HIGHLIGHT NEWS
Main menu

Article [-- ဆောင်းပါများ ကဏ္ဍ --]

ဝါးရုံပင်ပေါ်က လူများ  

ဝါးရုံပင်ပေါ်က လူများ   

မှူးအိမ်ဇင်

''ပျင်းသောသူ အတတ်ပညာမရနိုင်
အတတ်ပညာမရှိသောသူ ဥစ္စာမရနိုင်
ဥစ္စာမရှိသောသူ မိတ်ဆွေမရနိုင်
မိတ်ဆွေမရှိသောသူ ချမ်းသာမရနိုင်''

လောကနီတိက အထက်ပါအတိုင်း ဆိုထား၏။ ရှင်းပြစရာ မလိုအပ်အောင်ပင် ပြီး ပြည့်စုံသောအဆိုအမိန့် အဆုံးအမတရား ဖြစ်၏။ ယနေ့ လူ့အသိုင်းအဝိုင်းတွင် ချမ်းသာသူနှင့် ဆင်းရဲသူဟူသော လူတန်းစားနှစ်ရပ် ဖြစ်တည်နေ၏။ ချမ်းသာခြင်း ဆင်းရဲခြင်းသည် ကံကံ၏အကျိုးဆက်များကြောင့်ဟု လူပြိန်း တွေးတွေးမည်ဆိုလျှင်တော့ အဖြေတစ်ခုက ရလာနိုင်စရာအကြောင်း မရှိပေ။ အချို့လူများ ဘာကြောင့်ဆင်းရဲနေကြသနည်း။ ဇွဲ၊ လုံ့လ၊ ဝီရိယနည်းကြ၍ ဆင်းရဲသည်ဟုပင် ဆိုရပေမည်။ ယင်းတို့သည် ပျင်းရိသူများလည်းဖြစ်၏။ အချိန်ကို ကောင်းမွန်စွာ အသုံးမချတတ်သူများလည်း ဖြစ်၏။ မိမိတတ် အပ်ထားသော ပညာအတတ်ပညာနှင့် ဆီလျော် ခြင်းမရှိသည့်အလုပ်ကို ရွေးချယ်လုပ်ကိုင်မိ၍ လည်း ဖြစ်ပေ၏။ ¤င်းအပြင် အပျော်အပါး အသောက်အစား ခုံမင်သူများလည်း ဖြစ်နိုင် ပေ၏။

အချို့လူများ အဘယ်ကြောင့် ချမ်းသာ နေကြသနည်း။ လောကတွင် အဆင်ပြေပြေ နေထိုင်ကြသနည်း။ ¤င်းတို့သည် ဇွဲ၊ လုံ့လ၊ ဝီရိယကို အချိန်တိုင်း အချိုးညီစွာအသုံးချခဲ့ ၍ဖြစ်၏။ အကြိမ်တစ်ရာမြောက် ဆုံးရှုံးသွား သည့်တိုင် တစ်ရာ့တစ်ကြိမ်မြောက် ကြိုးစား ရန် အားစိုက်ပြင်ဆင်ထားသူများဖြစ်ကြသည်။ လောကဓံလှိုင်းကြီးသော်လည်း စိတ်မပျက်၊ ဘဝလှေကို မှန်မှန်လှော်ခတ်သွားကြသူများ ဖြစ်ကြသည်။ လှိုင်းကြီးလှေအောက်ဟူသော ဘဝအဓိပ္ပာယ်ကို နားလည်ကြသူများဖြစ်ကြ၏။ လူ့ဘဝတွင် အချိန်သည် တန်ဖိုးအရှိဆုံး အရာတစ်ခုဖြစ်၏။ ငယ်ရွယ်စဉ်တွင် အချိန်၏ တန်ဖိုးရှိပုံ နိယာမ ကျေညက်ကြမည်မဟုတ် သော်လည်း အသက်အရွယ် ကြီးရင့်လာလေ လေ အချိန်သည် ရွှေငွေဥစ္စာနှင့် လဲ၍မရနိုင် အောင် တန်ဖိုးရှိမှန်း သိလာကြ၏။ အချိန် သည် စီးဆင်းနေသော မြစ်တစ်စင်းပမာဖြစ် ၏။ ယနေ့ စီးဆင်းသွားသော မြစ်ရေသည် နောက်တစ်နေ့တွင် ထိုနေရာတွင်မရှိတော့သည် ကို ကောင်းစွာသဘောပေါက်ရမည် ဖြစ်၏။


'အသုံးမပြုသောသံသည် သံချေးတက်၏။ ရေစီးရေဝင်မရှိသောရေသည် သန့်ရှင်းမှု ကင်း၏။ ထိုနည်းတူစွာ ထကြွနိုးကြားမှုမရှိသော စိတ်စွမ်းအင်သည် ကုန်ခန်းသွားတတ်၏''ဟု လီယိုနာဒိုဒါဗင်ချီက ဆိုထားခဲ့ဖူး၏။ လူရယ်ဟုဖြစ်လာလျှင် အသုံးမတည့် သောနေရာမရှိ၊ ၎င်းအတွက် အသုံးတည့်သော နေရာတစ်ခုရှိမည်၊ မရွေးချယ်တတ်၍ဖြစ်မည်၊ မလုပ်ချင်၍သာဖြစ်မည်။ တံငါသည် ရေတွင်ကျွမ်း၏၊ မုဆိုးသည် တောတွင်ကျင်လည်၏။ တံငါသည် သူ့အတတ် ပညာဖြင့် ငါးပွက်ရာ ငါးစာချနိုင်စွမ်းရှိ၏။ ရေ တက်ရေကျ ရေစီးရေလာကို ချိန်ဆ၍ မည်သည့်နေရာ ကွန်ချက်ပစ်လျှင် ပိုက်တားလျှင် ငါးကြီးငါးကောင်းရနိုင်သည်ကို ခန့်မှန်းတတ်၏။ မုဆိုးသည်လည်း မည်သည့်ရာသီ မည်သည့်တောတွင် အဘယ်ကဲ့သို့သားကောင်မျိုး ကို ဖမ်းဆီးရနိုင်စွမ်းသည်ကို တွက်ဆနိုင်စွမ်း ရှိ၏။


ယနေ့ခေတ်လူငယ်များသည် မိမိတွင် မည်သို့သောဝါသနာပါရမီရှိသည်ကို မတွက်ဆတတ်၍လားမသိ။ အချို့ပညာတတ်လူငယ် လေးများ အလုပ်သုံးလေးခု၊ ကုမ္ပဏီသုံးလေးခု စသဖြင့် အချိန်တိုအတွင်း ပြောင်းရွှေ့လုပ်ကြသည်ကို မြင်ဖူး၏။ သို့သော် အချို့အချိန်များ သာ ကြွေပဲ့သွား၏ အထာကမကျဖြစ်ကြ၏။ ဤသို့ဖြစ်ရခြင်းသည် ခေတ်စနစ်အရ စားဝတ်နေရေးကို ပိုမိုဖြေရှင်းနိုင်ရန်ဟူသော စိတ်များရှိကောင်းရှိမည်။ သို့မဟုတ် အလုပ် တစ်ခုကို စွဲစွဲမြဲမြဲမလုပ်ချင်ဘဲ ဟိုခုန်သည်ခုန်ချင်သည့်စိတ် ရှိကောင်းရှိမည်ဖြစ်၏။ လက်ရှိ လုပ်နေသောအလုပ်က လစာနည်း၍ လစာများ သောအလုပ်သို့ ငွေရေးကြေးရေးကိုကြည့်၍ သွားလုပ်သည်လည်းရှိ၏။ လက်ရှိစက်ရုံထက် နောက်လုပ်မည့်စက်ရုံက အလုပ်သက်သာ၍ လည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် သိပ် မကြာမီပင် နောက်အလုပ်တစ်ခု၊ စက်ရုံတစ်ခု သို့ ပြောင်းရွှေ့သွားကြပြန်သည်။ အချိန်များ သာ ကုန်ဆုံးသွား၏ ဘဝက အနည်မထိုင်ကြ။


မည်သည့်အရာမဆို ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်ဆိုသည့်အတိုင်း ကျင့်ကြံသင့် ၏။ ယင်းအတိုင်း ကျင့်ကြံ၍ အောင်မြင်သွား သည့်သာဓကတစ်ခုကို ပြောပြချင်ပါ၏။ တစ်ခါက ဗာရာဏသီပြည်တွင် အတတ် ပညာမျိုးစုံတတ်ကျွမ်းသော ဆရာကြီးတစ်ဦး ရှိ၏။ ဆရာကြီးထံသို့ အနယ်နယ်အရပ်ရပ်မှ တပည့်များ လာရောက်ပညာသင်ကြ၏။ တပည့်များထဲမှ ဥာဏ်ရည်အနိမ့်အမြင့်အလိုက် ဥာဏ်ရည်ပြည့်ဝသူကို အတတ်ပညာလေးငါးမျိုး စသဖြင့်သင်ကြားပေးပြီး ဥာဏ်ရည်နိမ့်ပါးသူကို အတတ်ပညာတစ်မျိုးလောက်သာ သင် ပေး၏။ တပည့်များထဲတွင် ဥာဏ်ရည်မြင့်သူ အများအပြားပါလာရာ အတတ်ပညာ လေးမျိုး ငါးမျိုးစီ သင်ကြားပေးပြီး တစ်ဦးတည်း ပါဝင်လာသော ဥာဏ်ရည်နိမ့်သူကိုဖြင့် အိုးလုပ်နည်း ပညာတစ်ခုသာ သင်ကြားပေးပြီး နေရပ်အသီး သီးတွင် သက်မွေးဝမ်းကျောင်း လုပ်ကိုင်စေ၏။


ဤတွင် ပညာလေးမျိုး၊ ငါးမျိုးတတ်မြောက် သွားသောတပည့်များသည် ဟိုပညာဖြင့် ကြီး ပွားမလိုလို သည်ပညာဖြင့် ကြီးပွားမလိုလိုလုပ် ရင်းဖြင့် အချိန်ကုန်ပြီး ယောင်ခြောက်ဆယ် ဘဝဖြင့်သာ စီးပွားမဖြစ်ကြပေ။ အိုးလုပ်ငန်းအတတ်ပညာတစ်ခုတည်း သာ သင်ကြားတတ်မြောက်သွားသည့် တစ်ဦး တည်းသောတပည့်သည်ကား ကြိုးစား၏။ ဝီရိယရှိ၏၊ ယင်းကြောင့် လှပခိုင်ခံ့ပြီး ဈေးကွက် ဝင်သော၊ လှပဆန်းသစ်သောအိုးများကို ထုတ် လုပ်နိုင်ခဲ့၏။ နောင်အခါ အိုးလုပ်ငန်းဖြင့် ချမ်း သာကြွယ်ဝသောလုပ်ငန်းရှင်သူဌေးကြီးဘဝ ရောက်သွားလေ၏။


ထိုအခါ အတတ်ပညာ လေးမျိုးငါးမျိုး သင်ကြားသွားသောတပည့်များ ဆရာကြီးထံ ရောက်လာကြပြီး ပညာတစ်မျိုးသာ သင်ကြား တတ်မြောက်သူက ကြီးပွားနေပြီး သူတို့ကျ ဘာကြောင့် မကြီးပွား၊ မချမ်းသာရသလဲ မေး ခွန်းထုတ်ကြ၏။ ထိုအခါ ဆရာကြီးက တပည့်တစ်ဦးကို ဝါးရုံပင်ပေါ်တက်စေပြီး ကျန်သူများအား ကြည့်စေ၏။ ယင်းနောက် အောက်မှနေ၍ ဝါးရုံကို ဝိုင်းဝန်းလှုပ်ကြစေ၏။ ဝါးရုံပင်ထက်မှ တပည့်သည် အောက်ကိုကျမည်စိုး၍ ဟို ဝါးပင်ဆွဲဖယ် သည်ဝါးပင်ဆွဲဖယ်ဖြင့် ဆောက် တည်ရာမရ ဖြစ်နေ၏။ နောက်ဆုံးမှ အသိ တစ်ခုဝင်ကာ ဝါးပင်ကြီးတစ်ပင်အား အမိအရ ဖမ်းဆုပ်ထားမှ ဖြစ်ခြေတော့မည်ဟု တွေးမိ ကာ ဝါးပင်ကြီးတစ်ပင်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်ထားမှ အောက်သို့ကျမည့်အန္တရာယ် က လွတ်မြောက်သွားလေ၏။


ထိုအခါမှ ဆရာကြီးသည် ဝါးရုံပင်ပေါ်မှတပည့်အား အောက်သို့ဆင်းစေပြီး ''မင်းတို့ ဘာကြောင့် မကြီးပွားမချမ်းသာသလဲဆိုတာ သဘောပေါက်ကြပြီလား''ဟု မေးလေ၏။ ယင်းအခါ တပည့်များသည် ဟိုစပ်စပ်သည်စပ်စပ် အသုံးမချဘဲ မိမိနှင့်အလိုက်ဖက်ဆုံး၊ ဝါသနာ အပါဆုံး၊ အဆင်ပြေဆုံးဖြစ်စေမည့် အတတ်ပညာကိုသာ စွဲစွဲမြဲမြဲအသုံးချမှ ကြီးပွားချမ်း သာလာမည်ကို သဘောပေါက် သိရှိသွားကြ လေ၏။ လောကတွင် လူတိုင်း လိုအင်ဟူသမျှ ပြည့်ဝသည်မှာ ရှား၏။ ယနေ့လူငယ်များ အချိန်အလေအလွင့်မရှိစေရန် ဝါသနာပါရာ တတ်ကျွမ်းရာပညာကို တစိုက်မတ်မတ်လုပ် သင့်၏။ လုပ်သည့်အခါလည်း လက်တွေ့ကျ ရန် လိုအပ်၏။ ဗျာများမနေသင့် တွေဝေမနေ သင့်ပေ။


ယင်းနည်းတူ ပညာရေး၊ နိုင်ငံရေး၊ လူမှု ရေးနယ်ပယ်အသီးသီးတွင်လည်း ကျင့်သုံးသင့်၏။ စီမံခန့်ခွဲမှုအလုပ်တစ်ခုကို ဦးစီးလုပ် ကိုင်ကြမည်ဆိုလျှင် မိမိကိုယ်တိုင် တတ်ကျွမ်းရန်လို၏။ အကြောင်းတော်လို့ တောင်ပေါ် ရေစီးသလို ငရုတ်သီးခူးရာကနေ မင်းလောင်း တင်မြှောက်ခံရသူလိုမျိုး မဖြစ်သင့်၊ ဖြစ်လာခွင့် ရှိ၏။ သို့သော် ဖြစ်လာပြီဆိုလျှင် မိမိ၏လုပ်ငန်းကို ကျွမ်းကျင်ရန်လို၏။ ဟိုလူပြောသည်လူပြော နားယောင်ပြီး စမ်းတဝါးဝါး မလုပ်သင့်။ စီမံခန့်ခွဲခံရသည့် လက်အောက်ခံ ဝန်ထမ်းများ နစ်နာမှုရှိသကဲ့သို့ မိမိကိုယ်တိုင် လည်း ဒုက္ခလှိုင်းလုံးကြီးများအောက်တွင် ပိသွားနိုင်မည်ကို သဘောပေါက်စေလို၏။ သို့မှသာ အောင်မြင်သော အနာဂတ်တစ်ခုကို လင်းလက်စွာ အတူတကွ မြင်တွေ့နိုင်မည် ဖြစ်လေ၏။ 

မှူးအိမ်ဇင်

 #theyangontimes

Rate this item
(0 votes)
back to top