညာတတ်လာကြတော့ နိုင်ငံရေးအသိအမြင်ကျယ်လာကြပါသည်။ သူတို့တစ်တွေက တစ်ပြည်လုံးရှိ မြန်မာ တွေကို နိုင်ငံရေးအမြင် ပွင့်လင်းလာအောင် ဆောင်ရွက်ပြီး အင်္ဂလိပ်ကိုတော်လှန်ခဲ့ကြလို့ ကျွန်ဘဝရောက် နေတဲ့မြန်မာတွေ သခင်ဘဝကို ပြန်ရောက်ခဲ့တာပါ။ နိုင်ငံရေးအမြင်ကျယ်တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေရဲ့ အသက်သွေး၊ ချွေးတွေကြောင့် မွေးကတည်းက ကျွန်တော်တို့သခင်ဘဝရောက်ခဲ့ပါသည်။ လွတ်လပ် ရေးခေါင်းဆောင်ကြီးတွေလိုချင်တဲ့ သခင်ဘဝက ''ခပ် နိမ့်နိမ့်သခင်ဘဝ''မဟုတ်ပါ။ '' ကမ္ဘာမှာ မော်ကြွားနိုင်တဲ့ သခင်ဘဝ''ပါ။

 

 

အဲဒီလိုဖြစ်ဖို့တော့ ကမ္ဘာ့နိုင်ငံရေး အသိအမြင်ကျယ်ရပါမည်။ သမိုင်းမှာ နိုင်ငံတကာရဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးကို စိတ်ဝင်စားမှုနည်းခဲ့တဲ့ ''သီပေါဘုရင်''ကြောင့် ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့တဲ့သင်ခန်းစာကို သတိရပြီး ယနေ့ခေတ်သစ်ကိုလို နီဝါဒဖြစ်တဲ့ အဝေးထိန်းနိုင်ငံရေးစီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် မီဒီယာနှင့်ကျူးကျော်မှု စသည့်ဘက် ပေါင်းစုံအသုံးပြုကာ ကျွန်ပြုမယ့်အရေးကို စူးရှတဲ့ နိုင်ငံရေးအမြင်နဲ့ ကြိုမြင်ပြီး အဲဒီလိုကျွန်ပြုမခံရ အောင် ကာကွယ်နိုင်ရန်အတွက် လူငယ်တွေရဲ့ဦးနှောက် တံခါးနှင့် နားမျက်စိဖွင့်ပေးမည့် နိုင်ငံရေးသိပ္ပံကို သင်ပေးရပါမည်။

 

တက္ကသိုလ်ဆိုတာ သူတည်ရှိရာအရပ်နဲ့ ဝန်းကျင်ကို ပညာနားမျက်စိဖွင့်ပေးရင်း နိုင်ငံတော်က လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်တွေကို လေ့ကျင့် ပေးနေတဲ့နေရာဖြစ်ပါသည်။ အဲဒီထဲမှာ အနာဂတ် မြန်မာ့ ဒီမိုကရေစီလူ့ဘောင်ကို ပြတ်ပြတ်သားသား မြင်နိုင်စွမ်းရှိတဲ့ နိုင်ငံရေးအသိပညာကြွယ်ဝသူများလည်း မဖြစ်မနေပါဝင်ပါသည်။ ယနေ့ မြန်မာ့တက္ကသိုလ်တွေဟာ ''သူ့ဒေသကတောင်းဆိုတဲ့ နိုင်ငံရေး အမြင်ကျယ်သူ ပညာတတ်များ''ကို စနစ်တကျလေ့ ကျင့်မွေးထုတ်ပေးရမယ့်အချိန်လည်း ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါ ဂျပန်နိုင်ငံအတွင်းရှိ ကျောင်းတွေမှာ ''နိုင်ငံရေးသိပ္ပံ'' သင်ကြားခဲ့ပါသည်။ ရှေးရိုးစဉ်လာသမားတွေက ကန့်ကွက်ခဲ့ကြပါသည်။ သင်ကြားရတဲ့ရည်ရွယ်ချက်က ''သူ့ပါတီ၊ ငါ့ပါတီ အတွက် အားကောင်းမောင်းသန် ဟစ်ကြွေးနေဖို့၊ ကိုယ့်ပါတီအာဏာရဖို့အတွက် ကြိုးစားဖို့မဟုတ်ပါ။ ဂျပန် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘယ်လိုအကောင်းဆုံး ဆောင်ရွက်ရမယ်ဆိုတဲ့ အမြင်နဲ့ခံယူချက် လူငယ်တိုင်းမှာရရှိစေဖို့အတွက်ပါ''လို့ ဂျပန်ပညာရေးဝန်ကြီးက ရှင်းလင်းပြခဲ့တယ်လို့ မှတ်သားဖူးပါသည်။ နိုင်ငံ ရေးသိပ္ပံဟာ ပါတီလူတစ်စု၊ တစ်ဖွဲ့အတွက် မဟုတ် ရပါ။ နိုင်ငံအကျိုးအတွက်သာ ဖြစ်ရပေမည်ဟု ဆိုလို ပါသည်။

 

ယနေ့ကျနော်တို့နိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာဖြင့် အကောင်အထည်ဖော်နေပါပြီ။ ပါတီအသီးသီးကို ဦးဆောင်ကြမည့် ပါတီခေါင်းဆောင် များ၊ ပါတီဝင်များ အဲဒီကမှတစ်ဆင့်တက်လျှင် ပြည်သူများ၏ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် တွေဖြစ်ကြပြီး နိုင်ငံတော်ရဲ့အနာဂတ်ကို ဦးစီးပဲ့ကိုင် ဖြစ်လာကြမယ့်သူများမှာ ကျယ်ပြန့်ပြီး ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်ကို ပိုင်ဆိုင်ဖို့လိုပါသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးပါတီအသီးသီးနဲ့ ပြည်သူ့ရေးရာများ ကို စီမံခန့်ခွဲကြမည့်သူတွေဆီမှာ ''နိုင်ငံရေး ဒဿန၊ နိုင်ငံရေးစနစ်များ၊ ပထဝီဝင်နှင့် ပထဝီနိုင်ငံရေး၊ နိုင်ငံရေးဂေဟဗေဒ (Political ecology)၊ ဥပဒေကမ္ဘာ့နိုင်ငံများ၊ မြို့ပြနိုင်ငံများ (ယနေ့ရှိနေတဲ့ မိုနာကို၊ စင်ကာပူနဲ့ ဗာတီကန်) နိုင်ငံတကာဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေများ၊ စီးပွားရေး(နိုင်ငံရေးဘောဂဗေဒ အပါအဝင်)၊ သမိုင်း (ကမ္ဘာ့သမိုင်း၊ မြန်မာ့သမိုင်း၊ နိုင်ငံရေးသမိုင်း)၊ စစ်ပွဲများ၊ နိုင်ငံရေးဝါဒများ၊ နိုင်ငံတကာ နိုင်ငံရေးပါတီများ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများ (UN, ASEAN, EU, NATO အစရှိသဖြင့်) နိုင်ငံ တကာအစိုးရအဖွဲ့အစည်းများ၏ ပုံသဏ္ဌာန်များ၊ ဒီမိုကရေစီရဲ ''အနှစ်သာရ''၊''စံ''၊''အကျင့်'' စားပွဲဝိုင်း နိုင်ငံရေး(သို့) ညှိနှိုင်းဆွေးနွေးတတ်မှု အတတ်ပညာ၊ အရည်အသွေးရှိသူသာ စီမံခန့်ခွဲသည့်စနစ် (Meritocracy)၊ နိုင်ငံတကာ ညှိနှိုင်းဆွေးနွေးမှုများ၊ နိုင်ငံတကာဆက်ဆံရေး၊ ဖက်ဒရယ်မူ (Federalism)၊ နိုင်ငံတကာနှင့် မိမိနိုင်ငံရဲ့ အမျိုးသားရေးစံနှုန်းများ၊ တိုင်းရင်းသားပေါင်းစုံရဲ့ စီးပွားရေး၊ လူမှုရေး၊ စာပေ၊ ယဉ် ကျေးမှု၊ ရိုးရာဓလေ့'' စသည်တို့ကို ပါတီစွဲ၊ ဂိုဏ်းဂဏစွဲကင်းစွာနဲ့ လေ့လာသုံးသပ်နိုင်စွမ်းရှိတဲ့ နိုင်ငံရေး ပညာအခြေခံရှိဖို့ မဖြစ်မနေလိုအပ်ပါသည်။

 

အနာဂတ်ဒီမိုကရေစီ မြန်မာ့လူမှုအဖွဲ့အစည်းကို ဦးဆောင်ကြမည့် မျိုးဆက်သစ်တွေအနေနဲ့ မိမိ ဆောင်ရွက်ရမယ့် နိုင်ငံရေးကို လုပ်ငန်းခွင်ထဲရောက်မှ လေ့လာကြမယ်အစား ကြိုတင်လေ့လာထားသင့်ပါတယ်။ လေ့လာသင်ယူနိုင်သည့် အခွင့်အရေးရအောင်လည်း ယနေ့ပြောင်းလဲမည့် ကျွန်တော်တို့ရဲ့ပညာရေးက စီမံပေးရန်လိုအပ်လိမ့်မည်။ အဲဒီလိုမဟုတ်ရင် တကယ့်နိုင်ငံရေးဆိုတာ အစိုးရကို မကောင်းပြောတာ၊ အစိုးရရဲ့ ထုတ်တဲ့ဥပဒေ၊ အမိန့်ညွှန်ကြားချက် ပေါ်လစီနဲ့ မူမှန်သမျှဆန့်ကျင်တာကို ''နိုင်ငံရေးလို့ မြင်နေဦးမယ်။ ဟိုစာစောင်၊ ဒီစာအုပ်လေးတစ်ခုနှစ်ခုဖတ်ပြီး တစ်ဖက်ပိတ်အမြင်ကို နိုင်ငံရေးဟုထင်သူ ဖြစ်လာမှာစိုးပါသည်။ အဲဒါဆိုရင် နိုင်ငံရဲ့ တကယ့်အရေးအရာဖြစ်တဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တိုင်း ပြည်ဖွံ့ဖြိုးရေး၊ ပြည်သူရဲ့ ''စား''၊ ''ဝတ်''၊ ''နေ'' ရေး တွေကို သယ်ပိုးတဲ့အခါမှာ နိုင်ငံရေးအစာမကြေ ဖြစ်နိုင်ပြီး နိုင်ငံတော်နှင့် ပြည်သူတွေဆိုးကျိုး ကြုံရတဲ့ အဖြစ်မျိုးရောက်မှာ အလွန်စိုးရိမ်မိပါသည်။

 

 

ဒါ ကြောင့်မို့ ''နိုင်ငံရေးသိပ္ပံ''နဲ့ ယင်းနဲ့ဆက်စပ်နေတဲ့ ပညာရပ်မှာ အနိမ့်ဆုံးသီအိုရီသဘော ကျွမ်းကျင်ပိုင် နိုင်ဖို့လိုပါတယ်။ နိုင်ငံရေးပညာတွေ ကျွမ်းကျင်လို့ ကျယ်ပြန့်တဲ့အမြင်ရှိလာပြီဆိုလျင် သဘောထားကြီး မှုတွေ၊ နားလည်မှုတွေ၊ စာနာမှုတွေ၊ ညီညွတ်စိတ်ထားတွေနဲ့အတူ တိုင်းပြည်နဲ့လူမျိုးနိမ့်မှာ စိုးရိမ်ပြီး မိမိလူမျိုးနဲ့ နိုင်ငံကို မြှင့်တင်လိုစိတ်၊ ဂုဏ်တက်အောင် စွမ်းဆောင်ချင်တဲ့စိတ်ထားတွေပါ ပြည့်ဝလာပါတယ်။ သူ့အဖွဲ့၊ ငါ့အဖွဲ့ဆိုတဲ့ အပေါ်ယံအလွှာကို ခွာချပြီး မြင်နိုင်စွမ်းရှိရပါမည်။ ဥပမာ- လွှတ်တော်ထဲကို ပြည်သူက နိုင်ငံအကျိုးသယ်ပိုးရန် မဲပေးလွှတ်လိုက်တာပါ။ ပါတီတစ်ခုခုအတွက်ဆိုရင် မဲပေးမှာမဟုတ်ဘူးဆိုတဲ့ အသိတရားကို ပိုင်ဆိုင်လာပါလိမ့်မည်။ နိုင်ငံရေးအ မြင်မရှိသူတွေကတော့ နိုင်ငံအတွက် အဓိကမဟုတ်၊ လူတစ်စုပါတီအတွက်သာလုပ်ရင်း ပြည်သူတွေကြား ကောင်းတာတစ်ခုခုကို ဟစ်ကြွေးနေကြပါလိမ့်မည်။ ဤအဖြစ်မျိုး နိုင်ငံမှာကင်းရန်အတွက် ''နိုင်ငံရေး သိပ္ပံ'' ကို မဖြစ်မနေသင်ကြားရန်လိုပါသည်။

 

လွတ်လပ်ရေးဖခင်ကြီးတွေ နိုင်ငံရေးအမြင် ကျယ်ခဲ့လို့ ကျွန်တော်တို့ လွတ်လပ်တဲ့သခင်ဘဝ ရနေတာပါ။ နောက်မျိုးဆက်ဆိုတာ အရင်မျိုးဆက်ထက် သာလွန်ရမှာမို့ ကျွန်တော်တို့က သူတို့ရဲ့သားစဉ်မြေး ဆက်ပီပီ နိုင်ငံရေးအတွေးအမြင် ပိုမိုမြင့်မားဖို့လိုပါသည်။ ဒါမှသာ နိုင်ငံရေးအရည်အသွေး ပြည့်ဝသူသာ စီမံခန့်ခွဲတဲ့ တိုင်းပြည်အဆင့်ကို ကျွန်တော်တို့ရောက်ရှိနိုင်ပြီး ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး မှုလမ်းကြောင်းပေါ်မှာ မြန်မာတွေအနေဖြင့် အားမာန် ဝံ့ဝံ့လျှောက်လှမ်းနိုင်တဲ့ဘဝ ရောက်ကြမှာပါ။ အဲဒါဟာ လွတ်လပ်ရေးဖခင်ကြီးတွေတောင့်တခဲ့တဲ့ ဂုဏ်ရှိန်ဝင့်တဲ့ မြန်မာတွေရဲ့ သခင်ဘဝပါ။ သို့ပါ၍ အနာဂတ်ဒီမိုကရေစီလူ့ဘောင်ကို ကောင်းမွန်စွာပဲ့ကိုင်နိုင်မည့် နိုင်ငံရေးအသိပညာကြွယ်ဝသည့် စွမ်းရည်မြင့် နိုင်ငံရေးသမားများ မွေးထုတ်ပေးနိုင်ရန် ဘယ်ပါတီ၊ ဘယ်ဝါဒ၊ ဘယ်ဘာသာ၊ ဘယ်အခွင့်အရေး၊ ဘယ်အုပ်စုရဲ့ လွှမ်းမိုးခံမဟုတ်တဲ့''နိုင်ငံရေးသိပ္ပံ ပညာ စစ်စစ်'' ကို ပြောင်းလဲလိုတဲ့ ကျွန်တော်တို့ရဲ့ပညာရေးမှာအထူးသဖြင့် တက္ကသိုလ်တွေက မဖြစ်မနေ သင်ကြားဖြည့်ဆည်းပေးဖို့ လိုအပ်တဲ့အချိန်လို့ မြင်မိ ကြောင်း ရေးသားလိုက်ရပါသည်။ ။

ဒေါက်တာမောင်သင်း

#democracytoday

Rate this item
(0 votes)
back to top