HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ခွေးစာရင်း တို့လိုက်ချင်ရဲ့  

ခွေးစာရင်း တို့လိုက်ချင်ရဲ့   

မိချမ်းဝေ

**********

တကယ်တော့ ကျွန်မသည် ခွေးချစ်တတ်သူတစ်ဦးမဟုတ်ပါ။ အိမ်မွေး (ဘိုခွေး)များကို မချစ်သလို လမ်းဘေးခွေး (ခွေးကြမ်း) များကိုလည်း မချစ်ပါ။ ထိုခွေးမချစ်တတ်သူတစ်ဦးဆီကိုမှ ခွေးလေ ခွေးလွင့်တစ်ကောင်၏ ချစ်ခြင်းသံယောဇဉ်ရောက်ရှိ လာခဲ့ဖူးသည်ဆိုလျှင် စာဖတ်သူများ အံ့သြကြမည်ထင်သည်။

ကြာတော့ကြာခဲ့ပါပြီ။ နယ်မှာနေစဉ်ကဖြစ်သည်။ ခွေးတွေကို မီးသတ်ရဲဘော်တွေက အဆိပ်တုံးလိုက် ကျွေးသောခေတ်ဖြစ်သည်။ အခြားသူတွေ အဆိပ်မိ သေကုန်သော်လည်း ထိုခွေးပျိုလေးသည် အဆိပ်တုံးကိုမစားသဖြင့် မသေမပျောက်ကျန်ရစ်၏။ ကျွန်မတို့အိမ်မှာ စားကြွင်းစားကျန်များလာမျှော်စားရင်း အလိုလို ဘယ်မှမသွားတော့ဘဲ ကျွန်မတို့ခွေးအဖြစ် သူ့ကိုယ်သူ တာဝန်ခန့်အပ်ကာ တံစက်မြိတ်အောက်တွင် ခပ်တည်တည် နေရာယူတော့၏။ ကျွန်မတို့က သူ့ကို မောင်းမထုတ်သောအခါ လက်ရှိအနေအထားအပေါ် ယုံကြည်စိတ်ချလာကာ ကျွန်မတို့ကို သူ့သခင်အဖြစ် အတိုက်အခံမရှိ အောင် ပွဲခံသတ်မှတ်လိုက်လေတော့သည်။ ကျွန်မတို့ကလည်း သူ့မျက်နှာ သနားကမားလေးကို သနားတာရော၊ အိမ်ကိုစောင့်ရှောက်ပေးနေတာရော သတ္တဝါတစ်ခု ကယ်ကောင်းပါရဲ့သဘောထားကာ အရိပ်ခိုခွင့်ပေးခဲ့လေသည်။ နာမည်ကိုလည်း တစ်ကိုယ်လုံးနီနေသည့်အတွက် နောင်နီဟု လွယ်လွယ်ပေးဖြစ်သည်။


နောင်နီကား သစ္စာကြီးလှ၏။ နံနက်မိုးလင်း ကျွန်မဈေးသွားလျှင် ဈေးသို့လိုက်၏။ ကလေးတွေနှင့်ကျောင်းသွားလျှင် ကျောင်းသို့လိုက်ပို့၏။ ယုတ်စွအဆုံး ရေချိုးသွားလျှင်ပင် ရေချိုးရုံရှေ့လိုက်ထိုင်၏။ အိမ်မှာနေလျှင် ခွေးလိုမနေ လူလို ခေါင်းကို မတ်မတ်ထားကာ သတိဆွဲပြီး ထိုင်နေ၏။ အိပ်ငိုက်လာလျှင် ခွေမအိပ်ဘဲ တစ်ယောက်ယောက်က ဒဏ်ပေးထားသလို ငုတ်တုတ်ငိုက်၏။ သူ အိမ်သားတွေနောက် တကောက်ကောက် လိုက်သဖြင့် ကြုံတွေ့ရသော ကမောက်ကမအဖြစ် အပျက်များကို မရေးပြတော့ပါ။ ကျွန်မတို့ ရန်ကုန် ပြောင်းတော့ သူ့ကိုမထားချင်ဘဲ ထားခဲ့ရသည်။ သူသည် နောက်သခင်လက်ထဲတွင် အသက်မရှည် တိုတိုဖြင့်ပင် ဘဝနိဂုံးချုပ်သွားသည်။ ခွေးမချစ်တတ် သော ကျွန်မသည် တစ်ဖက်သား၏ လာရောက်နှောင်တွယ်သောချစ်ခြင်း (နောင်နီ၏ တစ်ဖက်သက်အချစ်) ကို မခံနိုင်စွာ တုံ့ပြန်မေတ္တာထားဖြစ်ခဲ့သည်။ လူနှင့်အလွန်နီးစပ်သော ခွေးတစ်ကောင်၏အသိတရားကို အသိအမှတ်မပြုဘဲ မနေနိုင်ပါပေ။


နောင်နီကလွဲလျှင် ဖွဲနှင့်ဆန်ကွဲဟု ဆိုပါမည်။ ရန်ကုန်ရောက်ပြီး နောက်ထပ်လမ်းဘေးခွေးတွေနှင့် တွေ့သော်လည်း သံယောဇဉ်မဖြစ်တော့ပါ။ ကျွန်မသမီးအငယ် ခွေးကိုက်ခံလိုက်ရခြင်းကြောင့်ဖြစ်သည်။ ဆယ်တန်းကျောင်းသူအရွယ် ကျူရှင်မှအပြန် ခွေးရှေ့က အမှတ်တမဲ့အဖြတ် မထင်မှတ်ဘဲ ထဟပ်လိုက် ခြင်းဖြစ်သည်။ ကလေးက အလွန်ထိတ်လန့်စွာ အိမ် ပေါ်တက်လာသည်။ အိမ်သားတွေအားလုံး အလုပ်ရှုပ်ကုန်တော့သည်။ မေးခိုင်ကာကွယ်ဆေးကလွယ်သလောက် ခွေး ရူးကာကွယ်ဆေးက အရှာရခက်လှ၏။ လမ်းဘေးခွေး မို့လို့ မပေါ့ဆရဲပါ။ ဆေးရုံမှာ ခွေးရူးကာကွယ်ဆေးထိုး ပြီးတာတောင် စိတ်မချနိုင်။ တစ်ယောက်ကညွှန်သဖြင့် ရွှေဂုံတိုင်နားက ဘုန်းကြီးကျောင်းတစ်ကျောင်းသို့ ရောက်သွားသေး၏။ ထိုကျောင်းမှ အမွေးစုတ်ဖွားခွေး တွေ အကောင်နှစ်ဆယ်ခန့်ရှိသည်။ ဘုန်းကြီးက မန်း ဆေးလိမ်းရန် ပေးလိုက်သည်။ အခမဲ့ဖြစ်သည်။


သည်ကတည်းက ခွေးဆိုလျှင် (နောင်နီကလွဲရင်) ကြောက်စရာဟု စိတ်ထဲမှတ်ယူထားသည်။ မဟာမြိုင် အိမ်ရာ (မြောက်ဒဂုံ) ကို ပြောင်းလာတော့ ခွေးတွေနဲ့ ရေစက်ဆုံပြန်သည်။ ရပ်ကွက်ထဲမှာလည်း ခွေး၊ အိမ်ရာဝင်းထဲမှာလည်း ခွေး၊ ဈေးမှာလည်း ခွေး၊ တဝုန်းဝုန်းကိုက်ကြ၊ အစာလုကြ၊ အချို့အတင့်ရဲလိုက် ပုံက လက်ထဲမှာကိုင်ဆွဲသွားသော စားစရာအထုပ်ကိုပင် ခွေးက လှမ်းဆွဲသတဲ့။ တစ်နေ့ သမီးတို့အိမ်ရှိရာ လမ်းထဲဝင်လာစဉ် ခွေးသုံးကောင် ဝိုင်းဟောင်တော့၏။ ဒီလမ်းထဲခွေးရှိ တာသိလျက်နှင့် လာမိမှားဖြစ်ကာ ပြေးပေါက်ပိတ်နေ တော့၏။ ခွေးဆိုတာမျိုးက တစ်ကောင်ဟောင်လျှင် ဝိုင်းဟောင်သည့်အမျိုးမို့ ကျွန်မတော့ ဒုက္ခလှလှတွေ့ ပြီဟု တွေးလိုက်မိ၏။ တစ်လောက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ခွေးဝိုင်းဆွဲလို့သေသွားသောကလေးပုံ မျက် စိထဲ မြင်ယောင်လာသည်။


ကျွန်မ သူတို့ကိုဟန့်တားသော်လည်း အရာမ ရောက်၊ လက်ထဲမှာကိုင်ထားသည့်ထီးနှင့် လှမ်းပေါက်လည်း မဖြုံ၊ နောက်ဆုံးတော့ ပတ်ဝန်းကျင်အကူအညီ ယူရတော့၏။ ''လုပ်ကြပါဦး..ကယ်ကြပါဦး'' မလှမ်းမကမ်းမှာ ကားရေဆေးနေသောလူတစ်ယောက် ထလာပြီး ဟန့်တားသည်။ သူတို့ကို ထမင်းကျွေးနေသူ ဖြစ်ပုံရသည်။ ဒါတောင် သူတို့က အရှိန်မသေ။ ဂူးဂူးဂဲဂဲအသံပေးနေသေး၏။ ဟန့်မည့်သူမရှိက အသားကုန်ဖြဲမည့်ပုံပင်။ ကျွန်မ ကတုန်ကယင်ဖြင့် အိမ်ပြန်ရောက်လာသည်။ ကျွန်မတော့လွတ်သွားပြီ။ ဒီအနီးအနားက ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော စိတ်ပူစရာ မလိုဘူးလား။ ကျွန်မစာအုပ်စင်က စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။ ဆရာမ ခင်လပြည့်ဝန်းရေး သော ''ဆဋ္ဌမမြောက်နေ့တိုက်ပွဲ'' စာအုပ်ကလေး။ ခွေးကိုက်တာကို ခွေးရူးပြန်ကာကွယ်ဆေးမထိုးမိသဖြင့် ခွေးရူးပြန်ရောဂါနှင့်ရင်ဆိုင်တိုးကာ ပထမနေ့၊ ဒုတိယနေ့.. စသည်ဖြင့် ရောဂါလက္ခဏာ၊ စိတ်ခံစားမှု၊ မိသားစု၏ဝမ်းနည်းကြေကွဲမှု၊ အလယ်တန်း ကျောင်းသူသမီးလေး၏အဖြစ်ဆိုးကို မကယ်တင်နိုင်ဘဲ လက်လွှတ်ဆုံးရှုံးသွားရသော ဆို့နင့်ဖွယ်မိဘများ၏ခံစားချက်၊ ကလေးမလေးရဲ့ ကျောင်းနေဖက်သူ ငယ်ချင်များ၏ သူတို့သူငယ်ချင်းလေး နောက်ဆုံးခံ စားသွားရသည့် မချိမဆန့်ဝေဒနာအပေါ် မချိတင်ကဲ ဖြစ်မှုများ။


စာရေးဆရာ အဖွဲ့ကောင်းသလောက် စီးမျောလိုက်ပါရသလို ဒီလိုစာတွေကို ရေးပြနေတာတောင် ဒီကိစ္စကြီးကို ဘယ်သူကမှ ဘာမှမလုပ်ကြဘူးလားဟူ သော ဒေါသစိတ်ကလည်း တရိပ်ရိပ်တက်လာသည်။ တကယ်ဆို ဒီခွေးတွေကို စည်ပင်သာယာမှတာဝန်ယူကာ အဆိပ်ကျွေးသုတ်သင်သင့်သည်မဟုတ်ပါလား။ သည်သို့ဆိုလျှင် ခွေးချစ်သူတွေက လမ်းပေါ်တက် ဆန္ဒပြကြလေဦးမည်လားမသိ။ ကျွန်မကို ခွေးတွေဝိုင်းနေသည့်နေ့က အကယ်၍ ကိုက်မိလျှင် ဘယ်သူတာဝန်ယူမည်လဲ။ ခွေးရှင် ဘယ်သူလဲ။ ကျွေးတုန်းကကျွေးထားပြီး ပြဿနာပေါ် တော့ တာဝန်ယူမှု၊ တာဝန်ခံမှုမဲ့စွာ မျက်နှာလွှဲထားကြမည်ပင်။ ခွေးရှင်အမည် ဘယ်သူမှမခံမှာ အသေအချာပင်။ ခွေးရူးရောဂါဟူသည် ပေါ့ဆနေ၍မဖြစ်။ ကလေးရယ်၊ လူကြီးရယ်မခွဲခြား။ ပေါ့ဆလျှင် ပေါ့ဆသလို ခံစားရမည့်အဖြစ်။ စာပေလောကမှ အထင်ကရ စာ ရေးဆရာကြီး၏သားသည်လည်း ခွေးကိုက်ပြီး ပေါ့ ဆစွာ ခွေးရူးကာကွယ်ဆေးမထိုးမိသဖြင့်ဆုံးခဲ့ရဖူး သည်။ ခွေးလေခွေးလွင့်တွေများပြားလာတော့ လူတို့ ၏ နေ့စဉ်မိုးသောက်နေထိုင်မှု မလုံမခြုံလေပင်။


စက်တင်ဘာလ ၂၉ ရက်နေ့ စံတော်ချိန်သတင်းစာထဲမှာပါလာသော သတင်းတစ်ပုဒ်က ကောင်းမွန် သောရနံ့တစ်မျိုးကို သယ်ဆောင်လာသည်။ ''ခွေးအကောင်ရေတစ်သန်းကို ကာကွယ်ဆေးထိုးနှံသွားမည်ဟုထုတ်ပြန်''ဆိုသည့် သတင်း။ ကောင်းသတင်းပါလားကွယ်ရို့။ ''ခွေးအကောင်ရေတစ်သန်းကို ခွေးရူးကာကွယ် ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါ နေ့၌ သတင်းထုတ်ပြန်သည်။ Four Paws International (Myanmar)  နှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် မင်္ဂလာမြန်မာတို့ ပူးပေါင်းလုပ်ဆောင်မည်ဖြစ်သည်''တဲ့။ ကောင်းပါလေ့..သတင်းက အားရဖွယ်ကောင်းလှ၏။ သတင်းဆောင်းပါးကိုဆက်ဖတ်တော့ ''၂ဝ၁၈ ခုနှစ်တွင် စီမံကိန်းကနဦးအဖြစ် နေပြည်တော်ကောင် စီနယ်မြေရှိ လယ်ဝေးမြို့နယ်နှင့် ပုဂံဒေသရှိ ညောင် ဦးမြို့နယ်များတွင် ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိ ရသည်'' ဟု ရေးသားထားသည်။ ဒါဆိုလျှင် စီမံကိန်းဟာ စနေပြီပေါ့။


တစ်နေရာမှာတော့ ''စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းလုပ်ဆောင်မယ်။ စီမံကိန်းကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလမှာ MoU ရေးထိုးခဲ့ပါတယ်။ ကာကွယ်ဆေးထိုးတဲ့နေရာမှာ မေ့ဆေး ပေးခြင်းမျိုးမဟုတ်ဘဲ ပြောင်း၊ ပိုက်ကွန်တို့အသုံးပြု ပြီး ဒီအတိုင်း ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ပါတယ်''လို့ ဆက်ရေးသားထားသေးသည်။ ခွေးချစ်သူတွေအတွက်လည်း စိုးရိမ်ပူပန်စရာမလိုတော့ပါ။ အမြန်ဆုံးအကောင်အထည်ဖော်ဖို့သာလိုပေ တော့သည်။ ''၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ နေပြည်တော်ကောင်စီနယ် မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ခွေးနှင့် ကြောင်များကို ခွေးရူးကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စစ်တမ်းအရ မြန်မာနိုင်ငံတွင် နှစ်စဉ် ခွေးရူးရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁ဝဝဝ ခန့်ရှိကြောင်း သိရသည်ဟု ဆက်လက်ရေး သားလေရာ ဘာကြောင့် မြန်မာတစ်ပြည်လုံးအတိုင်း အတာနှင့် ခွေးရူးကာကွယ်ဆေးက မထိုးနိုင်ကြတာလဲ ဟု စဉ်းစားနေမိသည်။


အထက်ပါနယ်မြေများမှ ကြွင်းကျန်သောနယ်များတွင်ရော ခွေးရူးကာကွယ်ဆေး မထိုးသင့်ဘူးလား။ ခွေးသည်လူနှင့်အလွန်နီးစပ်သောသတ္တဝါဖြစ်ပြီး လူ၏ ချစ်ခြင်းကိုအခံရဆုံးသော သတ္တဝါဖြစ်လေရာ လူ့ဘောင်လောကအတွက် ခွေးတွေမလိုအပ်၊ တစ် ကောင်မကျန် အဆိပ်ကျွေးသတ်ဟူသော တစ်ဖက်ပိတ်ဝါဒနှင့် မပြောဆိုလိုပါ။ သို့သော် ထိုနယ်မြေများအတွက် လည်း ထည့်သွင်းစဉ်းစားသင့်သည်ဟုထင်မိပါသည်။ WHO ၏ ရည်မှန်းချက်သည် ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူမရှိစေရန်ဟု ရည်မှန်းထားသည်ဆိုပါလျှင် တော ရော၊ မြို့ပါ နေရာအနှံ့ ထိထိရောက်ရောက် အကောင် အထည်ဖော်ဖို့တော့လိုပါသည်။ စီမံကိန်း..စီမံကိန်းနှင့် စီမံကိန်းဖြစ်ရုံကလေး အပေါ်ယံလုပ်သွားတာမျိုး မဟုတ်ဘဲ တကယ်အနှစ်သားပါပါဆောင်ရွက်ကြဖို့ မျှော်လင့်ပါသည်။


စီမံကိန်းမလာသေးမီစပ်ကြားမှာတော့ လမ်းသွားလျှင် သတိဆွဲပြီးသာ သွားပေရော့။ တစ်ကောင်ဟောင်လျှင် ဝိုင်းအုံဟောင်၊ တစ်ကောင်ကိုက်လျှင် ဝိုင်းအုံကိုက်ခဲ့သည့်ဘေးမှ ကိုယ့်နည်းကိုယ်ဟန်နှင့် လွတ် အောင်ရှောင်ပေရော့။ စီမံကိန်းစပြီဆိုလျှင်လည်း ရန်ကုန်စာရင်းထဲတွင် ဒဂုံမြို့သစ်မြောက်ပိုင်း၊ မဟာမြိုင် အိမ်ရာပါအောင် ဆုတောင်းရပေဦးမည်။ ကောင်ရေ တစ်သန်းထဲမှာပါအောင် ယခုကတည်းက ခွေးစာရင်းတို့ထားချင်ပါတော့သည်။ ။

မိချမ်းဝေ

#democracytoday

Rate this item
(0 votes)
back to top