HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

နောက် ကွယ် မှ ဇာတ် လမ်း များ

နောက် ကွယ် မှ ဇာတ် လမ်း များ

ရွှေ ကူ မေ နှင်း

မဟာဂီတမှာ ဂီတဖန်တီးမှုပြုလုပ်ရခြင်း အကြောင်းများရှိသလို ခေတ်ပေါ်လို့ခေါ်တဲ့ ကာလပေါ်အရပ်သီချင်းများမှာလည်း ဖန်တီးရခြင်းနောက်ကွယ်က ဇာတ်လမ်းများဟာ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ တေးဂီတအနုပညာဆိုတာ ခံစားမှုတွင်းက ပွင့်အံလာကြတာများပါတယ်။ ဒီလိုခံစားချက်ဖြစ်ခဲ့ရတဲ့အကြောင်းတွေကနေ အနုပညာပစ္စည်း များဖြစ်တည်ပြီး ပေါ်ထွက်လာတာမျိုးဆိုရင် ရသအနေနဲ့ အလွန်ထက်မြက်ပြီး စွဲလမ်းကြရတာမို့ ဂန္ထဝင်မြောက်ကြမြဲဖြစ်ပါတယ်။

လူကိုယ်တိုင်သိမီခဲ့တဲ့ ဂီတအဆိုတချို့ရဲ့ ဖွင့်ဟချက်အရ စိတ်ဝင်စားစရာတေးများကို သတိရမိပါတယ်။ 'အပြောချိုသာတဲ့ တယောကိုပါ'လို့ အပေါင်းအသင်းများက တင်စားပြောဆိုရတဲ့ တယောကိုပါကို ကျွန်မသိကျွမ်းခွင့်ရ ခဲ့တာကတော့ မြန်မာ့အသံမှာပါ။ ၁၉၇၁ ခုနှစ် ဇန်နဝါရီလမှာ ကျွန်မဟာ ကချင်ပြည်နယ်မှာ အထက်တန်းပြဆရာမလုပ်နေရာကနေ ကျောင်းအုပ်ရာထူးကို မယူဘဲ လစာတူရာထူးနဲ့ မြန်မာ့အသံကို ပြောင်းခဲ့တယ်။ အဲဒီအချိန်က အသံလွှင့်ကြေညာသူ(အနောင်ဇာ)ကို တိုက်ရိုက်ခေါ်လေ့မရှိဘူး။ နီးစပ်ရာနဲ့ပဲ ဝင်ကြတာပါ။ အနောင်ဇာဆိုတာ များများလည်း မလိုဘူးလေ။ အသံလွှင့်ချိန်ကလည်း နည်းသေးတယ်။ ကျွန်မ မြန်မာ့အသံမှာရှိပြီး သူငယ်ချင်း တွေကို အားကျပြီး အသံလွှင့်သမားလုပ်ချင်ခဲ့တာ။ အသံလွှင့်ဖို့ လူမလိုသေးတော့ လောလော ဆယ်ခေါ်တဲ့ 'သုတေသနလက်ထောက်' ရာထူး ကိုပဲလျှောက်ပြီး အင်တာဗျူးအဆင့်ဆင့်နဲ့ မြန်မာ့အသံကို ရောက်ခဲ့ခြင်းဖြစ်ပါတယ်။

သောတရှင်သုတေသနဌာနစိတ်ဆိုတာကလည်း စုစုပေါင်းမှ လေးယောက်ပဲရှိတယ်။ မြန်မာ့အသံအပေါ် သောတရှင်များရဲ့ ထင်မြင်ချက်ကို သုတေသနလုပ်ရတာပါ။ အဲသလို လူလေးယောက်ပဲရှိတဲ့ ဌာနစိတ်မို့ သီးခြား ရုံးခန်းမထားဘဲ အုပ်ချုပ်ရေးဌာနလက်အောက်မှာထားခဲ့တယ်။ အဲဒီမှာ စာရေးကြီးအဖြစ် (အလုပ်များများမရှိတဲ့) ဂီတစာဆို တယောကိုပါနဲ့ အနီးကပ်ဆုံခဲ့တာပါ။ အဲဒီအချိန်မှာ သူက ဂီတရေးဖွဲ့သူလည်း မဟုတ်တော့ဘူး။ ဂီတဌာနစိတ်မှာလည်း ခန့်ထားခြင်းမဟုတ်ဘူး။ လူကြီးလည်း ဖြစ်နေပြီ၊ ပင်စင်နီးနေပြီ၊ ဆံပင်ဖြူဖွေးနေပြီ။ သူ့ဘာသာ သီးသန့်ပဲနေတယ်။ စကားနည်းတယ်။ ဒါပေမဲ့ ဂီတအကြောင်း ပြောရရင်တော့ ရှေးဟောင်း နှောင်းဖြစ်တွေ၊ အများကြီးပြောပြတတ်တယ်။ သူ့ဆီက ဂီတနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးကြားခဲ့ရတာပါ။ (ဥပမာ-အဲဒီအချိန်မှာ တီးဝိုင်းခေါင်းဆောင်ဆိုပြီး ငွေရွှင်နေတဲ့လူ တစ်ယောက်ဟာ တစ်ခါက တစ်နေ့မှ ငါးကျပ်ရတဲ့ လေမှုတ်တူရိယာ မှုတ်ရကြောင်း၊ ဘယ်တီးဝိုင်းခေါင်းဆောင်က ဘယ်အဆိုတော်မလေးကို ခြေတော်တင်ကြောင်း စသဖြင့်)


အဲဒီမှာ 'ပုံပမာ'အကြောင်း ကျွန်မ မေး ဖြစ်ခဲ့ပါတယ်။ ကိုမင်းသူ သီဆိုဓာတ်ပြားသွင်းခဲ့တဲ့ ပုံပမာသီချင်းဟာ တယောကိုပါရေးတဲ့ သီချင်းပါ။ ဓာတ်ပြားခေတ်က လော်စပီကာသမားတိုင်း ဖွင့်ကြတာမို့ တောရောမြို့ပါ လူကြိုက်များခဲ့တဲ့သီချင်းပါပဲ။ အလွမ်းသီချင်းဆိုပေမယ့် သုံးထားတဲ့စာသားနဲ့ ထည့်ထားတဲ့သံစဉ်က အလွန်ထူးခြားတယ်။ ရင်နင့်အောင် ခံစားရစေပါတယ်။ အဲဒီသီချင်းကို ပါပါကြီး ဘယ်လိုရေးခဲ့လဲလို့ မေးခဲ့တယ်။(သူ့ကို တစ်ရုံးလုံးက ပါပါကြီးလို့ ခေါ်ကြတာပါ။ သူက လူပျိုကြီးလည်းဖြစ်တယ်။) ပါပါကြီးက ဒီမေးခွန်းကို ချက်ချင်းမဖြေဘူး။ ဖြူဖွေးနေတဲ့ဆံနွယ်တွေကို သပ်တင်ရင်း မှိုင်းမှုန်နေတဲ့မျက်လုံးတွေကို မှေးပြီး ပြတင်း ပေါက်ကတစ်ဆင့် အပြင်မိုးကောင်းကင်ကို ငေးတယ်။ အပြင်မိုးကောင်းကင်မှာလည်း မိုးရိပ်တွေညှို့နေတာနဲ့ ကြုံတယ်။ ကျွန်မတို့က 'မိုးတွေညှို့ရင်xxမျက်ရည် စို့တယ်'ဆိုတဲ့အပိုဒ်ကို ဆိုနေကျမို့ ဒီပုံပမာကို သတိရနေတာပါ။ အခု ပုံပမာရဲ့ မူလပိုင်ရှင်ကို အနီးကပ်တွေ့နေရပြီလေ။ ပုံပမာကို ဖန်ဆင်းတဲ့ ပါပါကြီး ဘာပြောမလဲ။


သီချင်းက စစချင်းမှာကိုပဲ လွမ်းရတာပါ။

'ရွှေပင်လယ် xxx ရေပြင်ကျယ် xx ခရီးရယ် x မနီးတယ်xကွာဝေးပါလို့ x တစ်ကျွန်း တစ်နယ်စီခြားပေါ့ xx သူဇာမေရယ် xxx

ခြေဆင်းအပိုဒ်မှာတင် အလွမ်းတွေနင့်နေပါပြီ။ ရွှေပင်လယ်ကာဆီးလို့ တစ်ကျွန်းတစ်နယ်စီ ဝေးရပြီလို့ ဖွဲ့လိုက်တဲ့စာသားက သိပ်မထူးခြားလှသည့်တိုင် သုံးထားတဲ့ 'သံစဉ်'က ထူးခြားလေးနက်လှပါတယ်။ ဒီနေရာမှာ အသံသြဇာပြည့်ဝတဲ့ အမျိုးသားသံကြီးကလည်း သီချင်းကို ပိုပြီးနက်နဲစေပါတယ်။ ပေါ့ပေါ့လျှံလျှံမဟုတ်ပါ။

'ဖြေမပြေနိုင်ဘဲ xx ကြွေလုသည်း ငယ် xx မေတ္တာတောင်းဆု x ချစ်မှုပိုခဲ့တယ် x လမင်းရောင်ခြယ် xx ငွေအဆင်းပုံနှယ် xx သာ ယာသာယာ ကြည်လွန်းလှတယ် xx အဲဒီအချိန်ဝယ် xx မောင့်အနားမှာ ခင်လေးထိုင်လို့ရယ် xx တီတီတာတာ ပြောတတ်ရှာသေးတယ် xx မှတ်မိလေသလားကွယ် xx ချစ်ကျမ်းတွေကို ရွတ်ဆိုကာရယ် xx ခုတိုင်ပင် မြင်မြင်ယောင် သေးတော့တယ် xx တစ်နေ့မှလည်း မေ့ပါဘူး မေရယ် xx'

ဒီနေရာမှာ ကြားဖြတ်ပြောရရင် ရှေးတုန်းက သမီးရည်းစားတွေဟာ ခုခေတ်လို ဗြောင်ကျကျ တွဲခွင့်ရကြတာမဟုတ်ပါဘူး။ လူကြီးမိဘမသိအောင် ခိုးတွေ့ကြရတာပါ။ ခိုးတွေ့တယ်ဆိုတော့ အများအားဖြင့် မိဘတွေ အိပ် ပျော်နေတဲ့ 'ည'အခါဖြစ်လေ့ရှိတယ်။ လူခြေကလည်းတိတ်၊ လကလေးကလည်းသာ၊ အလွန် အေးချမ်းတဲ့ညမျိုးမှာ မိန်းကလေးအိမ်ရှိရာ ခြံထဲသစ်ပင်အောက်တွေဟာ ချစ်သူချင်း တွေ့ လေ့ရှိတဲ့နေရာတွေပေါ့။ လူမမြင်အောင်ကွယ်ရင်း၊ လူမကြားအောင် စကားတိုးတိုးဆိုကြရတာဟာ ဧရာမစွန့်စားခန်းကြီးပဲ။ ခဏတာ တွေ့ရတဲ့ ရှားပါးအခွင့်အရေးပါ။ ဒီလိုညမျိုးကို ဆရာမြို့မငြိမ်းက 'နှစ်ယောက်တည်း' သီချင်းမှာ သရုပ်ဖော်ထားတာ တွေ့နိုင်ပါတယ်။ တယောကိုပါကလည်း ခုလိုညမျိုးမှာ ချစ်သူနဲ့ အချစ်ကျမ်းတွေ တိုင်တည်ခဲ့ပုံကို လှလှကြီးဖွဲ့ခဲ့တာ ဖြစ်ပါတယ်။


ဒီနေရာမှာ ပါပါကြီးက 'စန္ဒကိန္နရီဇာတ်' ကို ပုံစံနမူနာ(ပုံပမာ)ယူပြီး ပြောပါတယ်။ ကိန္နရီနဲ့ကိန္နရာမောင်နှံတို့ဟာ ချစ်ခင်ပျော်မြူး နေဆဲ မိုးမုန်တိုင်းကြီးကျလာတော့ လန့်ပျံကြရင်း တစ်ကွဲစီဖြစ်သွားတယ်။ တစ်ညလုံး မိုးသည်းထဲမှာ ကွဲကွာနေခဲ့တယ်။ မိုးလင်းတော့မှ မိုးလေကင်းစင်ပြီး ကြည်လင်သာယာတဲ့အခါ အသက်မသေပြန်တွေ့ကြတော့ တစ်ညလုံး ကွဲခဲ့ရလေခြင်းရယ်လို့ ငိုလိုက်ကြတာ..နှစ် ပေါင်း ၇ဝဝ တောင် ကြာသတဲ့။ ဒါကို ပါပါကြီးက နမူနာဖွဲ့ပြီး ထူးထူးခြားခြားဖွဲ့လိုက်တာက သူတို့က တစ်ညလွဲတာကိုတောင် နှစ်ပေါင်း ၇ဝဝ ဆွေးရသတဲ့။ မောင့်မှာတော့ မေနဲ့ဝေး ခဲ့ရတာ ကြာပါပြီကောကွယ် (၇ဝဝ မက ဆွေးရမယ်)ဒီတစ်ချက်နဲ့ သီချင်းဟာ အသက်ဝင်သွားခဲ့တာဖြစ်ပါတယ်။


'ယုံပါခင်ရယ် x ပုံပမာတင်ပြမယ် x ဟို ရှေးခါဝယ် x တောမြိုင်ကြီးဝယ် x စန္ဒကိန္နရီမောင်မယ် x ချစ်ရည်လူးလို့ ကြည်နူးကြစဉ်ဝယ် xx လေပြင်းမုန်တိုင်း x မဆိုင်းအမြန်တကယ် xx တိုက်ခတ်ပါလို့ရယ် xx တောတောင်ထဲဝယ်  xx ထိုမောင်နှံနှစ်သွယ် xx တကယ်ပင် ဝေးကွာ သွားကြတယ် xx လွမ်းအားတွေလည်းကြွယ် xx  တစ်ညလွဲတာကိုပင် x ရက်ပေါင်း ၇ဝဝ ဆွေး ရတယ်တဲ့ xx  မောင့်မှာ ခင်နဲ့ဝေးခဲ့တာဖြင့် ကြာပါပြီကောကွယ် xx မိုးတွေညှို့ရင် x မျက်ရည်စို့တယ်xမျှော်မှန်းကာလည်း မောင့်မှာ တဝဲလည်လည် xx

သီချင်းက မျက်ရည်တွေ ချွေချနိုင်ခဲ့ပါတယ်။ သီချင်းဖန်တီးရှင် ပါပါကြီးရော မျက်ရည်တွေနဲ့ပဲလား။ ပါပါကြီးက..(တခြားလူတွေ ကိုတော့ ပြော မပြောမသိ။ ကျွန်မကိုတော့ စာရေးဆရာမို့ဆိုပြီး ပြောပြခဲ့ပါတယ်) သူငယ်ငယ်က..။ ဧရာဝတီတိုင်းမြို့ကလေးမှာ။ လူငယ်သဘာဝ ချစ်သူရှိခဲ့တယ်။ ဂီတသမားကို မိန်းကလေးမိဘများက သဘောမတူ။ ဒီအခါ..ထင်းလှေ(ဧရာဝတီ တိုင်းက မြစ်ချောင်းတွေထဲမှာ ထင်းတွေတင်ပြီး လျှောက်ပို့တဲ့လှေသမ္ဗန်ကြီး) အဲဒီထင်း လှေနဲ့ခိုးပြေးခဲ့ကြသတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်းပေါ့လေ။ လူကြီးတွေ သိသွားပြီး နောက်ကနေ လှေနဲ့လိုက်သတဲ့။ အဲဒီအချိန်မှာ မိုးတွေသည်း နေတယ်။ ထင်းလှေရဲ့ ပေါင်းမိုးကြီးထဲ နှစ် ယောက်အတူပုန်းပြီး လိုက်ခဲ့ကြပေမယ့် လိုက်လာတဲ့လှေက မီလာပြီး မိသွားပါတယ်။ ကောင် မလေးကို အတင်းဆွဲခေါ်သွားခဲ့တယ်။ ဘာတတ်နိုင်သလဲ။ ဘာမှမတတ်နိုင်ဘူး။


အသားဖြူဖြူ၊ အရပ်ပျပ်ပျပ်၊ ပိန်ပိန်ပါးပါး၊ ဂီတကိုပဲ ဖက်တွယ်တဲ့ တယောသမားလေးဟာ မိုးတွေသည်းလာမှာကို ကြောက်တယ်။ မိုးတွေ ညှို့လာရင် မျက်ရည်စို့တယ်။ ဝေးသွား လိုက်ကြတာ ကြာခဲ့ပေါ့။ ကိန္နရီ ကိန္နရာက တစ်ညကွဲတာကို ရက် ပေါင်း ၇ဝဝ ဆွေးတယ်ဆိုတော့ မောင့်အဖြစ် ကို တွေးကြည့်ပါတော့..လို့ ငိုကြွေးရင်း ပုံပမာဆိုတဲ့ တေးတစ်ပုဒ် သွန်ကျလာခဲ့ပါသတဲ့။ 'မောင့်မှာ ခင်နဲ့ဝေးခဲ့တာဖြင့် ကြာပါပြီကောကွယ်' ဆိုတဲ့စာသားဟာ ပါပါကြီးနှလုံးသားပါ။ ပါပါကြီးက ပြောဖူးတယ်။ ဒီနိုင်ငံမှာ သီချင်းတစ်ပုဒ် နာမည်ကြီးရင် အဆိုတော် ကြောင့်လို့ ထင်ကြတယ်။ သူများနိုင်ငံက ဒီလို မဟုတ်ဘူး။ သီချင်းတစ်ပုဒ် နာမည်ကြီးလာရင် Who is the composer ? စပ်တဲ့လူ ဘယ်သူလဲလို့ မေးကြတာတဲ့။ ရေးစပ်သူက ရင်နဲ့ဖွဲ့ခဲ့ရ တာကိုး။ ပုံပမာကို သီဆိုတဲ့ ကိုမင်းသူက ၉၃ နှစ် အရွယ်ကျမှ ဆုံးသွားတယ်။ ပါပါကြီး ဆုံးတာကတော့ ကြာပါပြီကောကွယ်။

 

ရွှေ ကူ မေ နှင်း

#theyangontimes

Rate this item
(0 votes)
back to top