HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ပြောသူသည် နားထောင်တတ်သူ မဟုတ်

ပြောသူသည် နားထောင်တတ်သူ မဟုတ်

ဒိုးဒိုးဒေါက်

----------------

ပြီးခဲ့တဲ့နေ့တစ်နေ့က နေပြည်တော်သား အကျွန် ငဒေါက်ငနဲသား ဈေးသွားတော့ မျှော်လင့်မထားတဲ့သူတစ်ဦးနဲ့ တည့်တည့်ကို တိုးပေတာပ။ အကျွန်နဲ့သူ ကွဲကွာခဲ့တာ ဆယ်စုနှစ်၊ နှစ်နှစ် လောက်တောင် ကြာပါပကောလားဗျာ။ သူ့ကိုမြင်မြင်ချင်း အကျွန်က မှတ်မိသလို၊ သူကလည်း မှတ်မိလေသဗျ။ သူ့နာမည်က ကိုအောင်တင့်(အမည်လွှဲ)ပါ။ အကျွန့်ထက် အသက်ငါးနှစ်ကျော်ကျော်ကြီးသူမို့ အကျွန်အပါအဝင် သက်တူရွယ်တူ လူငယ်များက ချစ်စနိုးဖြင့် အစ်ကိုအောင်လို့ ခေါ်ပေတယ်ပ။ အစ်ကိုအောင်ဟာ ခပ်ပျော်ပျော်နေတတ်တဲ့ လူပျိုကြီး တစ်ဦးပါပေ။ သလို ချစ်စနိုးခေါ်တာကို အစက သဘောဝှေ့ နှစ်ခြိုက်ပေမယ့် နောက်တော့ ဘယ်လိုအတွေးပေါက်သွားသလဲမသိ။

''ဟေ့ကောင်တွေ... မင်းတို့ ငါ့ကို အဲဒီနာမည် မခေါ်နဲ့ မကြိုက်ဘူး''

လို့ ပြောတော့ အကျွန်တို့ တစ်သိုက်က -

''ချစ်အစ်ကိုကြီးမို့ ချစ်စနိုးခေါ်တာပဲ ဥစ္စာ အစ်ကို အောင်ရာ''

လို့လည်းဆိုရော သူက -

''အေး... အဲဒီအစ်ကိုအောင်ကိုပဲ မကြိုက် တာ...''

''ဘာဖြစ်လို့လဲဗျ''

''အစ်ကိုအောင်ဆိုတာ ငါ့ကို အကောင်အိုလို့ ပြောတာမဟုတ်လား''

ဒါကို အကျွန်တို့က ဘယ်လိုပဲ ဖြေရှင်းဖြေရှင်း ကိုအောင်တင့်က ''အစ်ကိုအောင်''

ဆိုတဲ့ နာမည်ကို ခေါ်ခွင့် မပေးတော့ပေပ။ အကျွန်က

''ဒါဆို... အစ်ကိုကြီးအောင်ဆိုရင် ကောဗျာ''

ဆိုတော့ သဘောကျသလို ပြုံးလာရာကနေ ချက်ချင်း မဲ့ရွဲ့သွားပြီး

''အစ်ကိုကြီးအောင်... အကောင်ကြီးအို...။ ဟား... ဒါလည်းမဖြစ်ဘူး။ ပိုတောင်ဆိုးသေး။ မခေါ်နဲ့ကွာ။ ဘာမှမခေါ်နဲ့တော့၊ ရိုးရိုးပဲ ကိုအောင်တင့်လို့ ခေါ်တော့ကွာ'' တဲ့။

ဟုတ်ကဲ့။ လူ့ပြည်မှာ မသေလို့တွေ့ရတဲ့ ကိုအောင်တင့်ရဲ့ လူ့သဘာဝတစ်ခုကို ပြောပြပါရစေလားဗျာ။ ကိုအောင်တင့် ဘယ်လိုလူစားမျိုးလဲ။ နံနက်ရုံးတက်လို့ လူစုံတဲ့အခါ အကျွန်က

''ကို အောင်တင့် ဘာဟင်းနဲ့ ထမင်းချိုင့်ထည့်လာသလဲ ဗျ'' လို့ မေးလိုက်ရင် သူက -

''ဒီလိုကွာ- ငါ့ညီငဒေါက်ရ။ အခုအချိန်က ဆောင်းဦးဝင်စ မဟုတ်လား။ ရာသီဥတုဟာ အကူးအပြောင်းမှာ ကျန်းမာရေး သိပ်ဂရုစိုက်ရတယ်။ ဒီတော့ နံနက်စောစော လမ်းလျှောက်တယ်။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်တယ်။ ပါရဂူဆရာဝန်ကြီးတွေကလည်း လမ်းလျှောက်ဖို့ အမြဲပြောတယ်ကွ။ လမ်းလျှောက်လို့ရတဲ့ အကျိုးတွေကလည်း များမှများပဲ။ နှလုံးသွေး ကြောကျဉ်းရောဂါ၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်လည်း ကောင်းသလို လေဖြတ်တာကိုလည်း ကာကွယ်သတဲ့ကွ။ တကယ်တော့ လေဖြတ်တယ် ဆိုတာကလည်း ဆိုင်ကလုန်း၊ တိုင်ဖွန်းတို့ဖြတ်တာမှ မဟုတ်ဘဲလေ။ အခြေခံအကြောင်းရင်းက သွေးတိုးကြောင့် ဖြစ်တာပဲ။ ကဲပါကွာ... တိုတိုပြောရရင် ဒီနေ့နံနက် ငါလမ်းလျှောက်ပြီးပြန်တော့ ဈေးမှာကွာ၊ ကန်စွန်းရိုးတွေ စိမ်းနေတာကွ။ ဈေးမေးကြည့်တော့ နှစ်ရာဖိုးသုံးစည်းဆိုတာနဲ့ ငါ့မှာပါလာတဲ့ပိုက်ဆံနဲ့ကိုက်လို့ ကန်စွန်း သုံးစည်း ဝယ်ကြော်ပြီး ဒီနံနက် ထည့်လာတာ ငါ့ညီရ''

''ဟာ... ကိုအောင်တင့်ရယ် ကန်စွန်းရွက်ကြော် ထည့်လာတယ်ဆိုလည်း ပြီးတာပဲဥစ္စာဗျာ''

''ဒီလိုဘယ်ဟုတ်မလဲ ငဒေါက်ရဲ့။ စကားပြောရင် တဲ့တိုးပြောရင် နားအဝင်ကြမ်းသကွ၊ အခုလို သိုင်းဝိုင်းပြီး စီကာပတ်ကုံးပြောမှ နားအဝင်ချောတာကွ''

အဲသလိုမျိုး ကိုအောင်တင့်ဆိုတဲ့လူက။ သူနဲ့ စကား ပြောရင် အတော်ပဲ အချိန်စားပါပေတယ်။ တစ်ခါတစ်ရံ အလုပ်များချိန်နဲ့ကြုံရင် ထပြီးထိုးချင်စိတ်ပင် ပေါက်ပေသဗျ။ ကိုအောင်တင့်ရဲ့ နောက်တစ်ခုအကျင့်စရိုက်က ကွမ်းမစားပေမယ့် ကွမ်းစားတဲ့သူရဲ့ ကွမ်းယာထဲက ကွမ်းသီးစိတ်ကို မရမက တောင်းစားခြင်းပဲပ။ ကွမ်းသမားတွေ ဆိုတာကလည်း ကွမ်းယာရဲ့ အင်္ဂါရပ်ပြည့်စုံမှုကို သိပ်ဂရုစိုက်တာလေ။ ဒီကွမ်းယာထဲက ကွမ်းသီးတစ်စိတ် လျော့သွားတာနဲ့ အရသာပျက်လေရော။ ဒါကြောင့် ကွမ်းတစ်ယာလုံးကိုသာ ပေးရင်ပေးလိုက်မယ်။ ကွမ်းသီးထုတ်စားသွားတာကိုတော့ လုံးဝမကြိုက်။ အဲဒီကာလက အကျွန်ငဒေါက်က ကွမ်းချိုးပေပ။ တစ်နေ့ အကျွန်ငဒေါက် ရုံးစာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေစဉ် -

''ညီလေးငဒေါက်''

''ဟုတ်ကဲ့'' အကျွန်လှည့်မကြည့်ဘဲ ပြောလိုက်တယ်ပ။

''အစ်ကို့ကို ကွမ်းသီးတစ်စိတ်ကျွေးပါ''

''ရော့...ယူစားပါ'' ကွမ်းထုပ်ကို သူ့ရှေ့ချပေးလိုက်တယ်။

''ညီလေးက ပါးစပ်နဲ့စားတာကို အစ်ကိုက လက်နဲ့ယူလို့ ဖြစ်ပါ့မလား''

''ဟုတ်ကဲ့ ဖြစ်တယ်။ ယူစားပါ''

''ဒါဆို ယူပြီနော်''

''ဟုတ်ကဲ့''

''ဒီမှာနော် ဖွင့်လိုက်ပြီ''

''ဟုတ်ကဲ့'' အကျွန်က လှည့်မကြည့်နိုင်ဘဲ ''ဟုတ်ကဲ့'' လိုက်နေခြင်းပါ။

''ကွမ်းသီးတစ်စိတ်ပဲ ယူမှာနော်... ဒီမှာကြည့်''

''ဟုတ်ကဲ့ ကြိုက်သလောက်ယူပါ''

''တစ်စိတ်တည်းပါ။ ပြန်ထုပ်လိုက်ပြီနော်''

''ဟုတ်... ဟုတ်ကဲ့''

''ကဲ... ရော့။ မင်းကွမ်းထုပ်ပြန်ယူ...''

''ပစ်သာ ချလိုက်ပါဗျာ''

''ဟာ... ဘယ်ဖြစ်မလဲကွ။ ကိုယ်က ပါးစပ်နဲ့စားတာ သမံတလင်းပေါ် ကျသွားရင် ဘယ်ကောင်းမလဲ''

''ဟုတ်ကဲ့... မကောင်းရင်လည်း ထပ်ဝယ်စားမယ်ဗျာ။ ဒီမှာ အလုပ်ရှုပ်နေရတာကတစ်မျိုး၊ ကိုအောင်တင့်ကတစ်မျိုး''

''ဆောရီး ညီလေးရာ။ ငါက မင်းချဲတွက်နေတယ်မှတ်လို့''

အဲသလိုပဲ ကွမ်းလည်း တောင်းစားသေး၊ ထွက်ခတ်လည်း ခတ်သေး။ ဆိုရရင် ကိုအောင်တင့်ဟာ အဲသလို စကားပြော ရှည်တတ်တာကြောင့် သူ့ကို ဝေးဝေးက ရှောင်ကြသူ တွေများတယ်ပ။ သူနဲ့ လမ်းမှာတွေ့ရင် ခြေထောက် ညောင်းတောင့်ပြီး မာဆတ်ကို ရောက်သွားနိုင်သဗျ။ ထမင်းစားနေတဲ့အနား သူစကားလာပြောရင်တော့ ထမင်းစား ပျက်ပြီသာမှတ်ပေရော့...။ သူ့အကြောင်းမသိသူက လောကဝတ်အရ

''ကို အောင်တင့်... ခင်ဗျား အိမ်ထောင်ကျတာ သုံးနှစ် ကျော်ပြီကြားတယ်။ ကလေးဘယ်နှယောက် ရနေပြီ လဲ''

လို့ မေးလိုက်ရင် သူက ကုန်ဈေးနှုန်းကြီးကြောင်း၊ ဒီနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအကြောင်း၊ စီးပွားရေး အကြောင်း၊ ကမ္ဘာ့နိုင်ငံတွေအကြောင်း၊ ကမ္ဘာ့နိုင်ငံတွေ ရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကြောင်းတွေကို ပြော ပြီးကာမှ

''ဟုတ်ကဲ့... ကလေးတစ်ယောက်တည်း ပါ'' တဲ့။

ကျေးလက်ဟာသထဲက လူပျိုကြီးလို

''လမင်း ကလည်းသာ၊ တိမ်သလ္လာတွေကလည်းလာ၊ မောင် ကြီး... နှမလေးကိုချစ်တယ်'' ဆိုတဲ့ လူစားမျိုး။

အခု ရထားတဲ့မိန်းမကိုလည်း ဘယ်လို ဝေ့လည်ကြောင်ပတ် ပြောပြီး ယူထားသလဲ ဒါမှမဟုတ် နားရှုပ်သွားအောင် ဘယ်လိုပြောပြီး ယူထားသလဲဆိုတာတော့ မသိရပေပ။


အခု နှစ်ပေါင်းများစွာ ကွဲကွာပြီး သူနဲ့ငဒေါက် တွေ့ရတော့ သူရဲ့ မိကျောင်းသား လျှာရှည်ပုံကို ပြန်လည်တွေးမိပြီး မြင်ယောင်လာပေသဗျ။ သူက နေပြည်တော် ဝန်ကြီးဌာနတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဆီကို အလည်လာခဲ့တာပါတဲ့...။ အကျွန်ကလည်း မိမိအကြောင်းကို အကျဉ်းချုံး ပြောပြီးသကာလ၊ ဈေးလာရတဲ့ အကြောင်းကိုတော့ အခုလိုပဲ ပြောလိုက်မိသကွဲ့။


''ဒါကတော့ ဒီလိုရှိတယ် ကိုအောင်တင့်ရဲ့။ ပါတီ တစ်ခုရဲ့ ဒုဥက္ကဋ္ဌတစ်ဦးက ခုအခါ အစိုးရအနေနဲ့ အရာရာမှာ စမ်းတဝါးဝါးဖြစ်နေပြီး၊ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ဖြစ်နေပါသတဲ့။ ဒါကလည်း သူ့အမြင်ကို လွတ်လပ်စွာသဘောကွဲလွဲလိုက်တာပါပဲ။ အင်း... ပြောရရင် အခုတစ်လော ဒေါ်လာတွေ အဆမတန်တက်လာသလို ဒေါ်လာနဲ့အပြိုင် ရွှေဈေးလည်း တစ်ရှိန်ထိုးတက်လာတယ်။ ဒါပေမဲ့ မြန်မာငွေတန်ဖိုးက တော့ မြေစိုက်ပြီး ထိုးကျလာလို့ လုပ်ငန်းရှင်တွေလည်း အခက်တွေ့ကြရတယ် ကိုအောင်တင့်...။ အဲ... ဒေါ်လာတက်တော့ စက်သုံးဆီလည်းတက်လာတယ်။ ဒီတော့ အခြေခံစားသုံးကုန် သယ်ယူပို့ဆောင်ရေး စရိတ်တွေလည်း မြင့်တက်လာပြီး စားသုံးသူပြည်သူတွေ ပိုပြီးကျပ်တည်းလာကြတယ်။ ဆီဈေးနဲ့ မကိုက်လို့ ကုန်ကားတွေ ရပ်ဆိုင်းလာတဲ့အထိ ကုန်စည်စီးဆင်းမှု နှောင့်နှေးသွားခဲ့ကြတယ်။ တချို့ခရီးသည်ပို့ဆောင် ရေးကားတွေလည်း အခေါက်ရေလျှော့ပြီး ပြေးဆွဲလာ တာကိုလည်း တွေ့လာရတယ် ကိုအောင်တင့်။ ဒါ့အ ပြင် ဒေါ်လာဈေးတက်လို့ ပြည်ပကဝယ်တဲ့ ဆေးဝါး တွေလည်း ဈေးတက်လာတယ်။ ဒါပေမဲ့ဗျာ ကျွန်တော်တို့ ကိုအောင်တင့်တို့ဆိုတာ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတာ မဟုတ်လား။ ဓာတ်ကြီးတစ်ပါး ပျက်ယွင်းပြီ ဆိုတာနဲ့ ရောဂါရပြီ မဟုတ်လားဗျာ။ ဒါ့ကြောင့် ဘယ်လိုပဲ ဈေးတက်၊ ဈေးတက် အသေမခံနိုင်တော့လည်း ဝယ်သောက်ရမှာပဲလေ။ အခု ကျွန်တော်ဈေးလာရတဲ့ အကြောင်းက တစ်လစာဆေးဝယ်ဖို့လာတာပဲ ကိုအောင်တင့်''

အကျွန်စကားဆုံးတော့ ကိုအောင်တင့်တစ်ယောက် မျက်နှာနီလာပါတယ်။ သူစိတ်မရှည်တဲ့ ပုံပဲပ။

''ဟာကွာ... အစကတည်းက ဆေးလာဝယ်တယ်ဆိုရင် ပြီးတာပဲဥစ္စာကွာ။ ဝါးအကြောင်း မျှစ်က စပြီး ပြောရတယ်လို့။ တော်ပြီ ငါသွားတော့မယ်''

ကိုအောင်တင့် စိတ်ဆိုးပြီးထွက်သွားတော့ အကျွန်လည်းကြောင်ပြီး သူ့ကို တောင်းပန်စကားဆိုဖို့ မေ့သွားတယ်ပ။ ဒီနောက် သူ့ကျောပြင်ကိုကြည့်ပြီး တစ်ချက်ပြုံးလိုက်မိသကွဲ့။ သြော်... လူ့ပြည်လူ့ရွာမှာ ကျင်လည်ကျက်စား နေကြတဲ့ လူတွေလေ။ ကိုယ်ကသာ စကားတွေ ဖောင်ဖွဲ့ကာ သူတစ်ပါးကို နားထောင်ခိုင်းပေမယ့်၊ အဲသလို လူစားမျိုးတွေဟာ သူတစ်ပါးပြောရင်တော့ ဘယ်သောအခါမျှ နားထောင်လေ့ မရှိပါပေတကား။ ။

ကိုးကား- နေ့စဉ်ထုတ် ဒီမိုကရေစီတူဒေးနေ့စဉ် သတင်းစာများ။

 

ဒိုးဒိုးဒေါက်

#democracytoday

Rate this item
(0 votes)
back to top