HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

လေကိုဆန်ကာ တို့ပျံမလား

လေကိုဆန်ကာ တို့ပျံမလား

ဒီမိုကရေစီတူဒေး

ဤရက်ပိုင်းတွေမှာ မကြီးကျယ်တစ်ယောက် အကြီးအကျယ် စိတ်ညစ်နေသည်။ စိတ်ညစ်ရသည့် အကြောင်းရင်းမှာလည်း အတော်ကြီးသည်။ ယခင် နံနက်ပိုင်း ၅ နာရီ အိပ်ရာထသော်လည်း ယခု ၄ နာရီ အိပ်ရာထရတော့မည်။ သား ကျောင်းသားအတွက်၊ လင်တော်မောင်ရုံးသွားဖို့အတွက်၊ ကိုယ့်ရုံးသွားဖို့အတွက် ထမင်း၊ဟင်းများကိုအ မြန်ချက်ပြုတ်ပြင်ဆင်ရတော့မည်။ မကြီးကျယ်တို့အတွက် အချိန်ပိုထွက်လာဖို့က အရေးကြီးသည်မဟုတ်ပါလား။ မကြီးကျယ်၏ အကြီးအကျယ် စိတ်ညစ်ခြင်းသည် မည်သည့်နေရာမှ မြစ်ဖျားခံသနည်း။ လင် ယောက်ျားဖြစ်သူ ကိုတတ်ပကြောင့်လား။ မဟုတ်ပါ။ ဒါဆိုသားတော်မောင်ဖြစ်သူ မောင်ကျောင်းသားကြောင့်လား။ ဒါလည်းမဟုတ်ပါ။ ရုံးတွင်လည်း အစစအဆင်ပြေပါသည်။ ဒါဆို မကြီးကျယ်တစ်ယောက်ဘာကြောင့် အကြီးအကျယ် စိတ်ဆင်းရဲနေရသနည်း။

ပြီးခဲ့သည့် လပိုင်းမှစ၍ မြန်မာနိုင်ငံတွင် ဒေါ်လာဈေးများ အဆမတန်မြင့်တက်လာခဲ့သည်။ ပြည်တွင်းမှ တတ်သိနားလည်သူတို့ စိုးရိမ်လာကြသည်။ မီဒီယာတစ်ခု၏ ငွေစာရင်းပိုင်းတွင် လုပ်ကိုင်နေသော လင်တော်မောင်ထံမှ သတင်းအစုံကို ညစဉ်တိုင်း မကြီးကျယ်တစ်ယောက် နားဆင်နေကျဖြစ်သည်။ လင်တော်မောင်၏အဆိုအရ ဒေါ်လာဈေးစံချိန်တင်မြင့်တက်လာရခြင်းမှာ အမေရိကန်နှင့်တရုတ်တို့ ကုန်သွယ်ရေးစစ် ပွဲဆင်နွှဲနေခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ ဤကိစ္စသည်လည်း မကြီးကျယ်အတွက် သိပ်အရေးစိုက်စရာကိစ္စမဟုတ်သေး။ သို့သော် ဒေါ်လာဈေးတက်သည့်ကိစ္စသည် မကြီးကျယ်ကို အရမ်းကြီးမထိခိုက်သေးသော်လည်း အတော်အတန်တော့ ထိခိုက်နေလေပြီ။ ဈေးသွားရန်လန့်လာသည်။ အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား အကုန်ဈေးတွေတက်နေသည်။ ဈေးသည်တိုင်း၏ ပါးစပ်ဖျားတွင် ဒေါ်လာဈေးတက်ခြင်းသည် ရေပန်းအစားဆုံး ပြောစရာတစ်ခု ဖြစ်နေသည်။ မကြီးကျယ် တစ်ယောက် ဈေးမဆစ်ရဲပါ။ မည်သည့်ကုန်ပစ္စည်းကိုပဲဖြစ်ဖြစ် ဈေးဆစ်မိလျှင် တစ်ခါမျှမမြင်ဖူးသည့် ဒေါ်လာဆိုသည့်ဟာကြီး ဈေးတက်နေကြောင်းဖြင့် ဈေးသည်များ၏ ပြန်လှန်ထိုးနှက်ခြင်းကို ခံရသည်။ ကြာတော့ ဈေးဝယ်ရမည်ကို ကြောက်လာသည်။ ထို့ ကြောင့် အိမ်ရှေ့လာသည့် လမ်းလျှောက်ဈေးသည်များထံမှ ဝယ်ယူသည်။ ထိုအခါမှ မကြီးကျယ်တစ်ယောက် ငါးပါးမှောက်တော့သည်။


ကြက်သားသည်အဒေါ်ကြီးကလည်း ဒေါ်လာ ဈေးတက်သည့်အကြောင်း ပြောသည်။ ငါးပါတယ်၊ ဝယ်ကြဦးမလားဟု အော်ရောင်းတတ်သည့် ငါးသည် မိန်းမကလည်း ဒေါ်လာဈေးတက်၍ သူမငါးများ ဈေးတက်ရကြောင်း ပြောသည်။ နောက်ဆုံး ရွှေပန်း၊ ငွေပန်းရောင်းသည့် ပန်းသည်ယောက်ျားကတောင် အသံကျယ်ကျယ်ဖြင့် ဒေါ်လာဈေးတက်သည့်ကိစ္စကို ညည်းညူသည်။ သို့သော် ယခုအဆင့်အထိ မကြီးကျယ်တစ်ယောက် စိတ်မညစ်သေးပါ။ အင်အားကြီး နိုင်ငံနှစ်နိုင်ငံ အားပြိုင်နေရာမှာ အင်အားနည်းသည့် နိုင်ငံငယ်တွေက စီးပွားရေးမှာ မြေဇာပင် ဖြစ်လိမ့်မည်။ ကမ္ဘာနှင့်အဝန်းဖြစ်နေသောကိစ္စကို တတ်သိနားလည်သည့် ခေါင်းဆောင်ကြီးတွေက ကိုင်တွယ်ဖြေရှင်းလိမ့်မည်ပေါ့။ ကိုယ်တွေလို ပမွှားပြည်သူတစ်ယောက်က ထင်ရာပြောပြီး ညည်းညူနေ၍ ပြီးသွားမည့်ကိစ္စတစ်ခုမှ မဟုတ်တာဘဲ။ သက်ဆိုင်ရာလူကြီးတွေလည်း ဒေါ်လာကိစ္စကို ခေါင်းခဲနေမှာ အမှန်ပဲ။ ဤကဲ့သို့ အချိန်မျိုးတွင် တာဝန်သိပြည်သူတစ်ယောက်အနေဖြင့် အော်ဟစ်ညည်းညူနေစရာမလို။ နားပူနားဆာလုပ်နေခြင်းဖြင့် အနှောင့်အယှက်မပေးသင့်။ ကိုယ်တတ်နိုင်သလောက် တောင့်ခံထားရမည်။ အသား၊ ငါးတွေ ဈေးတက်တော့ ဘာအရေးလဲ။ ဟင်းသီးဟင်းရွက်စားမည်ပေါ့။ ခန္ဓာကိုယ်ကျန်းမာရေးကို ပိုပြီးအထောက်အကူရနိုင်သည် မဟုတ်ပါလား။ မကြီးကျယ်၏ သဘောထားကို လင် တော်မောင်ကလည်း ထောက်ခံသည်။ မှန်၏တဲ့..။


မထောက်ခံသူက သားဖြစ်သူ မောင်ကျောင်းသား၊ အဖေနှင့်အမေတို့ ပြောနေကြသည့် ဒေါ်လာဈေးဆိုသည့်ကိစ္စကြီးကို တစ်လုံးမှ နားမလည်ပါ။ စိတ်လည်း မဝင်စားပါ။ သူသိသည်က ထမင်းဝိုင်းတွင် ယခင်စား နေကြ ကြက်သား၊ ဝက်သားများအစား ကန်စွန်းရွက် ကြော်နှင့် ငါးပိရည် အစားထိုးရောက်ရှိလာခြင်းပင် ဖြစ်သည်။ ယခင်အတိုင်း ကြက်သား၊ ဝက်သားများ ထမင်းစားပွဲပေါ်ရောက်ရှိရေး၊ ကျောင်းထမင်းချိုင့်တွင် ဟင်းကောင်းများပါရှိရေးအတွက် အကြီးအကျယ် တိုက်ပွဲဝင်တော့သည်။ မကြီးကျယ်ကလည်း အလျှော့ မပေးနိုင်ပါ။ မည်သို့အလျှော့ပေးရမည်နည်း။ ကန်စွန်းရွက်တစ်စည်းလျှင် ကျပ် ၃ဝဝ ဖြစ်သည်။ နှစ်စည်း ကျပ် ၅ဝဝ ရအောင် အာပေါက်မတတ်ဆစ်ရသည်။


ဤသို့ သားအမိတွေ အကြိတ်အနယ်တိုက်ပွဲ ဝင်နေချိန်တွင် နောက်ထပ်တစ်စခန်းထလာသူမှာ လင် တော်မောင်ဖြစ်သည်။ ပြည်နယ်နှင့်တိုင်းများတွင် ဆိုးရွား သောရေကြီးမှုများဖြစ်ပေါ်သည်။ ဆန်ဈေးနှုန်း အဆမတန်တက်သွားသည်။ ကြက်သွန်ဈေးများ ထက်ဝက် ခုန်တက်သွားသည်။ မကြီးကျယ်တို့မိသားစု ယခင်စားနေကျ ပေါ်ဆန်းမစားနိုင်တော့။ ပေါ်ဆန်းနေရာတွင် ဆန်ကြမ်းအစားထိုးရတော့သည်။ ဤတွင် လင် ဖြစ်သူ ကိုတတ်ပက ထကြွပုန်ကန်တော့သည်။ ဟင်းမကောင်းလျင်နေပါစေ၊ ဆန်ကောင်းကောင်းလေးတော့ စားချင်သည်ဟုဆိုလာသည်။ ဆန်ကြမ်းသည့်အတွက် ထမင်းစားမဝင်တော့ကြောင်း တင်ပြလာသည်။ ဆန်ကြမ်းမစားနိုင်ဘူးဟု ပုန်ကန်နေသော ကိုတတ်ပ တစ် ယောက် လစာလည်း တိုးမအပ်နိုင်ပေ။ မည်သို့လစာ တိုးအပ်၍ရမည်နည်း။ အရာရာတိုးတက်နေသောအချိန်အခါကြီးတွင် သူ၏လစာမှာ ဣနြေ္ဒရရ တည်ငြိမ်လျက်ရှိသည်။


ယခုအဆင့်အထိ မကြီးကျယ်၏ အကြီးအကျယ် စိတ်ညစ်ရခြင်းကိစ္စ မပေါ်လာသေးပါ။ ဤသို့ဤနှယ် လင်ရော၊ သားပါ အဘက်ဘက်က ပုန်ကန်ထကြွနေကြသော်လည်း မကြီးကျယ်က အပြုံးမပျက်ပါ။ ဈေးထဲကဈေးသည်တွေ အိုက်တင်အတိုင်း အဆမတန်တက် နေသော ဒေါ်လာဈေးကြီး၏အောက်တွင် အကာအကွယ် ယူလိုက်ရုံမျှသာ။ ဒါဆို မည်သည့်ကိစ္စကများ မကြီးကျယ်ကို အကြီးအကျယ် စိတ်ဆင်းရဲစေသနည်း။ လာပါတော့မည်။ မကြီးကျယ်၏ စိတ်ဆင်းရဲမှုသည် ပြီးခဲ့သည့် ရက်ပိုင်းက စတင်ပါသည်။ ထုံးစံအတိုင်း နံနက်ပိုင်း ရုံးသွား၊ ကျောင်းသွားရန် ပြင်သည်။ အစတွင် ပြောဖို့ကျန်ခဲ့သည်မှာ မကြီးကျယ်တို့အိမ်သည် ကားဂိတ်နှင့်ဝေးသည်။ ဈေး၊ ကျောင်းနှင့် ဝေးသည်။ ဆင်ခြေဖုံးရပ်ကွက်များ၏ ထုံးစံအတိုင်း ကိုယ်လိုရာခရီး တစ် ထောက်အရောက်နှင်ဖို့ရာ ဆိုင်ကယ်ကယ်ရီကို အားကိုးရလေသည်။ တစ်မနက်တွင် စီးနေကြ ဆိုင်ကယ်ကယ်ရီကို လင်မယားနှစ်ယောက်စီးပြီး ကားဂိတ်အ ရောက် ကယ်ရီခရှင်းရာမှ မကြီးကျယ်၏ စိတ်ညစ် ခြင်းက အစပြုတော့သည်။ ယခင်ကယ်ရီခသည် တစ် ယောက် ကျပ် ၃ဝဝ ဖြစ်သည်။ နှစ်ယောက်စီးလျှင် ကျပ် ၅ဝဝ ပေးရသည်။ လင်မယားနှစ်ယောက် ကယ်ရီခ ကျပ် ၅ဝဝ၊ YBS ဖိုး ကျပ် ၄ဝဝ၊ ပေါင်း ကျပ် ၉ဝဝ ဖြင့် သက်ဆိုင်ရာ ရုံးဌာနများသို့ ရောက်ရှိသည်။ ထို နေ့တွင် ပေးလိုက်သော ကယ်ရီခကျပ်တစ်ထောင်တန်ကို ကယ်ရီသမားကကျပ် ၂ဝဝ ပြန်အမ်းသည်။ မကြီးကျယ်တို့လင်မယားက အမ်းငွေထပ်ပေးဦးမည် အထင်နှင့် ရပ်စောင့်နေသည်။ သို့သော် ကယ်ရီသမား၏ စကားကြောင့် မကြီးကျယ်တစ်ယောက် အကြီးအကျယ် စိတ်ဆင်းရဲသွားတော့သည်။


''ကယ်ရီခတွေ ဈေးတက်သွားတယ်အစ်မ... ကျပ် ၃ဝဝ မရတော့ဘူး။ ကျပ်၎ဝဝ ဖြစ်သွားပြီ'' '' ဘာ..ဒါလည်း ဒေါ်လာဈေးဆိုတဲ့ ဟာကြီးကြောင့်ပဲလား..'' အဲ့ ဒါတော့ ကျွန်တော်သေချာမသိဘူး။ အဓိကက ဓာတ်ဆီဈေးတွေတက်သွားတာ..ကျွန်တော်တို့ ကျပ် ၃ဝဝ နဲ့ ဘယ်လိုမှမကိုက်တော့လို့..''


ပြောပြီးသည်နှင့် ဆိုင်ကယ်ကို ဝူးခနဲမောင်းထွက်သွားတော့သည်။ မျက်လုံးပြူး၊ မျက်ဆန်ပြူးဖြင့် အံ့သြမှင်တက်နေသော မကြီးကျယ်ကို လင်တော် မောင်က ခေါင်းတညိတ်ညိတ်ဖြင့် ကားဂိတ်ဆီသို့ တွဲ ခေါ်လာခဲ့ရသည်။့ြှ ပေါ်တွင် ဓာတ်ဆီ၊ ဒီဇယ် အစရှိတဲ့ စက်သုံးဆီဈေးတွေ အမြင့်ဆုံးဈေးနှုန်းသို့ တက်နေပြီဖြစ်ကြောင်း ကိုတတ်ပတစ်ယောက် သူသိသမျှ သတင်းအကြောင်းတွေကို ဇနီးသည် အားမနာတမ်းရှင်းပြနေသည်။  ဤသို့ဖြင့် ကယ်ရီခတွေ ဈေးတက်သွားခြင်းသည် မကြီးကျယ်အတွက် အကြီးကျယ်ဆုံးသော စိတ်ဆင်းရဲမှုကြီး ဖြစ်လာတော့သည်။


ကုန်ဈေးနှုန်းများတက်၍ ကန်စွန်းရွက်နှင့် ဆန်ကြမ်းစားရခြင်းကို မကြီးကျယ်မမှုပါ။ ကိုယ့်အိမ်တွင်း ကိုယ်စားတာ မည်သူမြင်မည်နည်း။ ရုံးထမင်းချိုင့် အတွက်လည်း မပူပါ။ ရုံးသူ၊ ရုံးသားအားလုံးက ဘဝတူတွေပဲ မဟုတ်လား။ ဆိုင်ကယ်ကယ်ရီခ ဈေးတက် သွားခြင်းကိုတော့ မကြီးကျယ်တစ်ယောက် အကြီးအကျယ် ဒေါပွတော့သည်။ သူတို့လင်မယားနှစ်ယောက် ပေါင်း၏ လစာသည် ကျပ်လေးသိန်းမပြည့်ပါ။ လမ်းစရိတ်ချည်းပဲ တစ်နေ့ ကျပ် ၄ဝဝဝ၊ သူမတို့ဝန်ထမ်း မိသားစု မည်သို့အားတင်းတောင့်ခံထားရမည်နည်း။ မည်သည့်နည်းဖြင့် ဖြေရှင်းရမည်နည်း။


ဆိုင်ကယ်ကယ်ရီခဈေးတက်တော့ လမ်း လျှောက်ရုံပေါ့ဟု လင်တော်မောင်ကပြောသည်။ မကြီးကျယ် စဉ်းစားကြည့်ပါသည်။ သူမတို့ရပ်ကွက်သည် ချောင်ကျသည်။ ကားဂိတ်၊ ကျောင်း၊ ဈေးသို့ သွားသည့်ခရီးသည် အတော်ဝေးသည်။ တစ်ရပ်ကွက်လုံး နီးပါးလည်း ကယ်ရီကိုသာ အားပြုနေကြသည်။ ကျန်းမာရေးအတွက် လမ်းလျှောက်ရုံမှလွဲ၍ မည်သူမျှ လမ်းမလျှောက်ကြပေ။ ကားလမ်းများ အလွန်အမင်း ပိတ်နေ၍ လမ်းပေါ်တွင် နာရီပေါင်းများစွာ အချိန် ကုန်နေရသည့်ကြားထဲ ကယ်ရီခကြောင့် လမ်းလျှောက် ရမည့်အဖြစ်မျိုးတော့ မကြီးကျယ်မဖြစ်လိုပါ။ ထို့ပြင် ကယ်ရီခဈေးတက်၍ မကြီးကျယ်တို့မိသားစု လမ်း လျှောက်နေကြသည်ဆိုသည့် စကားမျိုးကို သူမ နောက်ကွယ်တွင် ရပ်ကွက်ထဲမှ လူများတီးတိုးပြော ဆိုကြမည်ကို အကြောက်ဆုံးဖြစ်သည်။ မလျှောက်နိုင်ပါ။ မည်သည့်နည်းနှင့်မျှ လမ်းမလျှောက်နိုင်ပါ။


စက်သုံးဆီဈေး အဆမတန်မြင့်တက်ခြင်းကြောင့် ကယ်ရီခတွေပင် ဈေးတက်ခြင်းမဟုတ်ကြောင်း၊ တက္ကစီခများလည်း ဈေးတက်ကြောင်း၊ YBS ကားခ ဈေးမတက်တာပင် အထူးကျေးဇူးတင်ရမည်ဖြစ် ကြောင်း ယောက်ျားဖြစ်သူ ကိုတတ်ပက တတ်သလောက်၊ မှတ်သလောက် နားချရှာသည်။ ဇနီးဖြစ်သူကို လမ်း လျှောက်ခြင်းသည် ကျန်းမာရေးနှင့် မည်သို့မည်ပုံညီ ညွတ်မျှတကြောင်း တရားဟောရှာသည်။ ဤသို့ လင်ယောက်ျား၏နားချမှုကြောင့်တစ် ကြောင်း၊ ကုန်ဈေးနှုန်းဒဏ်၏ ပြင်းထန်စွာထိုးနှက်မှုကို ခံစားနေရသော အိမ်ရှင်မတစ်ယောက်၏ တဒင်္ဂ ဖြတ်ထိုးဥာဏ်ကြောင့်တစ်ကြောင်း၊ နောက်ဆုံးတွင် မကြီးကျယ်တစ်ယောက် မဟာအကြံထူးကြီးတစ်ခုကို ရရှိခဲ့ပါတော့သည်။


တခြားမဟုတ်ပါ။ ရပ်ကွက်ထဲတွင် ဟိတ်ဟန်ထုတ်ချင်လှသော မကြီးကျယ်မှာ ခေတ်မီဆန်းသစ် သော ရောဂါတစ်ခုကို လင်ယောက်ျားအား နေ့ချင်း၊ ညချင်းအဖြစ်ခိုင်းလိုက်ခြင်းပင် ဖြစ်သည်။ ယခုခေတ်ကြီးတွင် လူတိုင်းနီးပါး သွေးတိုး၊ ဆီးချိုရောဂါဖြစ်ကြသည် မဟုတ်ပါလား။ အဆိုပါရောဂါသည်ဝိသမ လောဘစီးပွားရေးသမားတွေ၏ စားသောက်ကုန်များတွင် အသုံးပြုကြသော ဓာတုပစ္စည်းများကြောင့် ပိုအဖြစ်များလာခြင်းဖြစ်သည်ဟု ကိုတတ်ပက ပြောဖူးသည်။ လတ်တလော မကြီးကျယ်ကြုံတွေ့နေရ သော အခက်အခဲကြီးကို သွေးတိုး၊ ဆီးချိုရောဂါကြီးက အမှတ်မထင်ကူညီပေးလိုက်ပါတော့သည်။


ယနေ့ နံနက်မှစ၍ ယခင်အိပ်ရာထချိန် နံနက် ၅ နာရီကို ၄ နာရီသို့ ရွှေ့လိုက်သည်။ လုပ်ဖွယ်ရှိသည့် အိမ်မှုကိစ္စများကို သွက်သွက်လုပ်ဆောင်သည်။ ပြီးလျှင် လင်မယားနှစ်ယောက် ထမင်းချိုင့်ကိုယ်စီဖြင့် အိမ်မှ YBS ကားဂိတ်သို့ လမ်းလျှောက်သည်။ သား လေးကိုတော့ ကယ်ရီပေးစီးလိုက်ပါသည်။ သူကဆယ်တန်းကျောင်း သားမဟုတ်ပါလား။ မတတ်နိုင်တော့ပြီ။ လမ်းလျှောက်ရင်း လူတွေမေးသည့်အခါ ကိုတတ်ပတစ်ယောက် သွေးတိုး၊ ဆီးချိုဖြစ်နေ၍ ကျန်းမာရေးအရ လမ်းလျှောက်ရမည်ဖြစ်ကြောင်း ခပ်တည်တည် ဖြင့် ရယ်ရယ်မောမောပြောပြသည်။ ကဲ ...ဒေါ်လာတို့၊ စက်သုံးဆီတို့၊ ကုန်ဈေးနှုန်းတို့ရေ...နင်တို့ ဘာများတတ်နိုင်ဦးမည်နည်း။


လမ်းလျှောက်တော့လည်း တစ်နည်းအားဖြင့် တော့ ကောင်းလှသည်။ လင်မယားနှစ်ယောက် ယခုလို စုံတွဲလမ်းမလျှောက်ရသည်မှာ အတော်ကြာလှပြီ ဖြစ်သည်။ အနည်းငယ်တော့ အမြန်လျှောက်ရသည် ပေါ့။ အံမယ် ...ချွေးတွေ၊ ဘာတွေထွက်ပြီး ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပါလား။ အရေးထဲ ရောဂါသည်အယောင်ဆောင် လင်တော်မောင်က သီချင်းလေး ညည်းလိုက်သေးသည်။ ဘာတဲ့..။

''လေကိုဆန်ကာ တို့ပျံမလား..''။ ။

 

#democracytoday

Last modified onTuesday, 02 October 2018 13:27
Rate this item
(1 Vote)
back to top